မတ် ၇ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ညဈေး (Night Market) ကို မနက်ဖြန် မတ် ၈ ရက်၊ ညပိုင်းမှာ ဖွင့်ပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။
Night Market အတွက် မြို့အရှေ့ဘက် ကန်သာယာ တောင်ဘက်ကွင်းထဲမှာ ၁၂ ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၁၀ ခန်း တည်ဆောက်ထားပြီး အပန်းဖြေလိုသူတွေနဲ့ ညဘက် စျေးဝယ်လိုသူတွေအတွက် ရည်ရွယ်တာဖြစ်ကာ ဖျော်ဖြေရေး အစီအစဥ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ဖွင့်တာက မတ် ၆ ရက်နေ့ကတည်းက စဖွင့်နေပါပြီ။ ဖွင့်ပွဲကတော့ မနက်ဖြန် ၈ ရက်နေ့မှ လုပ်မှာပေါ့။ ဒီမှာ ဆိုင်ဖွင့်ဖို့အတွက်က ကြိုတင် စာရင်းပေးထားရတာပါ။ အခုကတော့ အခန်း ၁၁၀ လုံး ပြည့်သွားပြီ။ အခုမှ ဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် ဆိုရင်တော့ ဆိုင်ခန်းတွေအကုန် ပြည့်သွားပြီ ဖြစ်တဲ့အတွက် အကယ်၍ စာရင်းပေးထားတဲ့ ဆိုင်တွေထဲက မဖွင့်ဖြစ်တဲ့ဆိုင်ရှိရင် အစားထိုး ချပေးသွားမယ်လို့ ကြေညာထားပါတယ်။ ဒီဆိုင်ခန်းတွေက အကုန် အခမဲ့ပေးထားတာပါ။ အမြဲတမ်း ရောင်းချရမှာပါ။ ရေ၊ မီး အပြည့်အစုံလည်း ပေးထားပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မုံရွာမြို့မှာ အရင်ကတည်းကရှိတဲ့ ချင်းတွင်းရတနာစျေး၊ သာစည်စျေး၊ ဗန္ဓုလစျေး၊ အောင်ချမ်းသာစျေး ရှိပေမယ့် အဲဒီစျေးတွေဟာ နေ့ဘက်မှာသာ ဖွင့်လှစ်ပေးတာကြောင့် နေ့ပိုင်းမှာ အလုပ်လုပ်နေရသူတွေ၊ ဝန်ထမ်းတွေ၊ နေ့ပိုင်း မအားလပ်သူတွေအတွက် စျေးဝယ်ယူနိုင်ဖို့ အခက်အခဲ ရှိနေတာကြောင့် အခုလို ညဈေး ဖွင့်လှစ်ပေးဖို့ စီစဉ်တာလို့ သိရပါတယ်။
“အခုက ဖွင့်ပွဲတောင် မလုပ်ရသေးဘူး၊ ညနေပိုင်းဆို လူတော်တော်စည်နေပြီ။ ကလေးကစားကွင်းတွေ၊ ရဟတ်တွေရော၊ ဈေးဆိုင်ခန်းတွေရော အစုံပါပဲ။ ဖွင့်ပွဲရက်ဆို ဒီထက်ပို လူများမယ်ထင်တယ်။ ဒီနေ့ မတ် ၇ ရက်နေ့ကနေစပြီး ၈ ရက်နေ့အထိ ရှိုးပွဲတွေလည်း ရှိနေတာဆိုတော့ ဒီရက်ပိုင်း လူတွေအရမ်းများတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မြို့ခံတချို့ကတော့ လက်ရှိ မုံရွာမြို့ရဲ့ လုံခြုံရေးအခြေအနေကြောင့် အခုလို လူစုလူဝေး ဖြစ်စေမယ့် ညဈေးမျိုး ဖော်ဆောင်လာတဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
“သူတို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကတော့ လုံခြုံရေးအခြေအနေ စိတ်ချရတယ် ပြောထားပေမယ့် လက်တွေ့က ပြောင်းပြန် ဖြစ်နေတာလေ။ ဒါက ပေါ့လို့မရဘူး။ ဒီအချိန်မှာ အပျော်အပါး မက်နေတာကလည်း ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ရွာဘက်တွေမှာဆိုလည်း လက်နက်ကြီး ပစ်ခတ်တာတွေ အမြဲတမ်းလို ရှိနေတာ။ ခရိုင်ချင်းဆက် လမ်းတွေမှာဆို အခြေအနေက ပိုဆိုးတယ်။ ပျော်တဲ့သူတွေက ပျော်နေကြပေမယ့် ညဘက်ဆို အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲတဲ့သူတွေလည်း ရှိနေတာပါ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေက လက်ရှိမှာ အိမ်စီးကားတွေ အသုံးပြုကာ မုံရွာမြို့အတွင်း ညအချိန် သွားလာမှုတွေကို ပြုလုပ်နေတာကြောင့် တိုက်ခိုက်မှုတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ မုံရွာမြို့မှာ ညဈေးဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့အပြင် ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့၊ မနက်ပိုင်းကလည်း မော်တော်ယာဉ် ရောင်းဝယ်ရေး စင်တာတခုကို ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အရောင်းစင်တာကို (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာလို့ သိရပြီး စင်တာမှာ ပင်မအဆောက်အအုံ လေးခုနဲ့ ဆိုင်ခန်းပေါင်း ၄၁ ခန်းပါရှိတယ်လို့ သိရပါတယ်။
စင်တာအတွင်းမှာ မော်တော်ကားပစ္စည်းနဲ့ ကားအလှဆင်ပစ္စည်း အရောင်းဆိုင် ၁၀ ဆိုင်၊ မော်တော်ယာဥ် ပြုပြင်ရေးလုပ်ငန်း ရှစ်ခု၊ ကားရေဆေးဆီလိုက်လုပ်ငန်း တခု၊ မော်တော်ဆိုင်ကယ်နဲ့ ဆက်စပ်ပစ္စည်း အရောင်းဆိုင် ရှစ်ဆိုင်၊ စားသောက်ဆိုင် ကိုးဆိုင်၊ ဆံသနဲ့ အလှပြင်ဆိုင် တဆိုင် ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
Photo – CJ
