သူတို့အိမ် အခန်း – ၇၀

ဆူးငှက်

 

 

ထီးတော်ပင် မရှိတော့သော ထီးစွင့်ရှင်ဘင်
——————————————–

ကျွန်တော်တို့ လူမျိုးများ အစွဲအလမ်း အတော်ကြီးသည်။ တစ်နှစ်က ရွာကပြန်အရောက် တောင်ဘုရား ဆွမ်းနှင့် ပတ်သက်၍ ဦးဇင်းမှိုင်းဆီက ငှားလာသော ပေစာများကို အခြေခံကာ စာတမ်းရေးတာ၊ ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ကို ပြသခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး အဘနှင့် အမေကလည်း သူတို့မီသလောက် သိသလောက် ပြောပြကြသည်။ အထူးသဖြင့် အဘက တောင်ဘုရားဟု အမည်တွင်နေသော ထီးစွင့်ရှင်ဘင် ရွှေမုဋ္ဌောစေတီ၏ သမိုင်း အမှန်ကို သိရသောအခါ လက်ရှိတွင် စေတီတော်က ထီးပင်မရှိတော့ဘဲ ပျက်စီးယိုယွင်းနေသည်ကို စိတ်မကောင်းဖြစ် နေသည်။

ရွာနှင့် ရွာဝန်းကျင်ရှိ စေတီများတွင် ဟိုး.. အရှေ့ အဝေးဆုံးတွင် တည်ရှိသော ရွှေမြင်တင်စေတီ သည်ပင်လျှင် ထီးနှင့် ထုံးသင်္ကန်းနှင့် သပ္ပာယ်စွာ ဖူးတွေ့နိုင်သည်။ အလားတူ ကုန်းပေါ်က ရွှေတောင်ဦးစေတီနှင့် အတူ ဆင်ခံဘုရားအပါအဝင် ရွာထဲက ဘုရားစေတီများလည်း သူ့ဒကာနှင့်သူ ပြုပြင် ထီးတင်ထားကြသည်။ သို့သော် ရွှေမုဋ္ဌောစေတီက ပြုပြင်မှုမဲ့ပြီး ပျက်စီးနေသည်။ ထို့ကြောင့် အဘ က မန္တလေးနှင့် ရန်ကုန် မုံရွာစသော မြို့များက တတ်နိုင်သည့် သဖန်းနွယ်ဝင်များထံ ရွှေမုဋ္ဌောစေတီကို ပြုပြင်ုကေုသိုလ်ပြုကြဖို့ လက်လှမ်းမှီသလောက် ဆော်သြသည်။ အားလုံးလိုလိုက တစ်ဦးတည်း ဒကာအဖြစ် လှူဒါန်းဖို့ စိတ်မဝင်စားကြပေ။ အ မင်္ဂလာဘုရားမို့တဲ့။ မသာ ဘုရားမို့တဲ့။

ထို့ကြောင့် အဘက မန္တလေးရှိ ကိုဌေးအောင် ကိုမောင်ဒွေး စသည့် လူငယ်များကို ရွှေမုဋ္ဌောဘုရား ပြုပြင်ရန်အတွက် မန္တလေးရှိ စိုင်ပြွန်ဝင်းနှင့် အနောက်ဝင်းက သဖန်းနွယ်မားထံ နေ့စဉ် အလှူခံကြဖို့ တိုင်ပင်သည်။ ဤသို့ဖြင့် အဘ၏ ကြေးမှိုစာလုံးနှင့် အလှူခံသေတ္တာလေးက ပြန်လည် အသက်ဝင်လာသည်။ ထို့ကြောင့် ကျွန်တော်တို့က ညနေစောင်း သည် နှင့် အလှူခံသေတ္တာလေး ဆွဲကာ အလှူခံကြသည်။ တစ်ခါတရံ အဘကိုယ်တိုင် အလှူခံသည်။ ၆လ တစ်ကြိမ်လောက် အလှူခံသေတ္တာကိုဖွင့်ပြီး ရငွေကို စစ်သည်။ ထို့နောက် ထိုအလှူငွေကို ရွာက ဦးဇင်းမှိုင်းထံ ပို့ပြီး ကိုဌေးတု့ိ ရွာပန်းရံနှင့် ပြင်သည်။

ထိုသို့ ဖြည်းဖြည်းချင် အလှူခံကာ ဦးဇင်းမှိုင်း ကြီးကြပ်မှု အလှူငွေ ထည့်ဝင်မှုဖြင့် ရွှေမုဋ္ဌောစေတီကို အရံစေတီများနှင့် တံတိုင်း အပါအဝင် ပြုပြင်ကာ ထီးတင်နိုင်ခဲ့သည်။ စေတီတော် သမိုင်းအကျဉ်းနှင့် ဘုရားပွဲ ဖြစ်စဉ် ပြုပြင်ခြင်း ကုသိုလ်များကိုလည်း ကျောက်ထက်အက္ခရာတင်၍ စေတီတော် ပရိဝုဏ်တွင် စိုက်ထူဖို့ ကိစ္စက မအောင်မြင်ခဲ့ပေ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်ပြုစုထားသော ရွာသမိုင်းနှင့် စေတီတော် သမိုင်း စာအုပ်ကိုပဲ အရင် ဖြစ်မြောက်အောင် ဆောင်ရွက်မလား၊ စေတီတော် ကျောက်စာပဲ ဦးစားပေးမလား ဟူသည်က မဆုံးဖြတ်နိုင်သေးပေ။

ထိုအလုပ်များ အတွက်လည်း တစ်ဦးတည်း ဒကာ မရှိသောကြောင့် ကောက်သင်းကောက် အလှူခံရဦးမည်မို့ နှောင့်နှေးနေခြင်း ဖြစ်သည်။ (ထိုသို့ိ နှောင့်နှေးနေစဉ်မှာပဲ အဘဆုံးသည်။ ကျွန်တော်တို့ ဒုတိယမြောက်နေအိမ်တည်ရှိရာ ရပ်ကွက် မီးကြီးလောင်စဉ် ကိုယ့်အိမ်က မီးဘေးကပ်လွတ်သော်လည်း ကျွန်တော့် စာအုပ်နှင့် စာရွက်စာတမ်းများ ရေစိုပျက်စီးရာတွင် ကျွန်တော့်စာတမ်း မူရင်းရောမိတ္တူပါ ဆုံးရှုံးသွားသည်။ ရွာမှာပေးထားသည့် မိတ္တူတွေကလည်း မရှိတော့ဘူးတဲ့။ သည်လိုနှင့် ရွာသမိုင်း စေတီသမိုင်း အချက်အလက်တွေက ပျောက်ဆုံးခဲ့ရတော့သည်)။

 

မသေသေးဘူး နှင့် လှုပ်တယ် လှုပ်တယ်
———————————————-

ကျွန်တော် ၁၀ တန်း ဒုတိယနှစ် တက်သည့် နှစ်က အမှတ်တရတွေ အတော်များသည်။ သင်္ကြန် အပြီးကလည်း အိမ်တော်ရာ သင်္ကန်းတန်းက အပျိုချောလေးတစ်ယောက် ကွယ်လွန်သည်ကို ရွာဟိုင်းသုသာန်ရောက်မှ အသက်ရှိသေး သည်ဟု ဆိုကာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည်။ ထိုနွေကလည်း အတော်ပူသလို မိုးတွင်းကျ ရေကြီးသည်။ တိုင်းပြည်မှာလည်း အခြေခံဥပဒေက အတည်ပြုပြီးမို့ နိုင်ငံတော်သစ်အဖြစ် အစိုးရသစ် ပြည်သူ့လွှတ်တော် အသစ်များ အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲတွေလည်းရှိသည်။ ထိုသို့ ကိစ္စများမြောင် လူတို့ဘောင်၏ စိတ်ရှုတ်ထွေး ဖွယ် ကာလတွင် မန္တလေး၏ နွေအခါ ရာသီဥတုက ခြစ်ခြစ်တောက် ပူပြင်းသောကြောင့် အားလုံးလိုလို အင်္ကျီမကပ်နိုင်ဘဲ ယပ်တောင်တစ်ချောင်းနှင့် သန်းခေါင်သန်နွဲအထိ အိမ်ရှေ့ထွက်ထိုင်နေရသည်။ ထိုအချိန်မှာ ထူးထူးဆန်းဆန်းသတင်းက တစ်မြို့လုံး ပြန့်သွားတော့၏။

အလွန်တရာ ပူပြင်းသော နွေအချိန်တွင် အနည်းငယ် သက်သာရာရသည့် ညချမ်းအချိန်၌ အလွန် များပြားလှသော လူအုပ်ကြီးတစ်အုပ်က အေလမ်းဟု မန္တလေးက အသိများသည့် ၃၅လမ်းဘေးက မန်ကျည်းပင်ကြီးကို မော့ကြည့် ပြီး ဟော လှုပ်တယ်…လှုပ်တယ်ဟု အော်ဟစ်ပြောဆိုကာ လက်နှိပ်ဓာတ်မီးများ ထိုး၍ မန်ကျည်းကိုင်း တစ်ကိုင်းအား စူးစုူးစိုက်စိုက် ကြည့်ကြရင်း ဆူညံပွတ် လျက်ရှိသည်။

ထိုမန်ကျည်းပင်ကြီးနှင့် နီးကပ်သော အေလမ်း တစ်ဖက်မှာရှိသည့် စံတော်သစ် လက်ဖက်သုတ်ဆိုင် လည်း ရောင်းမလောက်။ မလှမ်းမကမ်း ၈၃လမ်းပေါ်က ကြက်မင်း အသုတ်စုံဆိုင် မှာလည်း ထိုင်စရာ နေရာ မရှိတော့။ နွေခေါင်ခေါင် လေတစ်စက်မှ မတိုက်ဘဲ ကိုယ်စီကိုယ်စီ ယပ်တောင်နှင့် နေရသည့် ကာလတွင် လေမတိုက်ပါဘဲ မန်ကျည်းပင်ကိုင်းက ထူးထူးခြားခြား လှုပ်သည်ဟူသော သတင်းစကားကြောင့် နေဝင်သည်နှင့် မြို့လုံးအနှံ့မှ လူများ မန်ကျည်းပင်အောက် ရောက်လာကာ မန်ကျည်းကိုင်းကို မော့ကြည့်ပြီး အသီးသီး လှုပ်တယ်…. လှုပ်တယ်… ဟူသော စကားသံများ ထွက်ကြခြင်း ဖြစ်သည်။

 

မန်ကျည်းကိုင်းလှုပ်တော့
—————————–

မည်သို့ဆိုစေ မန်ကျည်းပင်အောက် ရောက်၍ မန်ကျည်းကိုင်းကို မော့ကြည့်သည့် တစ်ခဏတော့ အပူဒဏ်ကို မေ့သွားတာပေါ့။ သည်ရက် မတိုင်ခင် သင်္ကြန်ပြီးကာစ ကလည်း မန်္တလေး အိမ်တော်ရာ သင်္ကန်းတန်းက ချောချောလှလှ အပျိုမလေးတစ်ယောက် သင်္ကြန်လည်ပြီး အပြင်းဖျားကာ ရုတ်ချည်း သေဆုံးသွားသောအခါ မိတ်ကပ်များဖြင့် အကျအန ပြင်ဆင်ထားသည့် ထိုအပျိုလေး၏ ရုပ်အလောင်းကို ပွဲတော်ကြီးတမျှ တကူးတကန့် သွားကြည့်သည့် အဖြစ်အပျက်လည်း ကြုံခဲ့ပါ၏။ အသုဘချသည့်နေ့ကဆိုလျှင် မပြောပါနှင့်တော့ နာရေးမဏ္ဍပ်ရှေ့မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးနေလို့ အလောင်းကို မနည်းထုတ်ယူရသတဲ့။

ရွာဟိုင်းသုဿာန်ရောက်တော့ မြေချသင်္ဂြိုဟ်ခါနီး အလောင်းဖွင့်ကြည့်သောအခါ ဆံစနံဖူးထိပ်၌ ချွေးကလေး စို့၍ နှုတ်ခမ်းတစ်ဖက် တွန့်သွားသည်ဟု မြင်တွေ့ကြသူများကြောင့် အသက်ရှိသေးတယ် ဟူသော သတင်းက တမုတ်ဟုတ်ချင်း ပျံ့နှံ့သွားကာ အသုဘပို့သည့် ပရိသတ်က အသင်္ဂြိုဟ်မခံဘဲ အနီးရှိ ငွေတောင်တိုက်က ဘုန်းကြီးတစ်ကျောင်းပေါ်သို့ အလောင်းကို ပို့ဆောင်လိုက်သည်။ မိသားစု အပါအဝင် ဆရာဝန်များက အမှန်တကယ် သေဆုံးကြောင် းမည်သို့ပင် အတည်ပြုသော်လည်း ပရိသတ်က လက်မခံခဲ့။ တစ်နေ့နှင့် တစ်ညကျော်မျှ ထားရှိပြီး ရုပ်အနည်းငယ် ပျက်လာမှ ညကြီးသန်းခေါင် လူရှင်းချိန် အမြန်သင်္ဂြိုဟ် လိုက်ရသည်။

သင်္ကန်းတန်းသူလေး သေတယ် မသေဘူး ငြင်းခုန်ပြီးတော့ မန်ကျည်းကိုင်းလှုပ်ချိန် သည်လို တဘောင်လည်း ပေါ်သတဲ့၊ “သင်္ကန်းတန်းသူလေး မသေတော့ မြင်သာတာတွေကမန်ကျည်းကိုင်း လှုပ်တာပေါ့။ မန်ကျည်းကိုင်း လှုပ်တော့ အကြီးပိုင်းပြုတ်၊ အကြီးပိုင်း ပြုတ်ရင့် ပုတီးဂိုဏ်းက အုပ်တော့မယ်..” ဟူလို..။

သင်္ကန်းတန်းသူလေး သေမသေဟူသော သတင်းပါသည့် သတင်းစာမှာပင် တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ကြီးနေဝင်း နှင့်အတူ စစ်ဖက်ကအရာရှိကြီးတွေ တပ်မတော်က အငြိမ်းစားယူသော သတင်းလည်းပါရှိသည်။ တကယ်တော့ ထိုထိုပုဂ္ဂိုလ်များက အခြေခံဥပဒေသစ်အရ အရပ်သားအစိုးရဖွဲ့ကြမှာမို့ ယူနီဖောင်းလဲကြခြင်း ဖြစ်သည်။ ထိုစဉ်ကာလ ပြည်ပြေးဟု တံဆိပ်ကပ် ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ အဖွဲ့ကလည်း ပြည်ပမှ လှုပ်ရှားမှုများ ပိုမိုလာချိန် ဖြစ်သည်။ ဦးနုအဖွဲ့ကို ပုတီးဂိုဏ်းဟု သုံးနှုန်းကြသည့် အချိန်လည်း ဖြစ်သောကြောင့် တဘောင်က သဘာဝကျနေသည်။

 

ပူလို့ လှုပ်တယ်
——————

တကယ်တော့ ထိုစဉ် ထိုကာလဆန်ဈေးတွေတက်၊ အထွေထွေ စားကုန်ဈေးတွေတက်၊ စားဝတ်နေရေးက အဆင်မပြေ၊ သည်ကြားထဲ ရာသီဥတုက ဖောက်ပြီး မနေနိုင်လောက်အောင် ပူပြင်းလေသောအခါ အားလုံးမှာ ကောလဟာလများဖြင့် ထွက်ပေါက် ရှာကြသည့် သဘောဖြစ်ပါ၏။ အေလမ်းပေါ်က လေမတိုက်ဘဲ လှုပ်သည့် မန်ကျည်းပင်ကိစ်္စ နောက်ဆက်တွဲ အဖြစ် ကြာလျှင် လူစုလူဝေးက ကြီးသထက် ကြီးလာပြီး မမျှော်လင့်နိုင်သည့် ကိစ္စများ ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် တာဝန်ရှိသူများက အဆိုပါ မန်ကျည်းပင်ကြီး၏ အကိုင်းအခတ်များကို ကတုံးဖြစ်လုထိ ခုတ်ထွင် ရှင်းလင်းလိုက်သောအခါ သစ်ပင်အောက်က စက်ဘီးပြင်ဆိုင်လေး နေရာပျောက်သွားသည်သာ အဖတ်တင် တော့သည်။

မည်သို့ဆိုစေ၊ စီးပွားရေးက ကျပ်ရသည့်အထဲ ရာသီဥတုဘေး ရောဂါကပ်ဘေးတွေက စုပြုံကျလာတိုင်း ဒီလို လှုပ်လှုပ်ရှားရှား ကောလဟာလ သတင်းတွေက ပေါ်ထွက်လာစမြဲ ဖြစ်ပါ၏။

 

လှုပ်လှုပ်ခတ်ခတ် နှစ်ကာလများ
———————————-

ထိုနှစ်များက အတော်လှုပ်ခတ်သစ်သည့် နှစ်များဖြစ်သည်။ ၁၉၇၄ခုနှစ်အတွင်း အခြေခံဥပဒေကို အတည်ပြုရန်နှင့် ဖွဲ့စည်းပုံ အသစ်အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်ပွဲကျင်းပရန်လည်း ရှိသည်။ ထိုနှစ်အရင် ကြိုတင်၍ ၁၉၇၁ခုနှစ် ဇွန်လ ၂၈ ရက် မှ ဇူလိုင်လ ၁၁ရက်နေ့အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပထမအကြိမ် ညီလာခံကို ကျင်းပပြီး ဇူလိုင်လ ၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းအား ပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည်။

ထိုနှစ် စက်တင်ဘာလ ၂၅ရက်နေ့တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စန်းယု ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ကာ အဖွဲ့ဝင် ၉၇ ဦးပါဝင်သည့် “ မြန်မာနိုင်ငံ အခြေခံဥပဒေသစ် ရေးဆွဲရေး ကော်မီရှင်” ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူကာ ပါတီဥက္ကဋ္ဌ နှင့် နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်ယူသည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စန်းယုအား ဗိုလ်ချုပ်ကြီး အဆင့် တိုးပေးကာ ခန့်အပ်၍ ဒုတိယ ဝန်ကြီးချုပ်နှင့် ပါတီ၏ အထွေထွေ အတွင်းရေးမှူး တာဝန်ကိုပါ ပေးအပ်ခဲ့သည်။

ထို့နောက် ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ပူးပေါင်းရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုရန် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပခဲ့သည်။ ဖွဲ့စည်းပုံအရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီတည်းသာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိတော့သည်။

မြန်မာပြည်သူ လူထု အများစုက ၁၉၆၂ခုနှစ်တွင် ရုတ်တရက် အာဏာသိမ်းခြင်း၊ ထိုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်း၍ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ၁၉၆၃ တွင် ပြည်သူပိုင်သိမ်းခြင်း၊ ၁၉၆၄ တွင် ငွေစက္ကူများ တရားမဝင်ကြေညာခြင်း၊ ထိုနှစ်မှာပင် အမျိုးသား စည်းလုံးညီညွတ်ရေး ဥပဒေဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှလွဲ၍ အခြားနိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်း၊ ၁၉၆၇ခုနှစ်တွင် ရန်ကုန်အပါအဝင် တစ်ပြည်လုံး ဆန် ရှားပါးမှု ပြဿနာ နှင့် တရုတ်မြန်မာ အဓိကရုဏ်းများ ပေါ်ပေါက်ခြင်း၊ ၁၉၆၉ တွင် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပွဲ၌ လူထု အဓိကရုဏ်းအား နှိမ်နင်းခြင်း နှင့် အထွေထွေ ဆင်းရဲ ကျပ်တည်းမှုများကြောင့် ကျောင်းသားနှင့် ပြည်သူလူထုမှာ အစိုးရအပေါ် မကျေနပ်မှု အကြိတ်အခဲများ ဖြစ်ပေါ်နေခဲ့သည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန
——————————————————-

ထိုစဉ်ကာလမှာပင် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်အနိစ္စ ရောက်သည်။ ကမ္ဘာ့အဆင့်အမြင့်ဆုံး ရာထူးဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးအား မြန်မာလူမျိုးတစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင် ခဲ့သည့် ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ဂါရဝပြုပြီးနောက် ဦးသန့်၏ မိသားစုဝင်များ၏ တောင်းဆိုချက်အရ အမိမြန်မာနိုင်ငံတော်တွင်သာ သင်္ဂြိုဟ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

ဦးသန့်၏ ရုပ်ကလာပ်သည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရက ရုပ်ကလာပ်အား ကျိုက္ကဆံကွင်း အတွင်း၌ မဏ္ဍပ်ငယ်တစ်ခု ဆောက်လုပ်ပြီး ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတောသင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးသန့်၏ ရုပ်ကလာပ်အား နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူလူထုသည် ထို အသိပေးကြေညာချက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြသည်။

ယင်းသို့ အသိပေးကြေညာပြီးနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများသည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံးဂါရဝပြုခြင်း၊ အသုဘလိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြပြီး ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံ က ကျောင်းသူ ကျောင်းသား များလည်း ရောက်ရှိလာကြသည်။

 

ဘွဲ့နှင်းသဘင်ခန်းမ မှသည် ကန်တော်မင်သို့
———————————————-

ဦးသန့်၏ ရုပ်ကလာပ် ထားရှိသည့် ကျိုက္ကဆံကွင်းတွင်လည်း ဦးသန့်ကို နောက်ဆုံး ဂါရဝပြုရန် ရောက်ရှိလာနေသော လူထုကြီးနှင့် ပြည့်လျှံနေသည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် စုရပ်မှ ခြေလျင် ချီတက်လာသော တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားများ ကွင်းအတွင်း ဝင်ရောက်လာကြသော အခါ ရောက်နှင့်ပြီးကြသော မိဘပြည်သူ တစ်ရပ်လုံး၏ လက်ခုပ်ဩဘာသံများဖြင့် ကြိုဆိုနှုတ်ဆက် ကြလေသည်။ ဦးသန့်၏ ဈာပနအား ဤသို့ ပြီးလွယ်စီးလွယ် ဖြစ်သလို စီစဉ်ထားမှုကို တွေ့မြင်နေကြရသော ကျောင်းသားပြည်သူတို့ ရင်ထဲတွင် မကျေနပ်ခြင်း တည်းဟူသော ခံစားချက်များဖြင့် ကျောင်းသားကိုယ်စားလှယ်များသည် အရေးပေါ် စည်းဝေးပြီး ဦးသန့်အား ထိုက်သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိုဟ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုကြောင့် ဦးသန့်၏ ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေသို့ ပြန်လည် သယ်ဆောင်၍ ထိုက်သင့်သော ဈာပနအခမ်းအနားနှင့် ငြိမ်းချမ်းရေး ဂူဗိမာန်ကြီး တည်ဆောက်မည် ဖြစ်ကြောင်း ကြွေးကြော်ကြလေတော့သည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၆) ရက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်း နေရာကို ရှင်းလင်းပြီး ဦးသန့်အတွက် အုတ်ဂူတည်ဆောက် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပင် ငြိမ်းချမ်းရေး ဂူဗိမာန်ကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၇)၊ ည (၇) နာရီအချိန်တွင် မန္တလေးဆောင်၌ အရေးပေါ် အစည်းအဝေး ပြုလုပ်ကြသည်။ ထို အစည်းအဝေးတွင် ဦးသန့် ရုပ်ကလာပ် သင်္ဂြိုဟ်ရေး အစီအစဉ်ကို ဒီဇင်ဘာလ (၈) ရက်နေ့၊ နေ့ (၁၂) နာရီတွင် စတင် ကျင်းပရန် အားလုံး သဘောတူညီကြလေသည်။

၁၉၇၄ခု၊ ဒီဇင်ဘာလ (၈) ရက်၊ မွန်းတည့် (၁၂) နာရီတွင် ဦးသန့်၏ ရုပ်ကလာပ်အား ကျောင်းသားများ တည်ဆောက်သော အုတ်ဂူတွင် သင်္ဂြိုဟ် လိုက်ကြသည်။ သင်္ဂြိုဟ်ပြီး ဒီဇင်ဘာလ (၁၁) ရက် နံနက် (၂) နာရီတွင် ဆန္ဒပြသူများအား လူစုခွဲကာ ဦးသန့်အုတ်ဂူအားး ဖြိုချ ပစ်လိုက်သည်။ ရုပ်ကလာပ်အား ပြန်လည်ဖော်ယူ၍ ရွှေတိဂုံစေတီအနီး ကန်တော်မင် ပန်းခြံရှိ သခင်ကိုယ်တော်မှိုင်း ၏ အုတ်ဂူဘေးနေရာသို့ ညတွင်းချင်းပင် ပြောင်းရွှေ့ မြှုပ်နှံခဲ့သည်။

ထိုနေ့ နံနက် (၈) နာရီခွဲ အချိန်လောက်တွင် ပြည်သူလူထုက ရန်ကုန်မြို့ရှိ အစိုးရနှင့် သက်ဆိုင်သည့် ရုံးများ၊ ရဲစခန်းများ၊ ရုပ်ရှင်ရုံတချို့ကို မီးရှို့၍ တန်ပြန် ဆန္ဒပြကြသောကြောင့် နှိမ်နင်းကာ ဖမ်းဆီးမှုများ ရှိခဲ့ပြီး ရန်ကုန်မြို့ကိုလည်း စစ်အုပ်ချုပ်ရေး ဒေသအဖြစ် သက်မှတ်၍ ညမထွက်ရ အမိန့်များ ထုတ်ပြန်ခဲ့သည်။ တက္ကသိုလ် ကျောင်း များကိုလည်း ပိတ်လိုက်သည်။

 

မဟာသကျသီဟ ဘုရားဝင်းထဲမှာ
—————————————

မန္တလေးတွင်လည်း မြို့လယ် လမ်း၃၀နှင့် ၃၁လမ်းကြား၊ ၈၅လမ်းနှင့် ၈၆လမ်းကြားရှိ မဟာသကျသီဟ ဘုရားတွင် သံဃာတော်များနှင့် ကျောင်းသားများ ပေါင်းစည်းပြီး သပိတ်စခန်းဖွင့်၍ အစိုးရကို ဆန္ဒပြကြရာ ဈေးချိုတော် အပါအဝင် မြို့သူမြို့သားများက ရေနှင့် စားသောက်ဖွယ်ရာများ ပေးပို့ ကူညီခဲ့ကြရာ ပွဲတော်တမျှ စည်ကားလှ၏။ သံဃာတော်များ နှင့် ကျောင်းသားများက ဘုရား၏ လေးဘက်လေးတန်ရှိ တံခါးများကို ပိတ်ထားပြီး အရှေ့ဘက်မုခ် မြောက်ဘက်က အုတ်တံတိုင်းပေါ်တက်၍ အလှည့်ကျ ဟောပြောကြရာ ၈၅လမ်းပေါ်တွင် ပြလုံးပေါက်မျှ လာရောက် နားထောင်သည့် ပရိသတ်က လက်ခုပ်သြဘာသံများဖြင့် ကျိတ်ကျိတ်တိုးနေ၏။

ထိုစဉ် သပိတ်စခန်းသို့ လာရောက် လှူဒါန်းမှုများကို ကြားဖြတ်အနေနှင့် အသံချဲ့စက်ဖြင့် ကြေညာပေး တိုင်းလည်း လက်ခုပ်သြဘာပေးကြသည်။ အထူးသဖြင့် ညပိုင်းတွင် ပို၍ စည်ကားသည်။ ကျွန်တော်လည်း အစ်ကိုများနှင့် ညပိုင်းရောက်လျှင် သကျသီဟ အရှေ့မုခ်သို့ သွား၍ နားထောင်တိုင်း ကြက်သီးထသည်။ ထိုစဉ်ကာလ လမ်းစဉ်ပါတီ အမာခံများက လူထုကြား ပြောလေ့ရှိသည့် စကားမှာ ဦးသန့်က တွံ့တေးသိန်းတန်လောက် မြန်မာပြည်အတွက် အကျိုးပြုရဲ့လား တဲ့။ ထိုစဉ် အချိန်တွင် တွံ့တေးသိန်းတန် ရွှေတိဂုံ စေတီတော် အတွက် ဆလိုက် မီးမောင်း လှူဒါန်းသည့် သတင်းကို အစိုးရက အသားပေးဖော်ပြသည်နှင့် တိုက်ဆိုင်နေသောကြောင့် တင်းပြည့်ပါတီဝင်များကို ထိုစကားပြောဖို့ လမ်းညွှန်ထားပုံရပါ၏။ သူတို့ အားလုံး ထိုစကားအတိုင်း တစ်သံတည်း ထွက်ကြသည်။

 

ထိုနေ့ည သန်းခေါင်ယံ
————————–

သကျသီဟဘုရားက စိုင်ပြွန်ဝင်းရှိ ကျွန်တော်တို့ အိမ်နှင့် မဝေးလှပေ။ အရှေ့သို့ ၃ပြ၊ တောင်သို့ ၂ပြပဲရှိသည်။ ကုန်းတော်ပေါ်ရှိ ဂန္ဓကုဋိတိုက် ထုပိကာအောက်တွင် လေးဘက်လေးတန်သို့ ချိန်၍ဆင်ထားသော အသံချဲ့စက်များက မနက်၄နာရီ အရုဏ်တက်ချိန် ရေခင်းတီးလုံးနှင့် တရားပရိတ်တော်တို့ ဖွင့်လျှင် ပီပီသသ ကြားရသည်။ ထိုအသံချဲ့စက် များကို သုံး၍ သပိတ်စခန်းက တရားဟောလျှင်လည်း နေ့ခင်းပိုင်း၌ မသိသာသော်လည်း ညပိုင်းတွင် ကြား၏။ သကျသီဟဘုရားတွင် သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခြင်းကို ကျွန်တော့်အိမ်က အစဦးနေ့များတွင် သွားရောက် ကြည့်ရှုခြင်းအား မတားဆီးသော်လည်း ၃ရက်လောက် ကြာချိန်တွင် သွားခွင့် မပြုတော့။ တစ်စုံတရာ အန္တရာယ်ရှိမှာကို စိုးရိမ်လာသည်။

အထူးသဖြင့် မန္တလေးသတင်းကို ကြားသော မုံရွာရှိ အစ်မများက အဘကို လှမ်းပြောကြပုံရသည်။ ထိုသို့ မသွားရသော်လည်း အိပ်ရာထဲမှပင် တရားဟောသံများကို အသံချဲ့စက်က အတိုင်းသား ကြားနေရ၏။ ထို့ကြောင့် ၁၀တန်းကျောင်းသား၏ စာလေးပေလေး ဖတ်ကာစ အချိန်တွင် စာတွေထဲမှာ မရနိုင်သော အတွေးတွေ အသုံးအသပ် တွေကို ဖတ်ခဲ့သော စာတွေထဲက အသိအမြင်များနှင့်ပင် ပိုင်းခြား မှတ်သားသည့် အတွေ့အကြုံကို ရရှိခဲ့သည်က သေချာပါသည်။

သည်လိုနှင့် တစ်ညသား အိပ်ကောင်းသည့် သန်းခေါင်ကျော် နာရီပြန် ၂ချက်ထိုး အကျော်လောက်တွင် အသံတိတ်နေသည့် သကျသီဟဘုရား၏ အသံချဲ့စက်များက ခေါင်းလောင်းထိုးသံတွေ ဆူဆူညံညံ ခပ်ကြာကြာ အလန့်တကြားကြားလိုက်ရပြီးနောက် ပေါက်ကွဲသံ ပစ်ခတ်သံများလည်း ဆက်တိုက် ကြားကြရတော့ အားလုံးလိုလို အိပ်ရာက နိုးကြပြီး အိမ်ရှေ့ထက်ကြသည်။ ခဏနေတော့ အသံချဲ့စက်မှ အော်ဟစ် အကူအညီတောင်းသံများလည်း ထွက်ပေါ်လာကာ ထိုအသံများက တိခနဲ ပြတ်၍ ရပ်တန့်သွားသည်။

တိတ်ဆိတ်သော အကာလ ညအခါမို့ လူသံတွေနှင့် အစီးရေများသော ကားသံတွေက အတိုင်းသား ကြားနေရချိန်တွင် အားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ စိုးရိမ်မကင်း ထိပ်လန့်နေကြ၏။ ဤသို့ဖြင့် မနက်လင်းတော့ မကြားချင်သည့် သတင်းက တစ်မြို့လုံး ပြန့်သွားပါပြီ။ သကျသီဟ ဘုရားပတ်လည် တစ်ပြ အတွင်းလည်း ဘယ်သူမှ ဝင်ခွင့် မရတော့။

ဤသို့ဖြင့် ၁၉၇၄ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုထောက်ခံမဲ ၉၀.၁၉ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း ကြေညာလိုက်ပြီးသည်နှင့် စီစဉ်ထားသည့် အချိန်ဇယားအတိုင်း ၁၉၇၄ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရသစ်က အာဏာ တည်မြဲနိုင်ရေးအတွက် အတားအဆီးမှန်သမျှ ကျော်ဖြတ်ပေလိမ့်မည်။

 

မျှော်လင့်ခဲ့ကြသည့် အပြောင်းအလဲ
————————————–

တကယ်တော့ ၁၉၇၄ခုနှစ် အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၅၀ ဦးကို ရွေးချယ်ခဲ့သည် ဆိုရာ၌ ရွေးကောက်ပွဲကို လမ်းစဉ်ပါတီကပဲ ကြီးကြပ်ကာ လမ်းစဉ်ပါတီက တင်သွင်းသည့် ကိုယ်စားလှယ် တစ်ဦးကိုသာပင် ပြိုင်ဘက်မရှိဘဲ အဆိုပါ မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များက ထောက်ခံ ကန့်ကွက် မဲ၂ပုံးဖြင့် ရွေးချယ်ရသည့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တဆင့် အခြေခံဥပဒေအရ နိုင်ငံတော် ကောင်စီကို အဖွဲ့ဝင် ၂၉ဦးဖြင့် ဖွဲ့စည်းသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်နှင့် တိုင်းအလိုက် မိမိတို့အထဲမှ တဦးကျစီ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော် ကောင်စီဝင် တစ်ဆယ့်လေးဦး၊ လွှတ်တော်မှ ရွေးချယ် တင်မြှောက် လိုက်သော နိုင်ငံတော်ကောင်စီဝင် တစ်ဆယ့်လေးဦး၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ် တစ်ဦးတို့ ဖြစ်သည်။ ရွေးချယ်ခြင်း ခံရသော ကောင်စီဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ရွေးချယ်ကာ ပြည်သူ့ လွှတ်တော် သို့ အတည်ပြုချက် ရယူရသည်။ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသည် သမ္မတဖြစ်သည်။ နိုင်ငံတော် ကောင်စီတွင် ပြည်နယ်နှင့် တိုင်း အားလုံးမှ ကိုယ်စားပြု ပါဝင်နိုင်ရန် သတ်မှတ်ထားသည်။

နိုင်ငံတော်ကောင်စီမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက် များကို ဝန်ကြီးအဖွဲ့မှ လိုက်နာ ဆောင်ရွက်နိုင် ရန်အတွက် ဝန်ကြီးအဖွဲ့နှင့် ကောင်စီအကြား လွယ်ကူစွာ ဆက်သွယ်နိုင်ရန် ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်ကို ကောင်စီဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်း ထားသည်။ နိုင်ငံတော်ကောင်စီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းအတိုင်း ဖြစ်ကာ နိုင်ငံတော်သမ္မတ၏ သက်တမ်းသည်လည်း ကောင်စီ၏ သက်တမ်း အတိုင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော် သက်တမ်းကုန်ဆုံးပြီး နောက်ထပ် နိုင်ငံတော်ကောင်စီအသစ် ရွေးချယ်ပြီးစီးသည့် အချိန်တွင် နိုင်ငံတော်ကောင်စီ အသစ်ကို လွှဲပြောင်းပေးရသည်။ ထို့ကြောင့် ၁၉၇၄ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီက ဖွဲ့စည်းပုံ အသစ်အရ ကျင်းပသော ပြည်သူ့လွှတ်တော်သို့ အာဏာအပ်နှင်းခဲ့ပြီး ပြည်သူ့ လွှတ်တော်က ၁၉၇၄ခုနှစ် မတ်လ ၄ ရက်နေ့တွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော် သမ္မတအဖြစ် ဦးနေဝင်း အား ရွေးရွေးကောက် တင်မြှောက်ခဲ့ပြီး နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ဦးစိန်ဝင်း (ဗိုလ်မှူးချု့ပ်ဟောင်း) နှင့် ဒု ဝန်ကြီးချုပ်မှာ ဦးလွင် (ဗိုလ်မှူးကြီးဟောင်း) တို့ကို ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပြည်သူလူထုအနေနှင့် ထူးခြားသော ပြောင်းလဲမှု ဟု မမြင်ဘဲ စစ်ယူနီဖောင်းမှ ပုဆိုးနှင့် တိုက်ပုံပြောင်းဝတ်ကာ ခေါင်းပေါင်းစွပ်လိုက်တာပဲဟုသာ မြင်ကြသည်။

ထိုစဉ်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲတွင် ကျွန်တော်သည် မဲလက်မှတ် ထုတ်ပေးသူအဖြစ် တာဝန်ယူခဲ့ရသော်လည်း အသက်၁၈နှစ် မပြည့်သေးသည့် အတွက် မဲပေးခွင့် မရခဲ့သေးပါ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW