မတ် ၅ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မရိုးတုံးနဲ့ ပိတောက်ကုန်းကျေးရွာတွေမှာ မနေ့ မတ် ၄ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရိုးတုံးကျေးရွာမှာ မနေ့ ည ၉ နာရီ ၃၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လေးယောက် သေဆုံးခဲ့တာဖြစ်ပြီး မနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ပိတောက်ကုန်းကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာတော့ နှစ်ယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဖြစ်စဉ်တွေမှာ မရိုးတုံးက ဒဏ်ရာရ တယောက် ရှိတယ်။ အဲဒီရွာက စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်ခံရတာ။ ပိတောက်ကုန်းကတော့ ဒဏ်ရာရသူ မရှိဘူး။ ဒါပေမယ့် အိမ်ရှစ်လုံးလောက် ပျက်စီးသွားတာ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီကနေ့ မတ် ၅ ရက်၊ မနက်ပိုင်းမှာလည်း ပုလဲနဲ့ ယင်းမာပင်မြို့နယ်ကြားမှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လူထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
“ဒီက ဒေသခံ တော်တော်များများကတော့ လေကြောင်း တောက်လျှောက် ရှိနေလို့ ရှောင်ကုန်ကြပြီ။ လောလောဆယ် ရွာတွေမှာ လူမရှိသလောက်ဘဲ။ မသွားနိုင်၊ မလာနိုင်တဲ့ သက်ကြီးပိုင်းတွေနဲ့ လူအနည်းအကျဉ်းလောက်ပဲ ကျန်ခဲ့ကြတာ” လို့ သူက ပြောပါတယ်။
မနေ့ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ပိတောက်ကုန်းရွာဟာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ချင်ပြစ်ရွာရဲ့မြောက်ဘက် ၁ မိုင်နီးပါးခန့်အကွာမှာ ရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) အခြေပြု လှုပ်ရှားခဲ့ရာ ပုလဲမြို့နယ် (မြောက်ခြမ်း) ရှိ ကျေးရွာတွေကို အစိုးရတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ကာ အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိလာတဲ့အတွက် ဗိုလ်နဂါးဇာတိ ကြောင်သန်းရွာ အပါအဝင် ချင်ပြစ်ကျင်း၊ နွယ်အင်း၊ ချင်ပြစ်၊ မုံသွင်၊ ပေါက်ပင်၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆယ်ပြင် အစရှိတဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ နေရာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ စစ်ရှောင်တွေဟာ စားနပ်ရိက္ခာ လိုအပ်မှုနဲ့အတူ နေထိုင်ရေး အခက်အခဲတွေလည်း ကြုံတွေ့နေရတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပုလဲနယ်အတွင်းက အစိုးရစစ်ကြောင်းတွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ ရှိနေသလို အစိုးတပ်ဘက်ကလည်း လေယာဥ်၊ စက်တပ်လေထီး (ပါရာမိုတာ)၊ ဂျိုင်ရိုကော်ပတာ၊ ဒရုန်းတွေနဲ့ လေကြောင်း တိုက်နေတဲ့အပြင် မြေပြင် စစ်အင်အားတွေလည်း ထပ်ဖြည့်ပေးနေတယ်လို့ သိရပါတယ်။
စုစည်းထားတဲ့ သတင်း အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် လူအယောက် ၁၂၀ ကျော် သေဆုံးပြီး ၁၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
