မတ် ၈ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာတချို့မှာ မတ်လ ၇ ရက်နေ့ ၊ မနက် ၁၀ နာရီကျော် လောက်က လေကြောင်းကနေ တိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှုက နတ်လာပို့တောင်ရွာနဲ့ နတ်လာပို့မြောက်ရွာ ၊ သပြေတောရွာတွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” သေဆုံး နဲ့ ဒဏ်ရာရက နတ်လာပို့ရွာက များတယ်သိရတယ်။ ကျွန်တော်တို့ အတည်ပြုရသလောက်ကတော့ သေဆုံး ငါးယောက်လို့သိရပါတယ် ။ ” လို့ စစ်ရှောင်အရေး ကူညီနေသူ တယောက်က ပြောပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသမှုပေးနေပြီး နတ်လာပို့ တောင်ရွာ ၊ မြောက်ရွာ ၊ သပြေတောအပါ အနီးဝန်းကျင်က ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်နေ့ ညနေပိုင်း ကလည်းဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာနဲ့ အောင်မြင်ငြိမ်းရွာကြားက ဆီအရောင်းဝယ်လုပ်တဲ့နေရာနဲ့ ဈေးဆိုင်ခန်းနေရာဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူခုနှစ်ယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ လူသေဆုံးမှု အပြင် ဆီပေပါတွေ တင်ထားတဲ့ ၁၂ ဘီးကား ခုနှစ်စီး ၊ ဆီဘောက်ဆာကားသုံးစီး ၊ ခြောက် ဘီးကား ၊လိုက်ထရပ်၊ ဆိုင်ကယ် ၁၀ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့သလို ဆီပေပါအများအပြားလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
