ဆူးငှက်
မန္တလေး အငြိမ့်အော်ပရာ
——————————-
ထိုနှစ် ၁၀တန်းစာမေးပွဲကို ပုံမှန်အတိုင်း ကျင်းပခဲ့သော်လည်း တက္ကသိုလ်ကျောင်းများက ပိတ်ထား သောကြောင့် စာမေးပွဲများကို သက်ဆိုင်ရာမြို့နယ်များအလိုက်ပဲ ကျင်းပခဲ့သည်။ ကျွန်တော်တို့က စာမေးပွဲကို အ.ထ.က ၈ တွင် သွားရောက်ဖြေရသည်။ နေ့စဉ်ပုံမှန် စာကြည့်ထားသည့် အတွက် အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့၏။ တကယ်တော့ စာမေးပွဲဟူသည် ပုံမှန်အလုပ်လုပ်ထားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါက အတားအဆီး ကြီးကြီးမားမား မရှိနိုင်ခဲ့ပေ။ စာမေးပွဲ ပြီးကတည်းက ပြင်ပစာတွေ ပိုဖတ်ဖြစ်လာသည်။
စနေညတိုင်း ဆုံတွေ့နေကျ ကိုဌေးအောင်၊ ကျွန်တော့် အစ်ကို ဝမ်းကွဲနှင့် ကျွန်တော်တို့ စကားဝိုင်းမှာ စာအကြောင်းက အဓိက နေရာယူလာသည်။ ထိုစဉ်ကာလ မန္တလေး အငြိမ့်များတွင် အော်ပရာ၏ အခန်းကဏ္ဍများက ထူးခြား ဆန်းသစ်လာသောအခါ ထိုအော်ပရာများကို တကူးတကန့် ကြည့်ကာ ကျေနပ်မှုဖြင့် စကားတွေ ပြောဖြစ်ကြသည်။ ထိုစဉ်ကာလ မန္တလေးအော်ပရာများက အကွပ်အညပ်ပြင်းလှသော ကန့်သတ်မှုများကြားမှ ပြည်သူလူထု၏ ခံစားမှုများကို ပညာသားပါပါ အနုပညာမြောက်စွာ တင်ပြနိုင်မှုကြောင့် မန္တလေးအော်ပရာခေတ်ဟု ပြောလောက်အောင် ကျော်ကြားခဲ့သည်။
အငြိမ့်အော်ပရာသည် ရှေးကလို ယိမ်းထွက်ရုံ၊ တစ်ခန်းရပ်ပြဇာတ် ကပြရုံ၊ ကျောင်းဆရာနှင့် တပည့် ကျောင်းသူတို့ သီချင်းဖြင့် အပြန်အလှန် သီဆိုကာ စာသင်ခန်းသရုပ်ဖော်ကဇာတ် ကပြရုံ မဟုတ်တော့။ နာမည်ကျော် ဝတ္ထုကြီးများကို အခြေခံသော (သို့မဟုတ်) ဗုဒ္ဓခေတ် သမိုင်းနောက်ခံ၊ ပုဂံခေတ်သမိုင်းနောက်ခံ၊ ရတနာပုံခေတ် သမိုင်းနောက်ခံများကို ထုတ်နှုတ်၍ ခေတ်ကို ထင်ဟပ် ဝေဖန်သည့် အော်ပရာကြီးများအဖြစ် အပြိုင်အဆိုင် စင်တင်လာကြသည်။
ပွဲခင်း၏ ကနဦးအစ ကန့်လန့်ကာ အဖွင့်မှာပင် လှုပ်ရှားဆူညံနေသော ပရိသတ်ကို အပြော အပြများဖြင့် ဖမ်းစားနိုင်ခဲ့သည်။
“သမီးတော်ဟာ ခမည်းတော်အတွက်သာ စိုးရိမ်ကြောက်ရွံ့နေတာပါ။ ခမည်းတော်က မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မြင့်မားမှုဟာ လက်နက်ထဲမှာသာရှိတယ်လို့ ယုံကြည်ထားသူ မဟုတ်လား”
“ဘာ ခမည်းတော်ကို ပြန်လည်လျှောက်ထားပါဦး သင်္ဃမိတ္တာရဲ့။ မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ ဟောဒီ လက်နက်ကလွဲလို့ ဘယ်မှာများ ရှိဦးမှာလဲ သမီးတော်ရဲ့ ဟား … ဟား … ဟား …”
“မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ နှလုံးသားထဲမှာသာ တည်ရှိပါတယ်။ နှလုံးသားရဲ့ ကျယ်ပြန့်မှု၊ သန့်စင်မှု၊ ကြီးမြင့်မှုကသာ တကယ့်ကြီးကျယ်မြင့်မားမှုပါ ခမည်းတော်”
အာသောကသည် ခေါင်းကို ယမ်းလျက် မျှင်းမျှင်းမျှ ရယ်၏။ ထို့နောက် လေသံတိုးတိုးဖြင့် …
“နှလုံးသားရဲ့ ကြီးကျယ်မြင့်မားမှု၊ နှလုံးသားရဲ့ ကြီးကျယ်မြင့်မားမှု၊ ဟားဟား …ဟားဟား။ နှလုံးသားရဲ့ ကြီးကျယ် မြင့်မားမှုတဲ့လား။ ငါသိပြီ သမီးတော် ငါသိပြီ။ သြော် …ကျွတ်ကျွတ်ကျွတ် နောက်ဆုံးတော့ ကလိင်္ဂရဟန်းတွေရဲ့ သြဇာက ငါ့သမီးတော်အပေါ်မှာ လွှမ်းမိုနေပြီကော။ အင်း … မိန်းမသားတစ်ယောက်ရဲ့ နှလုံးသားဟာ အလွန် နူးညံ့ အားနည်းနေတာပေါ့”
ဘေ့စ်ဂစ်တာ၏ တဒီဒီအသံက ဆူညံထွက်လာသည်။ ပွဲခင်းက လှုပ်လှုပ်ရွရွ၊ မိုးသားအနည်းငယ် ရှိသော်လည်း သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့ ညသည် အုံ့အိုက်အိုက် ဖြစ်နေသည်။ အငြိမ့်စင်ဘေး လူအုပ်ကြားမှာ တိုးဝှေ့နေရာယူ ကာ အငြိမ့်စင်ဆီ အာရုံစိုက်နေရပေမယ့် ချွေးတွေ စီးကျနေသည်။ သို့သော် အငြိမ့်စင်က ကတ္တီပါကားနီကြီးအပွင့်၊ ဇာတ်ဝင်ခန်း၏ ခမ်းနား သော မြင်ကွင်းက အသံတွေကို ငြိမ်သက်သွား စေ၏။ ဇာတ်ပို့တီးလုံး အသံက မှိန်ဖျော့သွားချိန်။
ဥဇ္ဇေနီပြည် နန်းဆောင်အတွင်းမှ စောင်းသံက ထွက်လာ၏။ မီးကို အပြာဖျော့ဖျော့ ဖြန်းသည်။ အသန္ဒိမိတ္တာမင်းသမီး သာ မီးရောင်မှာ ကြွနေ၏။ စောင်းသံက ပြတ်သားနွဲကလျနေသည်။
“ပြည်အာဝန္တိ၊ ခေါ်တွင် ညီ၍ ပွင့်စည်လင်းသာ။ နတ်ပြည်လားလို့၊ မခြားသီရိ၊ ဘုန်းရှိရှိနှင့် မဇ္ဈ်မတိုက်၊ ကျွန်းထိပ်၌လျှင်”
ပွဲခင်းလူအုပ်ကြားတိုးပြီး နေရာလွတ်မှာ ဖိနပ်ချပြီး စိမ်ပြေနပြေ ထိုင်ကြည့်လိုက်သည်။
ကတ္တီပါပြည်ဖုံးကား, ကား ပိတ်,ချည် မ,ချည်။
ကန့်လန့်ကာက တက်ချည်, သက်ချည်။
ကကြိုး ကကွက်၊ တီးလုံးတီးကွက်နှင့် မီးပြာပျပျများက တစ်ခန်းပြီးတစ်ခန်း ဆွဲခေါ်သွား၏။
ဘုရင့် သူရဲကောင်းဆိုတာ
—————————–
ဤသို့သော အော်ပရာများမို့ ပရိသတ်က စွဲလမ်းလှသည်။ ဘဂျမ်းတင်တဲ့၊ မောင်မြတ်မှိုင်း တဲ့၊ မြသောင်း(မြောက်ပြင်)တဲ့၊ ချင်းတွင်းချစ်သွေးတဲ့၊ ချမ်းမြေ့အေးတဲ့၊ ချစ်စရာတဲ့၊ မောင်ဝင်းမြတ်တဲ့။ ထိုစဉ်ကာလ စာတွေ ဖတ်ဖြစ်နေပြီး အငြိမ့်အော်ပရာ ပရိသတ်ဖြစ်နေသော ကျွန်တော့် အစ်ကိုဝမ်းကွဲနှင့် ကျွန်တော်တို့ ၂ယောက်ကလည်း အော်ပရာကို ရူးသွတ်နေကြသည်။ တစ်ညတွင် တရုတ်တန်း လှည်းတန်းဘုရားပွဲက အငြိမ့်ကြည့် အပြန် ၈၂လမ်းပေါ်က အလင်းဆိုင်တွင် ထိုင်ကာ ၂ယောက်သား အော်ပရာ အိပ်မက်တွေကို ပြောဖြစ်ကြသည်။ အထူးသဖြင့် ပြောသူက ကျွန်တော့် အစ်ကိုဝမ်းကွဲပါပဲ။ သူက
ထိုစဉ်အခါ တတိယတန်းကျောင်းသုံးဖတ်စာ စာအုပ်တွင် ပါရှိသော “ဦးဆွေးဆံမြေ့ အမှုထမ်းခြင်း” ဟူသည့် သင်ခန်းစာကို အော်ပရာ အဖြစ် ကပြတင်ဆက်ချင်သတဲ့။ ကျောင်းသုံးဖတ်စာမှာတော့ နရသီဟပတေ့ မင်းက မစ္ဆဂီရိကို အောင်နိုင်ခဲ့သည့် အုတ်လှငယ်အား အမှုတော်ကို ဦးဆွေးဆံမြေ့ အမှုထမ်းသည့် အတွက် သူရဲကောင်းအဖြစ် ချီးမြှောက်သည့် အကြောင်း ဖြစ်သည်။ အစ်ကိုက သည်ဇာတ်ကို မစ္ဆဂီရိဘက်က အမြင်ဖြင့် အော်ပရာ တင်ချင်သည်။ နရသီဟပတေ့သည် အာဏာရှင်၊ မစ္ဆဂီရိကို ကျူးကျော်သူ၊ ဖိနှိပ် အနိုင်ကျင့်သူ၊ အုတ်လှငယ်က မစ္ဆဂီရိ၏ တော်လှန်ရေးကို နှိမ်နင်းသူ ပဒေသရာဇ်ဘက်တော်သား၊ အုတ်လှငယ်က မစ္ဆဂီရိအတွက် ရန်သူ၊ ထိုအမြင်ဖြင့် အော်ပရာတင်ချင်သည်။
“ကျောင်းသုံးဖတ်စာမှာ ဘုရင်ဆိုရင် သစ္စာခံရမယ်၊ ဘုရင့် အလိုတော်အတိုင်း လိုက်နာ အမှုထမ်းရမယ် ဆိုတဲ့ အတွေးအခေါ် အမှားတွေကို ပေးတာကွ၊ ဘုရင့် အတွက် သူရဲကောင်းဆိုတာ အုပ်စိုးခံ အဖိနှိပ်ခံအတွက် ရန်သူပဲကွ၊ ဒီ အမြင်ကို တင်ပြရမယ်။ အဲ့ဒါ အော်ပရာ က ရင်ကောင်းမယ်။ ဇာတ်ညွှန်းကို မင်းရေးကွာ၊ ဘဂျမ်းတင်တို့ ကိုအေးကျော်တို့နဲ့ ငါ ရင်းနှီးတယ်ကွ၊ သူတို့ကို မင်းရေးတဲ့ ဇာတ်ညွှန်းပေးပြီး ကခိုင်းရမယ်’ တဲ့။ အစ်ကိုက အားတက်သရော ပြောသည်။ ကျွန်တော်ကလည်း စိတ်ကူးထဲမှာ စကားလုံးတွေ အပြတွေကို စဉ်းစားရင်း ရင်ခုန်နေသည်။
စာပွဲပေါ်မှာ လက်ဖက်ရည်ခွက် ၂ခွက်က အကြမ်းပန်းကန်ဆေးထားသည့် ရေနွေးဟောင်းပဲရှိတော့သည်။ အကြမ်းပန်းကန် ထဲမှာလည်း ရေနွေးမရှိတော့၊ အကြမ်းအိုးထဲမှာလည်း ရေနွေးမရှိတော့၊ အစွန်းအထင်းများသည့် စာပွဲပေါ်မှာ ဒီဇင်ဘာ၏ သန်းခေါင်ကျော် နှင်းစက်တု့ိဖြင့် စိုစွတ်သည်။ ( တကယ်တော့ ထိုအကြောင်းအရာကို အော်ပရာအဖြစ်တော့ ကျွန်တော် မရေးဖြစ်ခဲ့ပါ။ နောင် အနှစ်၂၀ နီးပါးအကြာ ၁၉၉၃ ခုနှစ်မှ ငါးတို့ပျော်ရာ တောင်သေလာ အမည်ဖြင့် ဝတ္ထုတို တစ်ပုဒ် ရေးဖြစ်ပြီး ရင်ခုန်ပွင့် မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည်)။
ကျွန်တော့် ဝမ်းကွဲ အစ်ကိုက စာဖတ်အားကောင်းသလို စကားပြောလည်း ကောင်းလှသည်။ ဆိုဖီရာလောရင့် ပါသည့် sun flower ရုပ်ရှင်ကားကို သူရန်ကုန်ရောက်စဉ် ကြည့်ဖြစ်ခဲ့သည်။ ထိုဇာတ်ကား ဇာတ်လမ်းအား ကျွန်တော့ကို အစအဆုံးပြန်ပြောပြတော့ ရုပ်ရှင်ကြည့်နေရသည့် အလား ရင်တလှပ်လှပ်ခုန်ရသည်။ သူက ဇာတ်ဝင်ခန်းထဲက မြင်ကွင်းများကို ပြောရာ၌ မြင်ဖူးနိုင်သည့် ပကတိ မြင်ကွင်းများနှင့် ယှဉ်၍ ပြောသည်။ ဥပမာ အလုပ်သမားတွေ စက်ရုံက အလုပ်ဆင်းလာသည့် မြင်ကွင်းမျိုးကို “ဒို့ ဘူတာကြီး မျက်ပါးရပ် တံတားနက်လိုအပေါ်က ပင်ပင်ပန်းပန်း တိုးဝှေ့ ဆင်းလာကြတာ” ဆိုတာမျိုး၊ ချစ်သူနှစ်ယောက် စက်ဘီးနှင့်ချိမ်းတွေ့ကြသည်ကို “နှစ်ယောက်သား မကြီးမငယ်နဲ့ ပျော်ပြီး စက်ဘီးနဲ့ မြို့ပြင်ထွက် ချိန်းတွေ့ကြတာကွ၊ ဒို့ နန်းရှေ့ဘက်ကနေ အောင်ပင်လယ် ကန်ဘောင်ရိုးဘက်ပေါ့ကွာ၊
သရက်ကုန်း ရွာအလွန် လူပြတ်လောက်တဲ့ နေရာအရောက် စက်ဘီးပေါ်ကနေ ကန်သင်းအတိုင်း ပြေးဆင်းပြီး လွတ်လွတ်လပ်လပ် နမ်းကြတာပေါ့၊ ဘာကြမလဲ ရန်ကင်းတောင်ဘက်က လေယာဉ်တွေ တဝေါဝေါပျံလာပြီး ခ.လ.ရ ၄ ဘက်လိုနေရာ ဗုံးတွေကြဲပါရော” ဟူသည့် အပြောမျိုး ဖြစ်သည်။ အစ်ကို့ အပြောဖြင့်ပင် sun flower ကို ရုပ်ရှင် မကြည့်ရခင် မြင်ကွင်းများနှင့် အတူ ဇာတ်ရေလည်နေပြီ။
ထိုနှစ် စာမေးပွဲ အပြီး နွေကျောင်းပိတ်ရက်မှာ ရွာသို့ သွားကြဦးမည်။ ပြုပြင်ပြီးစီးနေသည့် ရွှေမုဋ္ဌောစေတီကို လာဖူးကြဖူးကြဖို့လည်း ဦးဇင်းမှိုင်းက ခေါ်ထားသည်။ ရွာမှာလည်း အလှူတွေရှိသတဲ့။ ထို့ကြောင့် မန္တလေးက ညီအစ်ကို ဝမ်းကွဲတွေ အတော်များများ ရွာပြန်ကြမည်။ သင်္ကြန်မတိုင်မီပေါ့။ စကားပြောကောင်းသည့် အစ်ကိုတော့မပါ၊ သူက အလုပ်တွေရှိလို့တဲ့။
ဆူးငှက်
