အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန် ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောတစီးကို တိုက်ခိုက်နှစ်မြှုပ်

မတ်-၅-၂၀၂၆
MT(VOM)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ပြောကြားချက်အရ အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန် ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောတစီးကို တိုက်ခိုက်နှစ်မြှုပ်လိုက်တယ်လို့ သိရပါတယ်။
​အဲဒီစစ်သင်္ဘောဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တော်ပီဒို နဲ့ အပစ်ခံရပြီး “အသံတိတ် နစ်မြုပ်သွားခဲ့တာ” လို့ သူက ဆိုပါတယ်။
​Hegseth က ဘယ်သင်္ဘောဆိုတာ နာမည်တပ်မပြောသွားပေမဲ့ သူ ဒီလိုကြေညာလိုက်တာဟာ သီရိလင်္ကာတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အပြီးမှာ ထွက်ပေါ်လာတာပါ။ သီရိလင်္ကာ တာဝန်ရှိသူတွေရဲ့အဆိုအရ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက သူတို့နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းကနေ ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာမှာ နစ်မြုပ်သွားတဲ့ Iris Dena အမည်ရှိ အီရန်သင်္ဘောဆီက အရေးပေါ်အကူအညီတောင်းခံမှုကို ရရှိခဲ့ပြီး သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
​ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဲဒီသင်္ဘောပေါ်ကနေ ရုပ်အလောင်း ၈၀ ကို တွေ့ရှိခဲ့တယ်လို့ သီရိလင်္ကာ ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက BBC Sinhala ကို ပြောပါတယ်။ နောက်ထပ် လူ ၃၂ ဦးကိုတော့ သီရိလင်္ကာရေတပ်က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အဆိုအရ သင်္ဘောပေါ်မှာပါတဲ့ မှတ်တမ်းတွေအရဆိုရင် Iris Dena ပေါ်မှာ လူပေါင်း ၁၈၀ နီးပါး လိုက်ပါလာတယ်လို့ ယူဆရပါတယ်။
​လောလောဆယ် လွတ်မြောက်လာတဲ့သူတွေကို တောင်ပိုင်းက ဂါလီ (Galle) ဆိပ်ကမ်းမြို့က ဆေးရုံကို ပို့ဆောင်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Vijitha Herath က ပြောပါတယ်။
​ကာကွယ်ရေးဝန်ကြီး Hegseth ကတော့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ
“နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ငါတို့လုံခြုံပါတယ်လို့ ထင်နေတဲ့ အီရန်စစ်သင်္ဘောတစီးကို အမေရိကန် ရေငုပ်သင်္ဘောက နှစ်မြှုပ်လိုက်တာ” လို့ ပြောကြားခဲ့ပါတယ်။ အပစ်ခံလိုက်ရတဲ့ အီရန်စစ်သင်္ဘော ဟာ တိုက်ပွဲဝင်နေတာမဟုတ်ပဲ ဖေဖော်ဝါရီ (၁၇) ရက်နေ့ထဲက အိန္ဒိယကို ရောက်ရှိပြီး အိန္ဒိယရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကာ အိန္ဒိယက ပြန်လည်ထွက်ခွာလာပြီး သီရိလင်္ကာ ကမ်းရိုးတန်းအနီးမှာ အပစ်ခံလိုက်ရတာဖြစ်ပါတယ်။ အမေရိကန်က အပြည်ပြည်ဆိုင်ရာ ရေပိုက်နက်ထဲမှာလို့ ပြောပေမယ့် ဟုတ်မဟုတ် အငြင်းပွားနေကြပါတယ်။
​အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ သင်္ဘောဟာ တိုက်ခိုက်ခံရပြီးနောက် သင်္ဘောပဲ့ပိုင်း ကြွတက်လာပြီးမှ ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဲဒီသင်္ဘောကိုရော၊ တခြားဘယ်သင်္ဘောကိုရော မတွေ့ခဲ့ရဘဲ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ဆီကွက်တွေနဲ့ အသက်ကယ်လှေတွေကိုပဲ တွေ့ခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။
​သင်္ဘောနစ်မြှုပ်တဲ့နေရာဟာ “ကျွန်တော်တို့ရဲ့ ရေပိုင်နက်အပြင်ဘက်မှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ တာဝန်ယူရတဲ့ ရှာဖွေကယ်ဆယ်ရေး ဧရိယာထဲမှာ ရှိနေတာကြောင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေအတိုင်း မပျက်မကွက် သွားရောက်ကူညီခဲ့တာပါ” လို့ Sampath က ရှင်းပြပါတယ်။
Ref: BBC World Service

Related posts

Leave a Comment

VOM News

FREE
VIEW