ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

မတ် ၅ ၊ ၂၀၂၆
CC (VOM)
ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ် ၊မြသာယာရပ်ကွက်ရှိ နေအိမ်တခုမှာ ခြောက်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
နေအိမ်အတွင်း သတ်ဖြတ်ခံထားရတာကို ဒီကနေ့ မနက်ပိုင်းမှာမှ သက်ဆိုင်ရာရဲတပ်ဖွဲ့က သိရှိခဲ့ရတာ ဖြစ်ကြောင်း ၊ အသတ်ခံထားရသူတွေဟာ မိသားစုလိုက်ငါးယောက်နဲ့ အိမ်အကူအမျိုးသမီး တယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
” မနက်မိုးလင်းတော့ အိမ်ကတခါးမဖွင့် အသံမကြားလို့ ပတ်ဝန်းကျင်ကသိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားမှသိရတာ ။ ရဲတပ်ဖွဲ့ခန့်မှန်းတာကတော့ မနေ့က ညပိုင်း သတ်ခံရတာလို့ ယူဆတယ်။ အသတ်ခံရတာက မိသားစုဝင်ငါးယောက်နဲ့ ထမင်းချက်တယောက်ပါ။ မိသားစုဝင်တွေက မိဘနှစ်ပါးနဲ့ သားသမီးသုံးယောက်ပါ။ အငယ်ဆုံးကလေးက လေးနှစ်လို့သိရတယ်။ ဓားပြတိုက်တာလား ဆိုတာတော့ သေချာမပြောနိုင်သေးဘူး ။အသတ်ခံရတာကိုပဲ အတည်ပြုလို့ရတယ်။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ သေဆုံး ရုပ်အလောင်းတွေကို မိုးကောင်းမြို့နယ် ၊ ပင်းဘောတိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ ဆေးစစ်ချက်ရယူနေဆဲ ဖြစ်ကြောင်း ၊ ဆေးစစ်ချက်အဖြေရရှိပြီးမှသာ ဟိုပင်မြို့နယ်ဆေးရုံ ရင်ခွဲရုံကို ပြန်လည်သယ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
” အခု ပင်းဘောတိုက်နယ်ဆေးရုံကိုပို့ပြီး ဆေးစစ်ချက်ယူနေတာ ။ ဆေးစစ်ချက်ရမှပဲ ဘယ်လိုအသတ်ခံရတယ်ဆိုတာ အတိကျသိရမယ်။ သေနတ်နဲ့ ပစ်ခံရတာတော့ မဟုတ်ဘူး ။ ဓားတို့ ၊ရဲဒင်းတို့နဲ့ ဖြစ်ဖို့များတယ်။ ” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ခြောက်လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ကျုးလွန်တဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိုင်းတောင် ကျေးရွာအုပ်စု ၊ တောင်းကော့ကျေးရွာမှာလည်း ဇန်နဝါရီ ၉ ရက်နေ့က မြေးအဖွားသုံးယောက် သုံးလောင်ပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW