မတ် ၆-၂၀၂၆
MT(VOM)
အင်ဒိုနီးရှားနိုင်ငံမှာ “ဒီဂျစ်တယ် အရေးပေါ်အခြေအနေ” ဖြစ်နေတာကြောင့် အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့်ပိတ်တော့မယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဒီကန့်သတ်ချက်ကို ဒီနှစ် မတ်လ ၂၈ ရက်နေ့မှာ စတင်တော့မှာပါ။ အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီး Meutya Hafid က အခုလို အသက်အရွယ်အလိုက် အွန်လိုင်းသုံးစွဲမှုကို ကန့်သတ်တာဟာ အနောက်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက ပထမဆုံးပဲလို့ ဆိုပါတယ်။
အစိုးရဘက်က အဓိက အကြောင်းရင်း ၄ ချက်ကြောင့်လို့ ထောက်ပြထားပါတယ်။
အွန်လိုင်းပေါ်က ညစ်ညမ်းစာပေနဲ့ ရုပ်ပုံတွေ၊အွန်လိုင်းပေါ်မှာ တစ်ယောက်ကိုတစ်ယောက် စနောက်၊ လှောင်ပြောင်၊ စော်ကားတာတွေ (Cyberbullying)၊အွန်လိုင်း လိမ်လည်လှည့်ဖြားမှုတွေ၊အင်တာနက် အရမ်းစွဲလမ်းလာတာတွေကြောင့် လို့ဆိုပါတယ်။
ဝန်ကြီးကတော့ “မိဘတွေအနေနဲ့ အယ်လ်ဂိုရီသမ် (Algorithm) ကြီးတွေနဲ့ တစ်ယောက်တည်း တိုက်ပွဲဝင်မနေရတော့အောင် အစိုးရက ဝင်ကူညီတာပါ” လို့ ပြောသွားပါတယ်။
အန္တရာယ်ရှိနိုင်တဲ့ platform တွေပေါ်က ၁၆ နှစ်အောက် Account တွေကို အဆင့်လိုက် စပြီးပိတ်သွားမှာပါ။ အဲဒီထဲမှာ YouTube, TikTok, Facebook, Instagram, Threads, X (Twitter), Bigo Live နဲ့ Roblox တို့ ပါဝင်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဆိုရှယ်မီဒီယာတွေရဲ့ သဘာဝအရ ဒါကို အပြည့်အဝတားမြစ်ဖို့ဆိုတာ လက်တွေ့မှာ တော်တော်ခက်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
ဝန်ကြီး Meutya ကိုယ်တိုင်လည်း ဒါဟာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပြီး အစပိုင်းမှာတော့ အင်တာနက်သုံးနေတဲ့ ကလေးသန်းပေါင်းများစွာအတွက် အခက်တွေ့နိုင်တယ်လို့ ဝန်ခံထားပါတယ်။ “ကလေးတွေကတော့ ညည်းညူကြမှာပဲ၊ မိဘတွေလည်း ကလေးတွေရဲ့ ဂျီကျမှုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နိုင်ပါတယ်” လို့ သူမက ဆိုပါတယ်။
ဒါပေမဲ့လည်း ဒါဟာ ကလေးတွေရဲ့ အနာဂတ်ကို ပြန်လည်ကယ်တင်ဖို့နဲ့ နည်းပညာကြောင့် ကလေးဘဝတွေ ပျက်စီးမသွားအောင် လုပ်ရတဲ့ “အကောင်းဆုံးခြေလှမ်း” ပဲလို့ အစိုးရဘက်က ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံရပါတယ်။
Ref: Channel News Asia
