မန္တလေး၊ မတ် – ၇ – ၂၀၂၆
SA(VOM)
စက်သုံးဆီ ခြိုးခြံချွေတာဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ စုံ မ စနစ် စတင်တဲ့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ မန္တလေးမြို့က စက်သုံးဆီဆိုင် တော်တော်များများမှာ အရင်ကလောက် များပြားတဲ့ စက်သုံးဆီတန်းကြတဲ့ မော် တော်ကားတွေ မရှိသလောက်နည်းပါးသွားတာ တွေ့ရပါတယ်။
စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးထားပါတယ်။
ဒါအပြင် အတည်မပြုနိုင်သေးတဲ့ ညွှန်ကြားစာအရ ဒီကနေ့ မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိကို ပညာပေးကာလအဖြစ် သက်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစတင်ပြီး ဖမ်းဆီရမယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့တွေကို ရည်ညွှန်းစာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
မန္တလေးမြို့ခံတဦးက ” စုံ/မ ရက် policy စာထုတ်တာ အတု အစစ် မကွဲသေးပေမယ့် သတိထားကြပါ” လို့ တိုက်တွန်းထားပါတယ်။
ဖမ်းဆီးရေးအဖွဲ့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦး)၊ နယ်မြေခံရဲတပ်ဖွဲ့(ဒုတိယရဲမှူး ဦး ပါဝင်သောအဖွဲ့)၊ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရဲအုပ် ဒုရဲအုပ် ၈ဦး ပါဝင်သောအဖွဲ့)၊ တရားရေး(ဒုတိယမြို့နယ်တရားသူကြီး ဦး)၊ ဥပဒေ (ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦး)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ဒုတိယဦးစီးမှူး ဦး)၊ စည်ပင်သာယာရေးကော် မတီ (ကိုယ်စားလှယ် ၁ ဦး)၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ (ကိုယ်စားလှယ် ၁ ဦး) ပါရှိတဲ့ အဖွဲ့ ၂ ဖွဲ့ ဒါမှမဟုတ် ၃ ဖွဲ့တို့က နေရာခွဲပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ထုတ်တဲစာက” ပြည်သူသို့အသိပေးပြန်ကြားလွာ”ပါ၊အမိန့်ညွန်ကြားချက် မဟုတ်တဲ့အတွက် အရေးယူမယ်ဆိုရင် ဥပဒေနဲ့ညီညွတ်မူမရှိပါ၊ ရာဇသတ်ကြီး ၁၈၈ နဲ့စွဲမယ်ဆိုလည်း ဥပဒေအရ ကာလုံက တရားလိုလုပ်ရမှာပါ၊ လွယ်လင့်တကူ ဖမ်း ဒဏ်ငွေသတ်မှတ်ခြင်းက ဥပဒေမဲ့ လုပ်တာလို့ဘဲ ထင်ပါတယ်” လို့ တရားလွှတ်တော် ရှေ့နေတဦး က ရည်ညွှန်းစာထုတ်ပြန်မှုအပေါ် မှတ်ချက်ပေးထားပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ One Stop Service စနစ်နဲ့ မတ်လ ၁၄ ရက်နေ့ကစတင်ကာ ဆောင်ရွက်မှာဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း၊ ထုတ်ဆင့်ကြေငြာထားတဲ့ အမိန့်ကို လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ one stop service အဖွဲ့က အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်ဒဏ်အဖြစ် အလုပ်မဲ့ ထောင်ဒဏ် ၁ လ နဲ့ ဒဏ်ငွေ ၂၀၀၀၀ ကျပ် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ ရည်ညွှန်းစာအရ သိရပါတယ်။
