တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်

မတ် ၈ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီကနေ့ မတ် ၈ ရက်၊ မနက်ပိုင်းက ရဲအယောင်ဆောင်ထားသူ တယောက် ရွှေဆိုင်တဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရဲအယောင်ဆောင်ထားသူက သူဟာ တာမွေစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်ပြီး ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
“သူက ဆိုင်ဝန်ထမ်း အမျိုးသမီးတယောက်ကို လက်ထိပ်ခတ်ပြီး သက်သေခံပစ္စည်း သိမ်းမယ့်ပုံစံနဲ့ ခင်းကျင်းထားတဲ့ ရွှေထည်တွေကို လုယက်ဖို့ပြင်တာ။ အဲဒီအချိန် လက်ထိပ်ခတ်ခံထားရတဲ့ ဝန်ထမ်းက ဆိုင်အပြင်ထွက်ပြေးပြီး အော်ဟစ် အကူအညီတောင်းလို့ ပတ်ဝန်းကျင်က ဝိုင်းပြီး ဖမ်းတဲ့အချိန် သူ့ကိုယ်သူ ရဲအရာရှိလို့ ပြောတဲ့သူက ထွက်ပြေးသွားတယ်” လို့ သူက ပြောပါတယ်။
ရဲအယောင်ဆောင်ထားသူဟာ ဆိုင်ကိုမလာခင် အဲဒီဆိုင်က မန်နေဂျာကို အရင်ဆုံး ဖုန်းဆက်ပြီး ရွှေအတု ရောင်းချတဲ့ကိစ္စ ဖြေရှင်းဖို့ တာမွေရဲစခန်းကို ခဏလာခဲ့ဖို့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဆိုင်နဲ့ တာမွေရဲစခန်းက သွားမယ်ဆို ၁၅ မိနစ်လောက်ပဲ ကြာတယ်။ မန်နေဂျာ ထွက်သွားပြီးချိန် သူရောက်လာတော့ ဆိုင်မှာ ဝန်ထမ်း အမျိုးသမီးတယောက်ပဲ ကျန်ခဲ့တာ။ ပြီးတော့ အရေးယူမယ်ဆိုပြီး အဲဒီ ဝန်ထမ်းကို လက်ထိပ်နှစ်ခု ခတ်ခဲ့တာ။ ပတ်ဝန်းကျင်က ဝိုင်းဖမ်းလို့ အဲဒီလူ လွတ်သွားပြီး နောက်ပိုင်းမှာလည်း ခွေးဘီလူးကားနဲ့ လူနှစ်ယောက်က အရိပ်အကဲကြည့်တဲ့ ပုံစံနဲ့ ဆိုင်ရှေ့ကနေ ကားဖြတ်မောင်းသွားတာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လာသူဟာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး အင်္ကျီအမည်း၊ ဘောင်းဘီအမည်း ဝတ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။
“ဒီဖြစ်စဉ်မှာ လုယက်တဲ့သူရဲ့ ဖုန်းတလုံးနဲ့ လက်ထိပ်နှစ်ခု ကျန်ခဲ့တယ်။ လုယက်မှုဖြစ်ပြီး မနက် ၁၀ နာရီခွဲအချိန်မှာ ဆိုင်ကို ရဲတွေရောက်လာတယ်။ သက်သေခံပစ္စည်းတွေကို သိမ်းသွားတယ်။ ရဲတွေကတော့ ဖုန်းကိုဖွင့်ရင် ‌ဒေတာပျက်မယ်ပြောတယ်” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နေ့လယ် ၂ နာရီဝန်းကျင်မှာ တာမွေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာမှာ ပစ္စည်း ပါမသွားတဲ့အတွက် လုယက်မှုနဲ့ အမှုဖွင့်လို့မရသလို မတရား ချုပ်နှောင်မှုနဲ့လည်း အမှုဖွင့် အရေးယူလို့ မရကြောင်း ရဲစခန်းက ပြန်လည် ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“စခန်းကတော့ ရဲအယောင်ဆောင်မှုနဲ့ပဲ အမှုတင်လို့ရမယ် ပြောလို့ ရဲစခန်းမှာတော့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးတော့ ပေးခဲ့တယ်။ စခန်းက အမှုဖွင့်တယ်ဆိုရင် အလုပ်ရှုပ်မယ်ဆိုတဲ့အကြောင်းလည်း ပြောတယ်။ လိုက်ပါ ကူညီဆောင်ရွက်ပါ၊ ဖမ်းဆီးရမိဖို့ကလည်း ခက်ခဲနိုင်တယ်လို့ ပြောတယ်” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်ကို အတည်ပြုနိုင်ဖို့ တာမွေရဲစခန်းက တာဝန်ကျရဲအရာရှိကို VOM က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် “ဖြေပိုင်ခွင့် မရှိဘူး” လို့ ပြန်လည် ပြောဆိုခဲ့တာကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ VOM အနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းကလည်း လူယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ကျူးလွန်သူကို ရွှေဆိုင်က ဖမ်းဆီးပြီး ရဲလက်ကို အပ်ခဲ့ပေမယ့် အမှုမဖွင့်တဲ့အတွက် အခင်းဖြစ်ပြီး နောက်တနေ့မှာ ရဲစခန်းက ကျူးလွန်သူကို ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW