မတ် ၈ ၊ ၂၀၂၆
GG (VOM)
ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်တွေကို စုံ ၊ မ ခွဲခြားသတ်မှတ်ရာမှာ ၂ နဲ့စားလို့ ပြတ်ရင် ” စုံ “ဂဏန်းဖြစ်ပြီး ၂ နဲ့စားလို့ အကြွင်းကျန်ရင် “မ ” ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတ်မှတ်ထုတ်ပြန် မှုအရသိရ ပါတယ်။
ဒါကြောင့် ဆိုင်ကယ်တွေကို စုံ / မ ခွဲရာမှာ ဆိုင်ကယ်နံပါတ်ပြားမှာပါရှိတဲ့ W အရှေ့က ဂဏန်းကိုသာ စုံ / မ ယူပြီး သတ်မှတ်ကာ ပြုလုပ်နေ တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့လည်း သေချာအောင် အထက်ကိုမေးရတာပေါ့ ။ အခု W ရဲ့အရှေ့က ဂဏန်းကိုပဲ စုံ ၊ မ ခွဲပါတယ်။ ဥပမာ 56W ဆိုရင် W အရှေ့က 6 ကိုပဲ ယူပါတယ်။ စုံဂဏန်းပါ ။ စုံရက်မှာပဲ စီးလို့ရပါမယ်။ ပညာပေးကာလကျော်ရင်တော့ အရေးယူမှာပါ ။ ” လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
ဆိုင်ကယ်တွေကို စုံ / မ ခွဲရာမှာ နာမည်ကြီး ယာဥ်ထိန်းရဲအရာရှိတယောက်က ရှေ့ဆုံးဂဏန်းကိုသာ အတည်ယူသတ်မှတ်တယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖြန့်ဝေလိုက်တာကြောင့် စုံ / မ သတ်မှတ်မှုနဲ့ပတ်သက်ပြီး လူထုအကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ် ။
” လိုင်းပေါ်မှာပြောနေတာက ရှေ့ဂဏန်းစုံဆိုရင် စုံရက်ပေါ့ ။မဂဏန်းဆို မရက်ဆိုပြီးရေးနေတာ ။ တကယ်အပြင်မှာတော့ မနေ့ထဲက W အရှေ့က ဂဏန်းကိုပဲ စုံ ၊ မ ခွဲတာ ပါ။ မနေ့က အပြင်သွားတော့ ကျွန်မတို့ဆိုင်ကယ် နံပါတ် 34W ပါ ။ W အရှေ့ဂဏန်းယူတာလို့ ပြောတယ်။အဲဒီတော့ စုံဂဏန်း စုံရက်ပဲ စီးရမယ် ပြောပါတယ်။” လို့ ပြည်သူ တယောက်က ပြောပါတယ် ။
စက်သုံးဆီ အရောင်းဆိုင်တွေကလည်း ဆိုင်ကယ်တွေကို ဆီရောင်းချပေးရာမှာ W အရှေ့က ဂဏန်းကိုကြည့်ပြီးသာ စုံ / မ ခွဲပြီး ဆီရောင်းချပေးတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဆိုင်ကယ်ကို စုံ / မ ခွဲတာနဲ့သတ်မှတ်ပြီး ၂ နဲ့စားလို့ပြတ်ရင် စုံ ရက် ၊ ၂ နဲ့စားလို့ မပြတ်ဘဲ အကြွင်းကျန်ရင် မ ရက်ဆိုပြီး သတင်းထုတ်ပြန်ရေးအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားတဲ့ လက်ကမ်းစာစောင် ထွက်ရှိထားတာ တွေ့ရပါတယ်။
စုံ ၊ မ ရက်နဲ့ပတ်သက်ပြီး အသိပေးကာလကို မတ် ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး လက်ရှိမှာ ယာဥ်ထိန်းရဲတပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့ ၊ ထွေအုပ် ၊ စည်ပင် အပါအဖွဲ့စုံ ပူးပေါင်းပြီးစုံ ရက်မှာ စုံဂဏန်းနံပါတ်ကားနဲ့ ဆိုင်ကယ်တွေသာ အပြင်ထွက်ဖို့ ၊ မ ရက်မှာ မဂဏန်းနံပါတ်ကားတွေသာ အပြင်ထွက်ဖို့ကို အသိပညာပေးနေပါတယ်။
အသိပညာပေးကာလအတွင်းမှာတော့ အရေးယူတာမျိုးမလုပ်သေးပေမယ့် သတ်မှတ်ကာလကျော်ချိန် ရောက်ရင်တော့ အမိန့်မလိုက်နာတဲ့ ကားနဲ့ ဆိုင်ကယ်တွေအနေနဲ့ ထောင်ဒဏ် ၁ လ ၊ ဒဏ်ငွေ ကျပ် ၂၀၀၀၀ ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကစက်သုံးဆီ ခြိုးခြံခြွေတာသုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တလျှောက်မှာ အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီခြိုးခြံခြွေတာသုံးစွဲဖို့ဆိုပြီး စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေနဲ့လည်း စက်သုံးဆီကို ဝယ်ယူ စုဆောင်းခြင်းနဲ့ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချခြင်း လုံးဝမပြုလုပ်ဖို့ ပြောထားပါတယ်။
အဆိုပါစည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးလာတာဖြစ်ပါတယ်။
