မတ် ၈ – ၂၀၂၆
SS (VOM)
လိုင်စင်မရှိဘဲ ရှေ့နေလုပ်ငန်း လုပ်ကိုင်ပါက အရေးယူခံရနိုင်တဲ့ အချက် အပါအဝင် အချက် ၇ ချက်ကို ပြန်လည် ဖြည့်စွက်ထားတဲ့ ရှေ့နေများအက်ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မနေ့ မတ် ၇ ရက်၊ ရက်စွဲနဲ့ အသစ်ပြင်ဆင် ပြဋ္ဌာန်းလိုက်ပါတယ်။
အစိုးရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး ဒီဥပဒေကို “ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” လို့ ခေါ်တွင်စေရမှာဖြစ်ကြောင်း ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
ပြင်ဆင်တဲ့ ဥပဒေမှာ ရှေ့နေများ အက်ဥပဒေပုဒ်မ ၁၀ ပြဋ္ဌာန်းချက်ရဲ့ နောက်မှာ “ရှေ့နေအဖြစ် မည်သည့် တရားရုံးပြင်ပ လုပ်ငန်းတရပ်ရပ်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ” ဆိုတဲ့ စကားရပ်ကို ဖြည့်စွက်ရမယ်လို့ ဖော်ပြထားပါတယ်။
လိုက်နာမှု မရှိပါက ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ အနည်းဆုံး ကျပ် ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတရာအထိ ငွေဒဏ် တမျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒီပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ အထက်တန်းရှေ့နေ တယောက်က “ပုဒ်မ ၁၀ မှာ ပုဒ်မ ၇ အရ ထုတ်ပေးထားတဲ့ အထောက်အထား လက်မှတ် ကိုင်ဆောင်ထားခြင်း မရှိလို့ ဆိုထားပါတယ်။ ရှေ့နေလိုင်စင်မရှိသူလို့ ယူဆပါတယ်။ တချို့က ရှေ့နေလိုင်စင် အသိမ်းခံရပေမယ့် အမှုသည်ဆီက အထွေထွေ ကိုယ်စားလှယ်လွှဲစာယူပြီး အမှုလိုက်ပါ ဆောင်ရွက်နေကြလို့ အခုလို ပြင်ဆင်ပြဋ္ဌာန်းလာတာ ဖြစ်မယ်လို့ သုံးသပ်မိပါတယ်” လို့ ပြောပါတယ်။
ဒီဖြည့်စွက် ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ အရင် ပြဋ္ဌာန်းချက်ဖြစ်တဲ့ ရှေ့နေများအက်ဥပဒေ ပုဒ်မ ၁၀ မှာ ‘ဤအက်ဥပဒေ (သို့မဟုတ်) အခြား တည်ဆဲဥပဒေတရပ်ရပ်တွင် ပြဋ္ဌာန်းထားသည်မှတပါး မည်သူမဆို ပုဒ်မ ၇ အရထုတ်ပေးသော အထောက်အထားလက်မှတ် ကိုင်ဆောင်ထားခြင်း မရှိသည့်အပြင် အဆိုပါတရားရုံး (သို့မဟုတ်) ယင်းရုံး၏ လက်အောက်ခံ ရုံးတရုံးရုံးတွင် အမည်စာရင်း တင်သွင်းထားခြင်း မရှိလျှင် ထိုသူအား မည်သည့် တရားရုံးတွင်မျှ ရှေ့နေအဖြစ် အမှုလိုက်ပါ ဆောင်ရွက်ခွင့် မရှိစေရ’ လို့ ပြဋ္ဌာန်းထားတာဖြစ်ကြောင်း သိရပါတယ်။
“ဒီပြင်ဆင်ချက်က လိုင်စင်မရှိသူ၊ လိုက်ပါခွင့် တင်မထားသူကို လုပ်ခွင့်မပေးတဲ့ သဘောပါ။ ရှေ့နေလိုင်စင် လက်ဝယ်ရှိရင် ရှေ့နေရှေ့ရပ် အလုပ်တွေ လုပ်မြဲအတိုင်း လုပ်ရုံပါပဲ။ ဒီအချက်က ရှေ့နေ အစစ်အမှန်တွေအတွက် တကယ် လိုအပ်နေတာကို ဖြည့်ပေးတာဖြစ်လို့ အင်မတန် ကောင်းမွန်တဲ့အချက်ပါ။ ဒါကို တချို့ ရှေ့နေအစစ်တွေက စာသေချာ မဖတ်၊ နားမလည်ကြဘူး ဖြစ်နေတယ်” လို့ နောက်ထပ် ရှေ့နေတယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိ ဥပဒေပြင်ဆင်ချက်မှာ ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (က) ပြဋ္ဌာန်းချက်ရဲ့ နောက်မှာ ‘အခကြေးငွေယူ၍ဖြစ်စေ၊ မယူဘဲဖြစ်စေ အမှုစွဲဆို ဆိုင်ပြိုင်ရန်အလို့ငှာ အမှုသည်၏ ကိုယ်စားလှယ်အဖြစ် မရိုးမဖြောင့်သော သဘောဖြင့် ဆောင်ရွက်သူ၊ သို့မဟုတ်’ လို့ ဖြည့်စွက်ထားပါတယ်။
ဆက်လက်ပြီး ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၃ မှာ ပါရှိတဲ့ ‘ငွေဒဏ် ၂၀၀ ကျပ်အထိ ချမှတ်ခံရမည်၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက တရားမထောင်တွင် ထောင်ဒဏ် ၃ လအထိ ချမှတ်ခံရမည်’ ဆိုတဲ့ စကားရပ်ကို ‘၃ နှစ်ထက်မပိုသော ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်းတရာအထိ ငွေဒဏ်တမျိုးမျိုး ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်၊ ထို့ပြင် ပုဒ်မ ၁၃ အရလည်း အရေးယူခံရမည်’ ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့လည်း ပြင်ဆင်တဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၄ မှာ ပါရှိတဲ့ ‘အဆိုပါတရားရုံး သို့မဟုတ် အဆိုပါရုံးမှ အကြီးအကဲအရာရှိ၏ အမိန့်အရ ငွေဒဏ် ၅၀၀ ကျပ်အထိ ချမှတ်ခံရမည့်ပြင် ငွေဒဏ်ပေးဆောင် ရန် ပျက်ကွက်ပါက တရားမထောင်တွင် ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရမည်’ ဆိုတဲ့ စကားရပ်ကိုလည်း ‘၃ နှစ်ထက်မပိုသော ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတရာအထိ ငွေဒဏ်တမျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်၊ ထို့ပြင် ပုဒ်မ ၁၃ အရလည်း အရေးယူခံရမည်’ ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
“အခု ပြင်ဆင်ဖြည့်စွက် ပြင်ဆင်ချက်မှာ ပြစ်ဒဏ်တွေ တိုးလာတာ တွေ့ရတယ်။ ဒါကလည်း ခေတ်နဲ့လျော်ညီတဲ့ ပြစ်ဒဏ်တွေလို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို ဘာကြောင့် ချက်ချင်းကြီး ထုတ်ရသလဲ ဆိုတာတော့ စဉ်းစားစရာ ရှိတာပေါ့။ ဒါကလည်း စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။ ဘာပဲပြောပြော လုပ်ရကိုင်ရတာ ဘောင်ကျဉ်းသွားမယ့် သဘောမှာ ရှိနေပါတယ်” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိ ပြင်ဆင်လိုက်တဲ့ ပြဋ္ဌာန်းချက်မှာ ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၆ ရဲ့ (က) ပုဒ်မခွဲ (၃) မှာ ပါရှိတဲ့ ‘သက်ဆိုင်သည့် တရားရုံးတိုင်းတွင်’ ဆိုတဲ့ စကားရပ်ကို ‘တရားရုံးအသီးသီးတွင်’ ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ (ခ) ပုဒ်မခွဲ (၆) ၌ ပါရှိတဲ့ ‘ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ် ၅၀ဝ ကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်’ ဆိုတဲ့ စကားရပ်ကို ‘၃ နှစ် ထက်မပိုသော ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတရာအထိ ငွေဒဏ်တမျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရမည်၊ ထို့ပြင် ပုဒ်မ ၁၃ အရလည်း အရေးယူခံရမည်’ ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးက တရားလွှတ်တော်ရှေ့နေတယောက်ကတော့
“တချိန်က လူတိုင်းလေးစားကြောက်ရွံပြီး ဂုဏ်ယူခဲ့တဲ့အလုပ်က ကိုယ့်တန်ဖိုးကို ကိုယ်ပြန်ဖျက်ခဲ့တဲ့သူတွေကြောင့် အားလုံးရဲအနိမ်ခံဘဝရောက်သွားပြီ” လို့ မှတ်ချက်ပြုထားပါတယ်။
Photo – CJ
