မတ် ၈ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ လက်ရှိမှာ မြို့နဲ့တဖြည်းဖြည်း နီးကပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တွေမြို့ အခြေစိုက် ရွှေမင်းဂံရေတပ်စခန်း အပါအဝင် အမြင့်ကျွန်း၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက်၊ ဝါဘို၊ ကျားမသောက်၊ ရေချမ်းပြင် အစရှိတဲ့ ကျေးရွာတွေအပြင် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့ကို AA တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“တိုက်ပွဲ အရှိန်ပြင်းလာလေ လေကြောင်း တိုက်ခိုက်မှုက ပိုများလာလေပါပဲ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကလည်း အဆက်မပြတ်ဘဲ။ ရွှေမင်းဂံဘက်က တိုက်ပွဲ ပိုပြီးပြင်းထန်တယ်။ အထူးသဖြင့် ညဘက်တွေဆို ပိုဆိုးတယ်။ ဒေသခံတွေကတော့ ရှောင်ချင်တာတောင် ရေလမ်းရော၊ ကုန်းလမ်းရော ပိတ်ထားတဲ့ အခြေအနေမို့ ဘယ်ကိုမှ ထွက်မရဘူးဖြစ်နေတယ်။ တိုက်ပွဲ မြို့နဲ့နီးလာလေ အကုန်လုံးက စိုးရိမ်လေပဲ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ AA အနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေထဲက ရွှေမင်းဂံရေတပ်ကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့ မြေပြင်ကသာမက ရေကြောင်းကနေပါ အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အစိုးရတပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ တန်ပြန် တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။
“မနေ့က မနက် ၄ နာရီကျော်လောက်ကလည်း စစ်တွေမြို့ထဲမှာရှိတဲ့ ဆေးရုံနဲ့ ဆည်မြောင်းရုံးကို လက်နက်ကြီးကျတယ်။ မြို့လယ်တည့်တည့် ကျပြီး ပေါက်ကွဲတာဆိုတော့ အကုန်လုံးက အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ မီးတွေလည်း လောင်ကုန်တယ်။ မီးသတ်က အချိန်မီ ငြှိမ်းနိုင်လို့သာ တော်သေးတယ် ပြောရမယ်။ လူထိခိုက်တာလည်း မရှိခဲ့ဘူး။ လတ်တလော အခြေအနေအရတော့ ဒီက ဒေသခံတွေအတွက်က ကျီးလန့်စာစား ပုံစံမျိုး ဖြစ်နေတယ်။ ဘယ်အချိန် ဘာဖြစ်သွားမလဲ ဆိုတာကိုပဲ အချိန်ပြည့် တွေးပူနေရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
AA တပ်တွေဟာ ပေါက်တောမြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ထိန်းချုပ်ထားတာကြောင့် လက်ရှိ စစ်တွေမြို့ရဲ့ အနေအထားဟာ ကုန်းလမ်းရော၊ ရေလမ်းပါ ပိတ်ဆို့ခံထားရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ AA ဟာ စစ်တွေမြို့ကို ပတ်ပတ်လည်ကနေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး ဝါဘိုကျွန်းကတဆင့် စစ်တွေဘက်ခြမ်း အစိုးရစစ်စခန်းတွေကို ထိုးစစ်ဆင်ကာ ထိန်းချုပ်နယ်မြေ ချဲ့ထွင်နိုင်ဖို့ ကြိုးပမ်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အစိုးရတပ်ဘက်ကလည်း စစ်တွေမြို့မှာ စစ်အင်အား အများအပြား ဖြည့်တင်းထားသလို စစ်တွေ – ပုဏ္ဏားကျွန်းအစပ် နေရာတွေမှာလည်း သံချပ်ကာကားတွေ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် ရေတပ်အင်အားကိုလည်း တိုးမြှင့်ထားပြီး အခုရက်ပိုင်းအတွင်းမှာလည်း စစ်တွေအပါအဝင် အနီးဝန်းကျင်မှာရှိတဲ့ မြို့နယ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လျက်တယ်လို့ သိရပါတယ်။
“အခုက အစိုးရတပ်ဘက်ကလည်း တိုက်ပွဲတွေရှိနေလို့ လုံခြုံရေး အခြေအနေအရ မြို့ပြင်ထွက်ခွင့် တားမြစ်ထားတယ်။ မြို့ပတ်ပတ်လည်မှာ တပ်စခန်းတွေ အများကြီး ချထားတယ်။ AA ဘက်ကလည်း မြို့ပြင်ကနေ ပတ်ပတ်လည် ပိတ်ဆို့ တိုက်ခိုက်နေတဲ့ အနေအထားဆိုတော့ ဒေသခံတွေက တိုက်ပွဲကြား ပိတ်မိကြသလို ဖြစ်နေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တွေအနီးဝန်းကျင်က မြို့နယ်တွေမှာပါ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတာဖြစ်ပြီး မနေ့ မတ် ၇ ရက်၊ တရက်တည်းမှာတင် ရသေ့တောင်နဲ့ ပေါက်တောမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ညနေ ၆ နာရီဝန်းကျင်က ပေါက်တောမြို့နယ်ရှိ ငပြီကျွန်း ရွာမရွာနဲ့ သရက်တောကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့သလို ညနေ ၅ နာရီ၊ မိနစ် ၄၀ ဝန်းကျင်ကလည်း ရသေ့တောင်မြို့နယ် (အရှေ့မြောက်ဘက်) နွားတင်းကုတ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု ရှိ၊ မရှိကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Photo – CJ
