ဖားကန့်မှာ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းက တိုက်လို့ သေဆုံး ဒဏ်ရာရသူတွေရှိ

မတ် ၇ ၊ ၂၀၂၆
GG (VOM )
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး လေကြာင်းတိုက်ခိုက်မှုတွေပါရှိတာကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲက မရှိကထောင်ဘက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်က စစ်ကြောင်းထိုးရှင်းလင်းရေးလုပ်နေတာကြောင့် ဒေသတွင်းလက်နက်ကိုင် အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကတော့ မတ်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ တာမခံကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်တခုထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် သုံးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
” အမျိုးသမီးတယောက်သေတယ် ။ သူရဲ့ကလေးလေး ဒဏ်ရာရတယ် ။ နောက်ထပ်နှစ်ယောက်လည်း ဒဏ်ရာရတယ် သိရတယ် ။ တာမခံနဲ့ မရှိကထောင်ကတော့ ဝေးတယ်ဗျ။ တိုက်ပွဲက​တော့ ဆက်​နေတာပေါ့ ။ ” လို့ ဒေသခံက ပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ကြောင်း ၊ မတ် ၅ ရက်နေ့ကလည်း မရှီကထောင်ရပ်ကွက်နောက်ကျော၊ တိုက်ပွဲဖြစ်ပွားနေရာဘက် စည်ပင်ကွက်သစ်ဘက်မှာ လက်နက်ကြီးကျရောက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၄ ရက်ကလည်း ဖားကန့်၊ ကလပ်ကုန်းလမ်းကြားမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲကြောင့် မရှိကထောင်ရပ်ကွက်အပါအဝင် အနီးရှိ ဒေသခံတွေအနေနဲ့ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW