မတ် ၆ – ၂၀၂၆
SS (VOM)
မသန်စွမ်းတွေကို လှောင်တာမျိုး ထပ်မဖြစ်စေချင်ဘူးလို့ ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။
ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေနဲ့ လတ်တလောဖြစ်ပွားခဲ့တဲ့ မသန်စွမ်းမှုနဲ့ ဆက်စပ်လျက်ရှိတဲ့ သဘင်အနုပညာ တင်ဆက်မှုတခုနဲ့ ပတ်သက်လို့ သတင်းမီဒီယာ တွေ့ဆုံပွဲတရပ်ကို ဒီကနေ့ မတ်လ ၆ ရက်၊ နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့ရှိ Summit ParkView ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဦးမြတ်သူဝင်းက “ဒီလို မသန်စွမ်းတွေကို လှောင်တယ်ဆိုတာမျိုးက လုံးဝ ပျောက်လိမ့်မယ်တော့ ကျွန်တော်မထင်ဘူး။ သို့သော် တော်တော်လျော့သွားလိမ့်မယ်။ မသန်စွမ်းသူတွေ သူတို့ right အတွက် သူတို့ ဒါတွေလုပ်ပါလား၊ ကိုယ့်ရဲ့ မင်းသားလေးကို ချစ်မြတ်နိုးလို့ ပြောတာတွေ လွဲသွားပြီ၊ သေချာတယ် လွဲတာသေချာသွားပြီ။ အဲဒီတော့ ဒါကို တောင်းပန်ဖို့ ပြောတာမဟုတ်ဘူး၊ နောက် မလုပ်တော့ဘူးဆိုပြီး ဖြစ်စေချင်တာပါ။ ကျွန်တော်တို့ မသန်စွမ်းသူတွေဘက်ကလည်း သူတို့ကို ပြန်နားလည်ပေးပါ။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ချစ်ရင်မခံဘူးပေါ့။ သန်စွမ်းတာတွေ၊ မသန်စွမ်းတာတွေ မသိဘူး၊ တုံ့ပြန်မိတာရှိလိမ့်မယ်။ ဒါတွေအတွက်လည်း ကျွန်တော်ဘက်က အားလုံးက နားလည်ပေးတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ မင်းသား အောင်ဇမ္ဗူနဲ့အဖွဲ့ လာရောက်တောင်းပန်တာကို လက်ခံပေမယ့် တောင်းပန်လိုက်၊ လက်ခံလိုက်နဲ့ နောက်ဒါမျိုးဖြစ်စဉ်တွေ ပြန်ဖြစ်လာမှာကိုတော့ မလိုလားဘူးလို့ သူက ပြောပါတယ်။
“ကျွန်တော်တို့က WinWin Situation ကို သွားချင်တာပါ။ ကျွန်တော်က သူတို့နဲ့ ပြိုင်ဘက်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အသိုင်းအဝိုင်းကတော့ ဒီအဖြစ်အပျက်က Impact အကြီးကြီးဖြစ်သွားပါတယ်။ သဘင်တင်မဟုတ်ဘူး ၊ ရုပ်ရှင်ဘက်မှာလည်း တွေ့ရတယ်၊ မသန်စွမ်းနဲ့ပတ်သက်ပြီး ထည့်ရိုက်လို့ရပါတယ်၊ ဖိုးပါကြီးတို့ဆို ဘယ်သူမှ မထိခိုက်ဘဲ ရိုက်တာပဲ။ ဒီနေ့က သူတောင်းပန်လို့ လုပ်တဲ့ပွဲ မဟုတ်ဘူး။ သူ တောင်းပန်ပန်၊ မတောင်းပန်ပန် ကျွန်တော်တို့က ဒီနေ့ပွဲကို လုပ်မှာပါ။ ဒီနေ့မတိုင်ခင်မှာ ကြိုတွေ့မယ်လို့ ပြောထားတာတော့ ရှိတာပေါ့” လို့ သူက ပြောပါတယ်။
မင်းသား အောင်ဇမ္ဗူနဲ့အဖွဲ့ လာရောက်တောင်းပန်စဉ်က မရည်ရွယ်ဘဲ ပြုမိသွားတဲ့ အမှားအတွက် နောင်ဒါမျိုး မဖြစ်အောင် ဆင်ခြင်မယ်ဆိုတဲ့အကြောင်း ပြောသွားခဲ့တယ်လို့ သိရပြီး သဘင် ခေါင်းဆောင်တွေဘက်ကလည်း ဒါမျိုးတွေကို တားဆီးပေးမယ်လို့ မျှော်လင့်ကြောင်း ဦးမြတ်သူဝင်းက ပြောပါတယ်။
Photo – VOM
