မတ် ၈ -၂၀၂၆
MT(VOM)
သမ္မတ ရှီကျင့်ဖျင် (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း စနေနေ့ က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာအခုလို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပါတီအပေါ် သစ္စာရှိဖို့က နံပါတ် (၁)
စစ်တပ်အတွင်း နိုင်ငံရေးအရ သစ္စာရှိမှုကို ပိုပြီးခိုင်မာအောင် လုပ်ရမယ်လို့ သူက အလေးအနက် ပြောပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားသွန်ခွန်စိုက် လုပ်ခဲ့လို့ ရလဒ်ကောင်းတွေ ရနေပြီလို့ ဆိုပါတယ်။
အကျင့်ပျက်ခြစားမှုကို လုံးဝ (လုံးဝ) လက်မခံ
အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်ပြီးရှီကျင့်ဖျင်က ခပ်ပြတ်ပြတ်ပဲ သတိပေးလိုက်ပါတယ်။
”ပါတီအပေါ် သစ္စာမရှိတဲ့သူတွေနဲ့ အကျင့်ပျက်ခြစားတဲ့သူတွေအတွက် စစ်တပ်ထဲမှာ နေရာမရှိဘူး” လို့ သူက ပြောပါတယ်။
လာမယ့် (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) စတင်ချိန်မှာ စည်းကမ်းတွေကို ပိုတင်းကျပ်ပြီး ငွေကြေးစီးဆင်းမှု၊ အာဏာသုံးစွဲမှုနဲ့ အရည်အသွေးထိန်းသိမ်းမှုတွေကို သေသေချာချာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
လက်နက်ကောင်းတွေဟာ လူမှန်လက်ထဲမှာ ရှိရမယ်
ခေတ်မီစစ်လက်နက်ကိရိယာတွေကို စိတ်ချရပြီး နိုင်ငံရေးအရ သစ္စာရှိတဲ့သူတွေရဲ့ လက်ထဲမှာပဲ ရှိနေစေဖို့ သေချာအောင် လုပ်ရမယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ပါတီရဲ့ ဦးဆောင်မှုကို စစ်တပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်တစ်ခုဖြစ်အောင် ပြောင်းလဲရမယ်လို့လည်း ဆိုပါတယ်။
နည်းပညာနဲ့ လူသားအရင်းအမြစ် မြှင့်တင်ရေး
အနာဂတ် စစ်ပွဲတွေအတွက် ပြင်ဆင်တဲ့အနေနဲ့-ပူးပေါင်းစစ်ဆင်ရေး ကျွမ်းကျင်သူတွေ၊ တိုက်ခိုက်ရေးစွမ်းရည်သစ် ရှိတဲ့ တပ်ဖွဲ့တွေ၊ သိပ္ပံနဲ့ နည်းပညာ တီထွင်သူတွေ၊
မဟာဗျူဟာမြောက် စီမံခန့်ခွဲသူတွေကို စနစ်တကျ လေ့ကျင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အနှစ်ချုပ်ရရင်တော့ သမ္မတ ရှီကျင့်ဖျင်က “စစ်တပ်ဟာ ပါတီအပေါ် လုံးဝသစ္စာရှိရမယ်၊ ခြစားမှု ကင်းရမယ်၊ နည်းပညာပိုင်းမှာ ခေတ်မီရမယ်” ဆိုတာကို အဓိကထား ပြောကြားသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေမှာ တရုတ်စစ်တပ် ကို ရှီ က မထိန်းနိုင်တော့ဘူး၊ တရုတ်တပ်နီတော် ဟာ ရှီကို ဖြုတ်ချတော့မယ် စသဖြင့် အနောက်တိုင်း မီဒီယာတွေ ရဲ့ ဝါဒဖြန့်ချိမှုတွေ ကို ရှီ က အခု (၁၄)ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စစ်တပ်ကို ညွှန်ကြားချက်ပေးပြပြီး တုံ့ပြန် လိုက်တာလို့ တချို့အကဲခပ်တွေကပြောကြပါတယ်။ တချို့ကတော့ စစ်တပ်ရဲ့ ပုန်ကန်မှုဟာ တကယ်ဖြစ်ခဲ့တယ်၊ဒါပေမဲ့ ရှီ က ထိန်းချုပ် နိုင်လိုက်တာလို့လည်းယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရှီ ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံတော်အာဏာဗဟိုချက်မှာ ရှိနေဆဲဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။
