မတ် ၅ – ၂၀၂၆
SS (VOM)
ဗြိတိန်နိုင်ငံရဲ့ ပညာရေးဗီဇာ ရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ တရားဝင် ဗီဇာလျှောက်ထားဆဲနဲ့ အသစ်လျှောက်ထားမယ့် မြန်မာ ကျောင်းသားတွေအနေနဲ့ ယူကေတက္ကသိုလ်တွေက ထုတ်ပြန်လာမယ့် နောက်ဆုံးအခြေအနေကို စောင့်ကြည့်စေလိုတယ်လို့ နိုင်ငံတကာ ကျောင်းတွေအတွက် ပညာရေးဝန်ဆောင်မှု ပေးနေသူတွေက ပြောပါတယ်။
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံတို့မှ ကျောင်းသားတွေအတွက် ဗြိတိန်ရဲ့ ကျောင်းသားဗီဇာ (Student Visa) ထုတ်ပေးမှုကို အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့ကစပြီး ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ယူကေ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဗီဇာအလွဲသုံးစားပြုမှုတွေ ကျယ်ပြန့်လာတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ရွှေ့ပြောင်း အခြေချသူတွေဟာ အဲဒီဗီဇာတွေကို ဗြိတိန်နိုင်ငံထဲ ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတခုအဖြစ် အသုံးချကာ ပြည်တွင်းမှာ ဒုက္ခသည်အဖြစ် လျှောက်ထားပြီး အမြဲတမ်း နေထိုင်ကြတယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က ပြောကြားထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်ပကျောင်းတွေမှာ တက်ရောက်မယ့်သူတွေအတွက် ပညာရေး ဝန်ဆောင်မှုပေးနေသူ တယောက်က “ကျွန်မတို့ ဒီနေ့မှာ ကျောင်းတွေနဲ့ စကားပြောကြည့်တော့ ကျောင်းတွေအနေနဲ့လည်း ဒီအခြေအနေကို တပတ်၊ နှစ်ပတ်လောက် စောင့်ကြည့်ပြီးမှ Application တွေ ပြန်ဆွဲတာတွေ၊ ကျောင်းတွေကနေ rescind ပြန်တောင်းတာတွေ၊ ဒါမျိုးတွေ လုပ်ဖို့ကို စဉ်းစားထားပါတယ်။ ပြီးတော့ အခုထုတ်လိုက်တဲ့ သတင်းဟာလည်း တကယ်တမ်း law information ဖြစ်တဲ့အတွက်ကြောင့်မို့ ယူကေက ကျောင်းတွေအနေနဲ့လည်း information အတိအကျ မပေးနိုင်သေးဘူးပေါ့။ အဲဒီတော့ တပတ်ဖြစ်စေ၊ နှစ်ပတ်ဖြစ်စေ ခဏစောင့်ပြီးတော့မှ ဒီအခြေအနေကို အပြောင်းအလဲ လုပ်ဖို့ကို ကျောင်းတွေကတော့ informed လုပ်ထားတယ်။ သူတို့ဘက်က ထုတ်ပြန်လာမယ့် အခြေအနေကိုပဲ ခဏ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ လက်ရှိ ဆုံးဖြတ်ချက်ဟာ ယူကေမှာ ပညာသင်ယူဖို့ စီစဉ်ထားတဲ့ မြန်မာကျောင်းသား အသစ်တွေအတွက် လျှောက်ထားခွင့် ယာယီပိတ်ပင်မှာ ဖြစ်ပေမယ့်လည်း လက်ရှိ ယူကေမှာ တက်ရောက်နေသူတွေအပေါ် သက်ရောက်မှု မရှိသေးဘူးလို့ သူက ပြောပါတယ်။
“လတ်တလော အခြေအနေအရတော့ US ဆိုရင်လည်း ကျောင်းတက်နေဆဲ ကျောင်းသားတွေ၊ ဗီဇာရပြီးသား ကျောင်းသားတွေအတွက် အကျိုးသက်ရောက်မှု သိပ်မဖြစ်ဘူး။ UK ဆိုရင်လည်း အဲဒီလိုပါပဲ။ ဒါပေမယ့် ကိုယ့်အနေနဲ့တော့ နိုင်ငံအပြင်ထွက်ပြီး ဗီဇာထပ်လျှောက်တဲ့ အလုပ်တွေကိုတော့ မလုပ်ဖို့လိုတယ်။ UK မှာပဲနေပြီး တက်လက်စရှိတဲ့ ကျောင်းမှာပဲ ကိုယ်က ဆက်ပြီးတက်တာကတော့ ဗီဇာအတွက်တော့ ပိုပြီး စိတ်ချရတယ်” လို့ သူက ပြောပါတယ်။
ဒီရပ်ဆိုင်းမှုကြောင့် ယူကေတက္ကသိုလ်တွေဆီ လျှောက်ထားဆဲနဲ့ ပညာသင်သွားဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေသလို ယူကေရောက် မြန်မာကျောင်းသားတွေ အနေနဲ့လည်း ဗီဇာသက်တမ်း တိုးနဲ့ ပတ်သက်ပြီး များစွာ စိုးရိမ်နေကြတယ် သိရပါတယ်။
“ကျောင်းသွားတက်ဖို့အတွက် Application တွေ run ထား၊ အကုန်လုံး ပြင်ဆင်ထားပြီးသား။ ကျောင်းလခလည်း သွင်းထားပြီးပြီ။ ဒါပေမယ့် အခုအခြေအနေက ဘာဆက်လုပ်ရမှန်း မသိသေးဘူး။ တခြားနိုင်ငံကိုပဲ သွားရမလားပေါ့။ လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ မရရင်တော့လည်း တခြားနိုင်ငံကိုပဲ ကြိုးစားကြည့်ရမှာပါ။ ကျောင်းဘက်ကလည်း တခြားရွေးချယ်စရာ လမ်းကြောင်းတွေ အများကြီး ရှိသေးတယ်ပြောထားတော့ စိုးရိမ်စိတ်ကတော့ အများကြီးတော့ မရှိပါဘူး” လို့ ယူကေနိုင်ငံမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေသူ တယောက်က ပြောပါတယ်။
လက်ရှိ ဗြိတိန်နိုင်ငံရဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်ပနိုင်ငံရှိ တက္ကသိုလ်ကျောင်းတွေအတွက် Education Services ပေးနေတဲ့ ပြည်တွင်းက ကျောင်းတွေအနေနဲ့ ယူကေက ကျောင်းတွေအတွက် ကျောင်းတက်ဖို့ လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို ယာယီ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
ယူကေရဲ့ အခုမူဝါဒဟာ ယာယီစိစစ်မှုတခု ဖြစ်ပေမယ့်လည်း ပညာသင်ယူလိုတဲ့ ရည်ရွယ်ချက် အစစ်အမှန် ရှိသူတွေအတွက် ကနေဒါ၊ သြစတြေးလျ၊ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေမှာလည်း အဆင့်မြင့် ပညာရေးအခွင့်အလမ်း များစွာ ကျန်ရှိနေတယ်လို့ ကျောင်းတွေက အသိပေးထားပါတယ်။
“ကျောင်းသား အများစုက ယူကေဗီဇာ အောင်ချက် ကောင်းတဲ့အတွက် ယူကေကိုပဲ သွားချင်ကြတာပေါ့။ ဒါပေမယ့် လတ်တလော အခြေအနေအရ တခြားနိုင်ငံကိုလည်း စဉ်းစားထားသင့်တဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။ ကျောင်းကလည်း ချက်ချင်း ပိုက်ဆံထုတ်လို့ မရသေးဘူးလေ။ အဲဒီလိုဆိုတော့ ဒီအခြေအနေတခုကို ခဏ စောင့်နေရင်းနဲ့ပဲ ဒီဘက်မှာလည်း ကိုယ်လုပ်ရမှာက တခြားနိုင်ငံကိုသွားဖို့ ခြေလှမ်းစပြင်ထားသင့်တယ်လို့ အကြံဉာဏ်ပေးချင်တယ်” လို့ ပြည်ပ ပညာရေး ဝန်ဆောင်မှုပေးနေသူ တယောက်က ပြောပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ ဗီဇာစနစ် ခိုင်မာစေချင်တာကြောင့် အခုလို တင်းကျပ်တဲ့စည်းကမ်း ချမှတ်လိုက်တာဖြစ်ပေမယ့် အခု ထုတ်ပြန်ချက်ဟာ ဗီဇာရပြီးသား student visa holders တွေရဲ့ ဗီဇာကို ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ မတ်လ ၃ ရက်ကစပြီး အသစ်လျှောက်မယ့် သူတွေအတွက် ရည်ညွန်းတာလို့ သိရပါတယ်။
Photo – CJ
