ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ကျောင်းသား ကျောင်းသူ လေးယောက်ရေနစ်သေဆုံးမှု ဖြစ်ပွား

မတ် ၅ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းကို ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ လေးယောက် ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
မနေ့က မတ်လ ၄ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ကျောင်းသူကျောင်းသား ၁၁ ယောက် အဖွဲ့ ဟာ ချင်းတွင်းမြစ် ၊ နားသဲဘုန်းကြီးကျောင်း အောက်ဖက်ခြမ်း ဆိပ်ကမ်းမှာ ရေဆင်းကစားကြရာကနေ လေးယောက်က ရေနစ်သေဆုံးမှု ဖြစ်ခဲ့ကြတာလို့ သိရပါတယ် ။
ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားတွေက အသက် ၇ နှစ်အရွယ် G1 ကျောင်းသား ၊ အသက် ၁၂ အရွယ် G5 ကျောင်းသူ ၊ G6 ကျောင်းသူ ၊ အသက် ၁၅ နှစ်အရွယ် G10 ကျောင်းသူ တို့ဖြစ်ပြီး မြို့ပေါ် နောင်ဖွတ်မော်ရပ်ကွက်က ဖြစ်တယ်လို့ သိရပါတယ် ။
” ကလေးတွေက ရေဆင်းဆော့ရာကနေ နစ်တယ်သိရတယ်။ ကျောင်းသူကသုံးယောက် ၊ ကျောင်းသားလေးက တယောက်ပါ။ မနေ့က ဖြစ်တာပါ။ မိသားစုက အကူအညီတောင်းလာလို့ ရှာဖွေရေးလုပ်ခဲ့တယ်။ မနေ့ကတော့ သေဆုံးရုပ်အလောင်းတခုပဲ ရတယ်။ ဒီနေ့တော့ ထပ်မတွေ့သေးဘူးသိရတယ်။ ” လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။
လက်ရှိမှာ ရေနစ်သေဆုံးသွားတဲ့အထဲက ကျန်တဲ့သုံးယောက်ရုပ်အလောင်း ရှာဖွေမှုကိုတော့ မိသားစုဘက်က ဆက်လက်ရှာဖွေရေးလုပ်နေပြီး မီးသတ်ဌာနဘက်ကတော့ ရှာဖွေရေးရပ်လိုက်ပြီလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
အရင်လ ‌‌ဇန်နဝါရီ ၁ရက် ညနေပိုင်းကလည်း မန္တလေးမြို့၊ အနောက်ကမ်းနားလမ်း၊ ဧရာဝတီမြစ်၊ အမြောက်ဆိပ်မှာ ရေဆင်းကူးတဲ့ ကလေးငယ်တွေထဲက တယောက်ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊စမုံချောင်းအတွင်းမှာ Grade 12 ကျောင်းသား နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး သေဆုံးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – Jao Osadha

Related posts

Leave a Comment

VOM News

FREE
VIEW