သူတို့အိမ် အခန်း – ၇၂

ဆူးငှက်

 

 

နွေအခါ ရွာအပြန်
————————–

သည်တစ်ခါ ရွာပြန်ကြတော့ တပျော်တပါးကြီး ဖြစ်သည်။ မန္တလေးကတည်းက လူစုံသည်။ လူပျိုကြီး ကိုဌေးအောင် ဦးဆောင်ပြီး ကိုမောင်ဒွေး၊ ကိုမန်းမောင်၊ သောင်းထွန်း၊ ကျွန်တော့်တူ ဖြစ်သူ ထွန်းထွန်း နှင့် ကျွန်တော်တို့ ၆ယောက် ဖြစ်သည်။ ကျွန်တော်တို့က မုံရွာမှာ တစ်ထောက်နားပြီး ကိုမောင်ဝင်း လည်း လိုက်ပါလာသည်။ ထိုစဉ်က ကျွန်တော့်ယောက်ဖ ဦးဇော်ဝင်းထံမှာ ကင်မရာလေး ၁လုံးရှိသည်။ သူ့ကင်မရာက 120 ဖလင် ထည့်ရသည်။ 120 ဖလင် က ဖလင်၁လိတ်တွင် ၁၂ကွက်ပဲပါသည်။ ကင်မရာက ဂျာမဏီ ထုတ် ဖြစ်ပြီး ပုံထွက်ကောင်းသည်။

 

ကျွန်တော်က ဦးဇော်ဝင်း ထံက ထိုကင်မရာလေးလည်း ဝင်ယူကာ မုံရွာ ဈေးဟောင်းကြီးအနီးရှိ ဖူဝိန်ဓာတ်ပုံတိုက်က 120 ဖလင်လိတ်လည်း ဝယ်ထည့်ခဲ့သည်။ မုံရွာက ဘုတလင်သို့ သွားသောအခါ မုံရွာ ရေဦး ပြေးဆွဲသည့် စိန်သုံးလုံးကားကို မစီးဘဲ မုံရွာ ပေပင်ကျောင်းအနီးတွင် ဂိတ်ထိုးသော ဘုတလင်က ဦးသိန်း ကားကိုပဲ စီးကြသည်။ ကျွန်တော်က ဆရာသိန်းဖေမြင့်၏ အညာပြန်ဟူသော စာအုပ်ကို သဘောကျ၍ အထပ်ထပ် ဖတ်ထားသော အခါ ဘုတလင် ကားပေါ်က ပါစင်ဂျာတွေကို စိတ်ဝင်စားသည်။

 

သိန်းဖေမြင့် ၏ အညာပြန်
—————————–

 

“မျက်နှာသုတ်ပဝါပေါင်းပြီး ဆောင့်ကြောင့်ထိုင်လိုက်လာသော လူကြီးက ဆေးပေါ့လိပ်ကြီးကို ခဲနေသည်။ မီးပွားမကျအောင် ဒူးနှစ်လုံးကြားတွင် ညှပ်ကိုင်ထားသည့် နို့ဆီဘူးခွံတွင် ဆေးလိပ်ခေါင်းကို စိုက်ထားသည်။ သူသည် ဆေးလိပ်မှ တစ်ပါး တစ်လောကလုံးကို မေ့နေဟန်တူသည်။ ဟောင်းလွန်းသဖြင့် အချို့နေရာမှာ ဖြူဖတ်ဖြူရော်ပင် ဖြစ်လာနေပြီးသော သက်္ကလပ်အနက် အပေါ်အင်္ကျီကို ဝတ်ထားသော လူကြီးကား သျှောင်ထုံးကြီး ပြောင်ပြောင် နှုတ်ခမ်းမွေး ထောင်ထောင်နှင့် ဖြစ်နေသည်။ သို့ရာတွင် မျက်နှာကား ရုပ်သေးစင်က ဝန်ကြီးရုပ်လို အတွင်းစိတ်ကို ဖတ်လို့မရသော မျက်နှာဖြစ်၏။ အထက်နှုတ်ခမ်းကွဲပြီး ရှေ့သွားနှစ်ချောင်း သွားဖုံးကစပြီး ပေါ်နေသော နွားကျောင်းသား အရွယ် တစ်ဦးသည် ဘတ်စ်ကား အတွင်းဘက်သို့ တစ်ခါမှ မကြည့်။ ဘေးပတ်ဝန်းကျင်ရှိ ယာခင်းပြင်ကြီးများ ဆီသို့သာ ငေးမောနေသည်။”

ကျွန်တော်သည် ဆရာသိန်းဖေမြင့်၏ “အညာပြန်” စာအုပ်ကို ဖတ်မိတိုင်း မုံရွာ-ဘုတလင် ကားလမ်းပေါ်က “တောကား” တစ်စီးနှင့် ခရီးသည်မြင်ကွင်းတွေကို သဘောကျမိသည်။ ဆရာသိန်းဖေမြင့်ကလည်း ကားပေါ်ပါလာသူ တစ်ဦးချင်းစီ၏ စရိုက်ကိုဖော် လာနိုင်သည်။ ခရီးသည်တွေ၏ စရိုက်တင်လား။ မဟုတ်။ မုံရွာဘုတလင် ပြေးဆွဲသော ဘတ်စ်ကားကိုလည်း ““စီးနေကျ ဘတ်စ်ကားများထက်ပင် အမြင်စုတ်နေ လေသည်။ အကာမပါ။ စက်ခေါင်းတွင် အဖုံးမရှိ။ မည်မျှပင် စုတ်ပြတ်စုတ်ပြတ်၊ စက်ခေါင်းမှာတော့ အဖုံးရှိထိုက်သည် မဟုတ်ပါလား။ စုံစမ်းကြည့်သောအခါ တမင် စုတ်ပြတ်အောင် ထားခြင်းဖြစ်သည်။ တမင် စက်ခေါင်းအဖုံး ဖြုတ်ထားခြင်းဖြစ်သည်ဟု သိရပေသည်။ စက်ခေါင်းအဖုံးနှင့် အကာနှင့် သပ်သပ်ရပ်ရပ်ဆိုလျှင် အာဏာပိုင်တို့က စစ်မြေပြင်သို့ ချောဆွဲသွားမည်ကို စိုးရသည်ဟု ဆိုလေသည်””တဲ့ ။ ကားမြင်ကွင်းကို သာမက ထိုခေတ်အချိန်၏ အခြေအနေကိုပါ ဖော်ပြသည်။

ဆရာသိန်းဖေမြင့်၏ မုံရွာ- ဘုတလင်သွား တောလားကို ဖတ်သည်နှင့် ထိုခရီးလမ်းကို ထိုသို့ပဲ သွားချင်နေ သည်။ ဟုတ်သည်။ မုံရွာ ကံသာယာကို ကျော်၊ ကွေ့ကြီးရပ်ကို ဖြတ်ပြီး မြို့က ထွက်သည်နှင့် ပေတစ်ရာလမ်းမ တစ်ဖက် တစ်ချက်တွင် တမာပင်ကြီးတွေက အုပ်မိုးထားသည်။ တမာရနံ့တို့က သင်းပျံ့နေ၏။ ညာဘက် မလှမ်းမကမ်းမှာ မုံရွာ-ရေဦး မီးရထားလမ်းက ကြေးနန်းတိုင်လေးတွေ လှစ်ခနဲ၊ လှစ်ခနဲ ကိုယ်ထင်ပြသည်။ အခု ကျွန်တော်တို့ ဒီခရီးလမ်းကို သွားခဲ့တာက မုံရွာပေပင်ကျောင်း အနီးက စီးရသည့် ဦးသိန်းကားနှင့် ဖြစ်သည်။ ဦးသိန်းကားကနောက်ဖွင့် ဘတ်စ်ကားကြီး ဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်မှာ ခုံတန်းရှည်ကြီး ရိုက်ထားသည်။ အလယ်မှာက တောင်းတွေ ပလုံးတွေ အိတ်တွေနှင့် ခရီးသည်တွေ ပြွတ်ညှပ်လိုက်ပါလာသည်။ ခုံတန်းရှည်ပေါ် ထိုင်ရသူတွေကတော့ အခွင့်ထူးခံတွေပေါ့။

အလယ်ကောင် တောင်းတွေ ပလုံးတွေနှင့် လိုက်ပါရသူတွေက “ဆရာသိန်းဖေမြင့်”“အညာပြန်”ထဲက ဇာတ်ကောင်တွေနှင့် မခြား။ ဆရာသိန်းဖေမြင့် ဇာတ်ကောင်များနှင့် ကျွန်တော် မြင်တွေ့ရသော ဦးသိန်း ဘတ်စ်ကားပေါ် ကခရီးသည်များမှာ နှစ်ပေါင်း လေးငါးခြေက်ဆယ် ကွာခဲ့ပေမဲ့ ဘာမှမထူးခြား။ ထိုအဝတ်အစား၊ ထိုအနေမထိုင်၊ ထိုအမူအကျင့်များပဲ ဖြစ်ပါသည်။ ဘတ်စ်ကားကတော့ ဘာထူးမှာလဲ။ ထူးတာက ဆရာသိန်းဖေမြင့် စီးခဲ့သလို စက်ခေါင်းမှာ အဖုံးမပါတာ စုတ်ပြတ်သတ် နေတာမျိုးတော့ မဟုတ်။ စစ်လက်ကျန် ကားဟောင်းကိုပင် ဘော်ဒီကို အကျအန ပြင်ထားသည်။ ဆေးသစ် သုတ်ထားသည်။ သို့သော် ယခင်ကလိုပဲ ဂီယာတဒီးဒီး ထိုးပြီး စက်သံ တအီးအီးပေးကာ ရွာပေါက်စေ့ရပ်သည်။ ခရီးသည် တင်သည်၊ ချသည်၊ စကားတွေ ကျယ်ကျယ်လောင်လောင် ပြောကြသည်။ ခရီးသည်နှင့် စပယ်ယာ ကွမ်းယာ အပြန်အလှန် ထောက်ပံ့ကြသည်။

အလုံဝါးထောင်တွေလွန်တော့ ဦးသိန်းဘတ်စ်ကားက အရှိန်ရလာသည်။ လယ်ကွင်းတွေ ကျော်လာသည်။ တမာပင်တန်းကြီးနှင့် ပေတစ်ရာလမ်းက ကားချင်းရှောင်လျှင် လမ်းဘေးချကာ အရှိန်လျှော့ပေးရသော်လည်း ဖြောင့်ဖြူးသည်။ မည်မျှပင် အရှိန်ကောင်း နေစေ လမ်းဘေးမှာ ဇရပ်လေးတွေနှင့် ရွာကိုတွေ့လျှင် အရှိန်ကိုလျှော့၍ ရပ်သည်။ ခရီးသည်များ စိမ်ပြေနပြေ ဆင်းကြသည်။ ရွာထဲက စပယ်ယာမှအစ ခရီးသည်အားလုံး သိကျွမ်းနေသည်။ ရင်းနှီးနေသည်။ သူတို့ အပြောအဆို၊ သူတို့ အအော်အဟစ်မှာ သံယောဇဉ်တွေ ရှိသည်။ ဇာတ်လမ်းတွေ ရှိသည်။ ကျွန်တော်က ပွဲကြည့် ပရိသတ်. . ။

မုံရွာသည် အခုတော့ အလုံနှင့်လည်း ဆက်သွားပြီ။ ကမ်းနဘေး အိမ်ခြေ အဆောက်အအုံတွေလည်း ပြောင်းလဲသွားသည်။ သို့သော် သက်ကြီးဝါကြီး ကုဣိုပင်ကြီး အောက်က အလုံဘိုးဘိုးကြီး နတ်နန်းကတော့ မပြောင်းလဲ။ လမ်းပေါ်မှာ နွားနို့ပို့သူ ဈေးသွားသူ၊ ပွဲရုံသွားသူ၊ သီးနှံပို့သူ၊ ကျောင်းတက်သူ၊ ရုံးတက်သူ၊ ပဲအိတ်သယ်သူ၊ မြေဆီဈေးမေးသူ။ အလှုပ်အရှား အလုပ်များသူတွေ ဖြစ်နေကြပြီ။

 

တမာပင်တန်းနှင့် ကားလမ်းမ
——————————–

ကျွန်တော်သည် မုံရွာ- ဘုတလင် ကားလမ်းမကို သဘောကျသည်။ လမ်းတစ်ဖက် တစ်ချက် တမာပင်ကြီးတွေ ဆီးမိုးထားသဖြင့် နေပြောက်မထိုးအောင် အရိပ်ရနေသည့် လမ်းမသည် ကားနှစ်စီး ရှောင်သာရုံသာ ဖြစ်သော်လည်း ကတ်္တရာ လမ်းသားက ကောင်းမွန်သည်။ ထိုစဉ်က အသွားအလာ နည်းသည်ဟု ဆိုရမှာမို့ လမ်းမှာ ကား အရှောင်အတိမ်း သိပ်မရှိ ။ မျက်နှာချင်းဆိုင်မှ လူတွေ အပြည့်နှင့် ပါစင်ဂျာ ကားတစ်စီး ဆုံလျှင် နှစ်စီးစလုံးက လမ်းဘေးချရပ်ပြီး ဖြည်းဖြည်းချင်း ရှောင်တိမ်းကြသည်။ ကားလမ်းနဘေး ရွာတွေကလည်း ရွာထိပ်မှာ ဇရပ်တွေရှိသည်။

ဇရပ်တွေက ကျွန်းတိုင်လုံး ခိုင်ခိုင်မာမာတွေချည်း ဖြစ်၏။ ဇရပ်မှာ သစ်သားကြမ်ခင်း အပြည့်(သို့မဟုတ်) တစ်ဝက် ခင်းထားသည်။ ပြီးတော့ ဇရပ်ခေါင်းရင်းမှာ (သို့မဟုတ်) ဇရပ်ဆီးမိုးထားသော မန်ကျည်းပင် (သို့မဟုတ်) တမာပင်ရင်းမှာ ရေအိုးစင်ရှိမည်။ အချို့ ရေအိုးစင်က ခိုင်ခိုင်မာမာ ဖြစ်၏။ အချို့ရေအိုးစင်က တောသားများဖြင့် သပ်သပ်ရပ်ရပ် ဖြစ်သည်။ ထိုရေအိုးစင်ပေါ်တွင် ရေအိုးနှစ်လုံး အနည်းဆုံးရှိမည်။ အိုးအောက်ခြေ သဲစိုစိုပေါ်မှာ စပါးစေ့လေးတွေ၊ ပဲစေ့လေးတွေ ကျဲထားလို့ အပင်ပေါက် စိမ်းစိမ်းစိုစိုလေးတွေက မျက်စိပသာဒ အေးမြစေသည်။ ဝါးနှီးဖြင့် ရက်လုပ်ထားသော ကန်တော့ပုံ ရေအိုးဖုံးများ အောက်တွင် သန့်ရှင်း သပ်ရပ်သော ရေအိုးဖုံးနှင့် ရေခွက်(သို့မဟုတ်) အရိုးတပ် အုန်းမှုတ်ခွက် ရှိမည်။

ဇရပ်ဘေးက သစ်ပင်ရိပ်မှာ ချွတ်ထားသော လှည်းတစ်စီးစ နှစ်စီးစရှိမှာပေါ့။ အရိပ်မှာ ဝပ်နေသော နွားတွေက အေးအေးလူလူ စားမြုံပြန်နေကြ၏။ ဇရပ်ပေါ်မှာ ခေါင်းပေါင်းတွေနှင့် တောသားကြီးတွေ၊ တောသူမကြီးတွေ ထိုင်နေကြ သည်။ ကလေးအမေတွေက သူတို့ကလေးတွေကို အားရပါးရ နို့လှန်တိုက်နေကြသည်။ ဘေးမှာတောင်းတွေ၊ ပလုံတွေ၊ ဝန်စည်စလှယ်တွေလည်း ရှိမည်။ ဇရပ်ကြမ်းခင်းပေါ်က သစ်သားတန်းကို ခေါင်းအုံးပြီး မျက်နှာပေါ် ချည်တဘက်အုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသူလည်း ရှိပါ၏။ အချို့သော ရွာကြီးများ ထိပ်က ဇရပ်ဘေးမှာ ကွမ်းယာ ဆိုင်လေး အချို့ကို လည်း တွေ့ဖူးသည်။

ကားလမ်းဘေးက ဇရပ်တွေနှင့် ကပ်လျက်ရွာကိုလည်း တွေ့ရသလို အချို့ရွာများက ဇရပ်နှင့် ခပ်လှမ်းလှမ်းမှာ ရှိတတ်သည်။ ဇရပ်ဘေး လှည်းလမ်းကြောင်းကနေ ဟို အဝေးဆီ မျှော်ကြည့်တော့ သစ်ပင် ခပ်အုပ်အုပ်နှင့် ရွာကလေးတွေလည်း လွမ်းဆွတ်ဖွယ် မြင်ရသည်။ ရွာတိုင်းလိုလို သစ်ပင်အုပ်အုပ်တွေဆီမှ ဘုန်းကြီးကျောင်း၏ ပြာသာဒ်နှင့် ထုံးဖြူဖြူ ဘုရားအဆူဆူကိုလည်း ဖူးတွေ့ရတတ်၏။

 

လမ်းပေါ်မှာ ကားပေါ်မှာ၊ လမ်းနဘေး ဇရပ်မှာ
—————————————————

အကယ်၍ ထိုသို့သော ကားလမ်းနဘေး ဇရပ်တွေမှာ ကားထိုးဆိုက်လိုက်ပြီး ဆင်းရမည့် ခရီးသည်က လာကြိုသူကို အားရဝမ်းသာ နှုတ်ဆက်ပြီး လာကြိုသူကလည်း မျက်ခမ်းစပ် မျက်လုံးကို မှေး၊ နေရောင်ကို လက်နှင့်ကာ၍ ကားပေါ်မှ အသံလာရာကို ကြည့်ရင်း သဲသဲကွဲကွဲ မြင်ရတော့ ရင်းရင်းနှီးနှီးအပြန်အလှန် နာမည်အော်ခေါ်ပုံများကလည်း ကြည်နူးစရာ ကောင်းလှသည်။ ထိုဇရပ်မှကားပေါ်တက်၍ ရှေ့ခရီးလိုက်ပါမည့် သူဆိုပါတော့။ လိုက်ပို့သူများက လက်ဆွဲ၊ ပခုံးဆွဲ၍ နှုတ်ဆက်လို့ အားမရနိုင်၍ စပယ်ယာက စိတ်ရှည် လက်ရှည်စောင့်သည်။ မိမိရွာမှ အခြားမြို့ရွာသို့ သွားမည့်သူ ဆိုပါက ရွာဦးဘုန်းကြီး မှာတာတွေ အမြဲသတိရဖို့၊ ရတနာသုံးပါး အနနေ်္တာအနန်္တငါးပါးကို ကန်တော့ဖို့၊ ရေချိုးမိုးချိုး ဆင်ခြင်ဖို့၊ လူကြုံနှင့် စာထည့်ဖို့ တတွတ်တွတ်မှာလို့မဆုံး…။

ရွာကိုအလည်လာသူ ပြန်မည်ဆိုပါက မျက်ရည်လေးတွေ တစမ်းစမ်း၊ ဖျင်တဘက်နှင့် မျက်ရည် တတို့တို့ဖြင့် “အဲ. . .အေ ၊နေပါဦးတော့၊ အခုတော့ လာလိုက်တာမှ မျက်စိတစ်မှိတ်၊ အိပ်မက်သလို ပေါ့အေ.၊ ညည်းပြန်တော့ တစ်ရွာလုံး လွန်း(လွမ်း) ကျန်ရစ်ကြတော့အေ။ ညနေရေခပ်ချိန်ဆို သတိအရဆုံး နေမှာ။ နောက်နှစ်နွေအခါ ဆက်ဆက် လာခဲ့ပါဦးအေ။ ကဲ… ကဲ သွားရော့၊ သွားရော့”ဟု လေသံလေး လေးကြီးတွေနှင့် နှုတ်ဆက်ကြတာ ဝမ်းနည်းစရာ ကောင်းလှသည်။ ဂီယာပြောင်း၍ စက်သံ တဒီးဒီးပေးကာ ဘီးလှိမ့်၍ ထွက်သည်အထိ ကားဘေးက ကပ်လိုက်ကာ နှုတ်ဆက်ကြသည်။ ကားပေါ်က ဧည့်သည်လက်ကို မလွတ်တမ်းဆွဲ၍ အပြေးလိုက်ကြ၏။ စပယ်ယာက ဇွတ်အတင်း အော်ငေါက်မှ လက်ကိုဖြုတ်ကာ မျက်ရည်တွေကျရင်း လက်ပြနှုတ်ဆက် ကျန်ရစ်ကြ၏။

မုံရွာ ဘုတလင် ကားလမ်းပေါ်က မြင်ကွင်းများသည် ကျွန်တော်ဖတ်ဖူးသည့် ဝတ္ထုတွေထဲက အညာပုံရိပ်တွေကို မျက်စေ့ဖြင့် တပ်အပ် မြင်ရသလိုမျိုးမို့ ထိုခရီးကအပြန် ထို ဝတ္ထုများကို ပြန်ဖတ်ရတာ အရသာရှိ လှသည်။ သည်တစ်ခေါက် ရွာ အပြန်မှာက လူလည်းစုံသလို ရောက်ချင် သွားချင်သည့် နေရာတွေလည်း သွားကြဖို့ တိုင်ပင်ထားကြသည်။ ရွာရောက်တော့ ကျွန်တော် ကိုမောင်ဝင်းနှင့် ထွန်းထွန်းတို့က ပစ္စည်းတွေကို ကိုမောင်ဝင်း အစ်မ မမညိုအိမ်မှာချပြီး ဦးကြီးဦးချစ်တီး အိမ်မှာပဲ ညအိပ်ကြသည်။ မမညိုအိမ်နှင့် ဦးကြီးဦးချစ်တီး အိမ်က လမ်းပဲခြားသည်။

ထို့အတူ ကိုမန်းမောင် က မမညိုအိမ်နှင့် တစ်ဘက်လမ်းပဲ ခြားသည့် ကိုထွန်းအေး မမအိ တို့ အိမ်မှာ တည်းသည်။ တစ်ခါ ကိုဌေးအောင်၊ ကိုမောင်ဒွေးနှင့် သောင်းထွန်းတို့က မြောက်ရပ်က အမျိုးတွေဆီ တည်းကြသည်။ သို့သော် ထိုအိမ်များအားလုံးက အိပ်သည် ဆိုရုံပါပဲ။ မနက်လင်းတာနှင့် ကျွန်တော်တို့ အားလုံးကို လက်ဖက်ရည် သောက်ဟု ဖိတ်ထားသည့် အိမ်တွေရှိတော့ ထိုအိမ်တွေမှာ စုမိကြပြီး ကျောင်းမ ဦးဇင်းမှိုင်းဆီ ကန်တော့ကြ၊ စကားပြောကြသည်။

 

ကျောက်တံခါးနှင့် ဓာတ်တော်ကုန်း
————————————

သည်တစ်ခေါက် ဦးဇင်းမှိုင်းက ရွှေမုဋ္ဌောစေတီ ပြုပြင်ပြီးတာနှင့် မန္တလေးက ပေးပို့သည့် လှူဒါန်းငွေတွေ အခြေအနေ နှင့် ဘုရားသို့ သွားဖူးကြမည့် အစီအစဉ်တွေ မိန့်သည်။ ထိုစဉ် ကျောင်းမှာရောက်နှင့်နေသည့် ကိုကောင်းကြီးက နေမပူခင် ကျောက်တံခါးနှင့် ဓာတ်တော်ကုန်းသွားတာ ပိုအဆင်ပြေမယ်ဘုရား၊ ညနေမှ တောင်ဘုရားကုန်း တက်ကြတာပေါ့ ဟု လျှောက်သဖြင့် ဦးဇင်းမှိုင်းက မောင်ကောင်းပြောတာ ဟုတ်တယ်ကွယ့်၊ တောင်ဘုရားကုန်းက ဘယ်အချိန်သွားသွား အဆင်ပြေတယ်၊ ကျောက်တံခါးနဲ့ ဓာတ်တော်ကုန်းက ရောက်ခဲတယ်၊ ရွာက လူတွေတောင် မရောက်ကြဘူး၊ နေမပူခင် မောင်ဌေးအောင်တို့ သွားကြကွယ့် ဟု မိန့်သည်။ ထို့ကြောင့် ကိုကောင်းကြီး ဦးဆောင်ပြီး ကျောင်းမ အရှေ့ဘက် မာန်အောင်သရဖူဘုရားဘေးမှ ကန်မဘက်ဆင်းကာ ဆင်ခံဘုရားဦးမှတဆင့် လှည်းလမ်းအတိုင်း အရှေ့သို့ တက်ကြရသည်။

ကျောက်တံခါးဆိုသည်ကိုတော့ ငယ်ငယ်ကတည်းက အဘတို့ အမေတို့ ပြောကြလို့ ကြားဖူးနေတာ ကြာပါပြီ။ ထိုနေရာမှာ လှည်းလမ်း တစ်ဖက်တစ်ချက် ကျောက်နံရံ အမြင့်ကြီးတွေက ခေါင်းပေါင်း ကျွတ်လုအောင် မော့ကြည့်ရတာ တံခါးကြီး ပမာမို့ ကျောက်တံခါးခေါ်ကြောင်း၊ တောပိုင် တောင်ပိုင် နတ်စင်ရှိကြောင်း၊ ထိုလှည်းလမ်းက ဘုတလင်နှင့် အရာတော် ဆက်သွယ်သော ရှေးဟောင်း လှည်းလမ်းဖြစ်ကြောင်း နှင့် သွားလာကြသည့် လှည်းမှန်သမျှ ကျောက်တံခါးနတ်စင်ကို ဦးတိုက် ပသ ပြီးမှ သွားကြသည့် အကြောင်းများက အိပ်ရာဝင် ပုံပြင်များပမာ ကြားခဲ့ရသည်။

ထိုမျှမက အဘ ကလည်း သူ့ဆရာ ဦးမေဓာ ဘုန်းကြီးနှင့် ကျောက်တံခါးသိုက်ကို တူးရန် ကြံစည်ကြသည့် အကြောင်းများလည်း သည်းထိပ်တဖိုဖို ကြားခဲ့ရဖူးသည်။ အမေကလည်း သူတို့ ငယ်စဉ်က မျှစ်ချိုးရင်း သည်နေရာ ရောက်တော့ ကျပ်ရွာပြောင်းတာ တွေ့ဖူးသည့် အကြောင်းကို ဇာတ်ထုပ်လို ပြောပြဖူးသည်။ သို့သော် တစ်ခါမှ မရောက်ဖူး။ သည်တစ်ခါမှ ကိုကောင်းကြီး လိုက်ပို့၍ ရောက်ရသည်။ သို့သော် အခု တစ်ဆက်တည်းသွားမည့် ဓာတ်တော်ကုန်း ဆိုတာတော့ အရင်ကလည်း မကြားဖူးခဲ့။ အဘတို့ အမေတို့လည်း မပြောဖူးခဲ့။ အခုအခေါက်မှသာ ကိုကောင်းကြီး အစဖော်၍ ဦးဇင်းမှိုင်းက တိုက်တွန်းလို့ ရောက်ကြရသည်။ ထိုနေရာများက ရွာနှင့်လည်း လှမ်းသည့်အပြင် သဲတာလှည်းလမ်းနှင့် ကျောက်ကုန်းအတက်တွေမို့ အတော်တော့ အပန်းသား။

 

ပတ်လည်ကမ်းနှင့် လက်ယက်ရေ
————————————–

ရွာကနေ မဝေးလှသော နေရာတွင် ပတ်လည်ကမ်းဆိုတာလည်းရှိသည်။ တကယ်တော့ ရွာသည် ကျောက်ကုန်းစောင်း မှာ တည်ရှိကာ ရေရှားပါးသည့် အရပ်ဖြစ်သည်။ ရွာတောင်ဘက်မှာ ဟိုး အရှေ့ကြောကစီးလာသော ချောင်းရှိသည်။ သို့သော် ထိုချောင်းက မိုးတွင်းကာလ မိုးကောင်းမှသာ ချောင်းရေကျသည်။ ထိုရေက မနေ၊ ခဏလေးနှင့် ပျောက်သွား၏။ မိုးကြီးခါဆိုလျှင်တော့ ချောင်းရေ အကျကြမ်းသတဲ့။ သစ်ပင်တွေ ဝါးတွေ ထင်းတွေ ပါလာတတ်သလို တောကောင်များပင် ပါလာတတ်သည်ဟု ဆိုကြသည်။ ရွာက အတောင် ၆၀ကျော်နက်သည့် ရေတွင်းကြီးတွေက ထိုချောင်းစပ်မှာ ရှိသည်။ ပတ်လည်ကမ်းဆိုသည်က ထိုချောင်းအတိုင်း အထက်သို့ တက်သွားတော့ ချောင်းကွေ့ တစ်နေရာတွင် တစ်ဖက် တစ်ချက်မှာ ကမ်းပါးစောက်ကြီးတွေ ပတ်လည်ဖြစ်နေသည်။ ထိုအောက် ချောင်းထဲက သဲတာမှာ လက်ယက်တွင်းလေး တွေရှိသည်။ မြို့ကရောက်လာသူမှန်သမျှက ပတ်လည်ကမ်းသို့ သွားကာ လက်ယက်တွင်းရေ ချိုးကြစမြဲဖြစ်သည်။ ပတ်လည်ကမ်းနှင့် လက်ယက်ကို ရွာက ရေစည်တိုက်သော လှည်းတွေနှင့် လိုက်ကြရသည်။

ရွာတောင်ပေါက်ကထွက်ကာ ရေတွင်းကြီးတွေဘေးကတဆင့် ချောင်းထဲက သဲတာလှည်းလမ်းသို့ ဆင်းကာ ရေမရှိသော ချောင်းရိုးုထဲက သဲတာမှာ၊ တစ်ခါတရံ ကျောက်စရစ်ကုန်းမှာ ရေစည်လှည်း၏ တအီအီ အသံနှင့် ပျင်းနေအောင် လိုက်မှ ပတ်လည်ကမ်းနှင့် လက်ယက်သို့ရောက်သည်။ လက်ယက်တွင်းလေးတွေက၂ပေခွဲ ၃ပေ ပတ်လည်လောက်နှင့် အနက်ကလည်း ၄ပေလောက်ရှိမည်။ ရေစည်က ရေခတ်သန်လျှင် တစ်တွင်းလုံးရေက တခဏနှင့် ကုန်ကာ ရေအထွက် ပြန်စောင့် ရသည်။ ထိုနေရာတွင် ထိုသို့သော လက်ယက်တွင်းလေးတွေ ၃တွင်း ၄တွင်းလောက် ရှိမည်။ စီးလာသည့် ရေစည်လှည်းက လက်ယက်တစ်တွင်းမှာ ရေဖြည့်နေစဉ် ကျွန်တော်တို့က အခြားတွင်းမှာ ပုံးနှင့်ခပ်၍ ရေချိုးကြသည်။ လက်ယက်တွင်းရေက သဲတရှပ်ရှပ်နှင့် ပေမယ့် အေးစိမ့်နေ၏။ အခန့်မသင့်လျှင် ဖျားနိုင်သည်။ သည်တော့ သဲတာမှာ နေပူကြီးထဲလာ ရောက်တာနှင့် လက်ယက်တွင်းရေချိုး၊ အပြန်မှာလည်း နေပူကြီးထဲ သဲတာမှာ ပြန်ရဆိုတော့ အဆင်တော့ မပြေလှ။ သို့သော် ရောက်တုန်းရောက်ခိုက် အပျော်ပေါ့လေ။

 

ကျောက်တံခါး အရှင်ကြီး
——————————–

ထိုစဉ်ကာလ ကျွန်တော်တို့ ရောက်စဉ် ကျောက်တံခါး နတ်စင်ကလည်း ပြိုလုလုနှင့် ကျောက်တံခါးအရှင်၏ ရုပ်တုကလည်း အတော် ဟောင်းနေပြီ။ ရှေးကာလကသာ ထိုလမ်းက ဘုတလင် အရာတော် ကုန်သွယ်လမ်းမို့ လှည်းနှင့် အသွားအလာများလို့ ကျောက်တံခါးအရှင်လည်း စူဖြိုးပေလိမ့်မည်။ အခုတော့ အနီးအနား ယာခင်းသွားသည့် လှည်းလောက်ပဲ ရှိတော့ မပျက်ရုံ ကျန်သည့် သဘောဖြစ်လိမ့်မည်။ (အခုတော့ ကျောက်တံခါး အရှင်ကြီး၏ ပုံတော်ကို အသစ်ပြုပြင်ထားရုံမက နတ်ကွန်းကလည်း အုတ်နှင့် ကျောက်နှင့် အခိုင်အခန့် ဖြစ်နေပါပြီ)။ ကျောက်တံခါးးနတ်စင်တွင် ကိုကောင်း က ရပ်ရွာဓလေ့အရ တောင်းပန် ဦးခိုက် ကန်တော့သည်။ ကျွန်တော်တို့လည်း သဲလမ်းပေါ်မှာ ဖိနပ်လေးတွေ ချွတ်ပြီး ကန်တော့ကြတာပေါ့။ ကိုဌေးအောင်က သူ့အစ်ကိုလည်း တော်စပ်သူ ကိုကောင်း ကို စပြောင်သည်ကိုပင် မလုပ်နဲ့ ရဲဌေးရ၊ သူ့ အပိုင်နယ်ပယ်ထဲ လာရတာ၊ သူ့မကျေနပ်ရင် ဒို့ နတ်ဖွက်ခံရပြီး အိမ်ပြန် မရောက်ဘဲ နေပါ့မယ်ကွာဟု ကိုကောင်းကြီးက ပြန်ပြောသည်။

ကျောက်တံခါးနတ်စင်ကနေ လှည်းလမ်းအတိုင်း ရှေ့ဆက်သွားရသည်။ ထိုနေရာ လှည်းလမ်းက နှစ်ပေါင်း ဘယ်နှရာ သုံးခဲ့လေသလားမသိ၊ ကျောက်ကုန်းပေါ်က လှည်း၂ဘီးအရာက တစ်တောင်မက နက်နေပြီ။ တချို့သော အကွေ့နေရာများတွင်လည်း ကျောက်နံရံ ၂ဖက်ကြား လှည်း၁စီး မောင်းသာရုံ အကျယ်သာရှိလို့ အကွေ့ကျောက်နံရံကို လှည်းဘီးနှင့် ပွတ်တိုက်သော အရာတွေကလည်း ဖြတ်ခဲ့သည့် လှည်းအရေအတွက်နှင့် နှစ်ကာလများ၏ များပြားရှည်ကြာ ခဲ့သည့် အမှတ်အသားများလည်း ဖြစ်သည်။ ကိုကောင်းက ငါငယ်ငယ် ဒီလမ်းကနေ မုံထူး ထူးကြီးရွာတွေဘက် သွားတော့ လမ်းအကွေ့နေရာ လှည်းဘီးတွေ ပွတ်လွန်းလို့ နံရံကြားက ကျောက်ဖြစ်နေတဲ့ လူအရိုးစုတွေ တွေ့ဖူးတယ်ကွ ဟု ပြောတော့ ကျွန်တော် အံ့သြနေသည်။

အခု တွေ့သေးလားဗျ၊ ဘယ်နေရာမှာလဲ ဟု မေးတော့ ကိုကောင်းက ဘယ်နေရာလည်း မမှတ်မိတော့ပါဘူးကွာ နှစ်၅၀လောက် ကြာခဲ့မင့်ဟာပဲ ဟူသော အဖြေဖြင့် ကိစ္စပြတ်သွား၏။ တစ်နေရာရောက်တော့ လမ်း၏ ဘယ်ဘက်က ရိုးကလေးတစ်ရိုးတွေ့သည်နှင့် လာကွ ဒီက တက်ရမှာဟု ကိုကောင်းကပြောပြီး ရှေ့က တက်သည်။ ကျွန်တော်တို့ ကျောင်းမက ယူခဲ့သည့် ဗူးခြောက်ထဲက ရေလည်း တစ်ယောက်တစ်လက်နှင့် ကုန်လုပြီ။

 

ဓာတ်တော်ကုန်းတဲ့
————————

ရိုးကလေးအတိုင်း ကွေ့ကာတက်သွားတော့ ကုန်းကလေး တစ်ကုန်းထိပ်ရောက်သွား၏။ အပေါ်မှာ သစ်ပင် ကြီးကြီးမားမား မရှိ၊ ပတ်လည်မှာ မိုနှံပင်တွေ ကန္တာရခြုံလေးတွေပဲရှိသည်။ ထုအပင်လေးတွေကြားမှာ လူတစ်လံလောက် ရှည်သည့် ကျောက်ပြားရှည်ကို တစ်ဖက်တစ်ချက်တွင် အောက်က ၁တောင် ၁တောင့်ထွာလောက် အမြင့်ထိ ကျောက်တုံးတွေ ဆင့်ထားသည့်အပေါ် တင်ထားသည့် ကျောက်ခုံရှည်ပုံစံတွေ ဝန်းပတ်ထားသည်ကို သေချာကြည့်လျှင် သတိပြုမိမည်။ သို့မဟုတ်က အပင်တွေကြားက ကျောက်တုံးတွေဟုပဲ မြင်မိလိမ့်မည်။ ထိုနေရာက ယာခင်းထဲက တလင်းအကျယ်လောက် ရှိမှာပေါ့။ အကြမ်းအားဖြင့် ပေ၃၀ အဝန်းလောက်ပေါ့။ ကိုကောင်းက ဟောသာပါပဲဗျာ၊ ဓာတ်တော်ကုန်းဆိုသာပဲ။ အဲ့သည်မှာ ဓာတ်တော်ကျောက်လုံးလေးတွေ ဒီနေရာမှာ အပြည့်ပါပဲ။ အဲ ထူးသာက ဒီအဝန်းအဝိုင်းထဲပဲ ဓာတ်တော်တွေ တွေ့ရမှာ အဲ့သည် ကျောက်တုံးတွေ အပြင်ဘက်မှာ တစ်စေ့ တစ်ဆံမှ မရှိသာပဲ တဲ့။ ကိုကောင်း ပြောမှ ဒူးထောက်ထိုင်ပြီး မြေကို လက်နှင့် ယက်ကြည့်သည်။

အလိုလေး..၊ ဟုတ်တာပေါ့၊ အခုဟာ ဖုံတွေ အမှိုက်တွေ သစ်ရွက်ခြေက်တွေနှင့်မို့သာ။ မြင်သာအောင် ပြောရလျှင် ထို အမှိုက်တွေ ဖုံတွေသာ မရှိလျှင် ပြန့်ပျူးသည့် တလင်းပြင်တွင် တစ်ပြင်လုံး ပဲစေ့တွေ ဖြန့်ထားသည့် ပုံစံဖြစ်သည်။ စောစောက ပြောသည့် ကျောက်ခုံများက တလင်းကို ပတ်ဝိုင်းထားသည့် ပုံစံ ဖြစ်နေ၏။ ကိုကောင်းပြောသလိုပါပဲ။ ထိုကျောက်ခုံတွေ အပြင်မှာကျ ထိုကျောက်လုံးတွေ မရှိ။ တကယ်တော့ ကျောက်ခုံတွေ အပြင်ဘက်က မြေမျက်နှာ သွင်ပြင် အလိုအရ နိမ့်သည်။ ကျောက်လုံးတွေ ရှိသည့် တလင်းက မြင့်သည်။ သဘာဝအရ ထိုကျောက်လုံးတွေ နိမ့်သည့်ဘကသို့် မိုးရေနှင့် ဖြစ်စေ၊ ရောက်စရာပေါ့။ သို့သော် မတွေ့။ ကျွန်တော်က ပဲနောက်စေ့ အရွယ်၊ ကုလားပဲလုံးအဖျင်းအရွယ် ကျောက်လုံးလေးတွေကို လက်ခုပ်ဖြင့် ရသလောက် စုပြီး လက်ခုပ် ၃ခုပ်စာမျှ ကျုံးကာ လွယ်အိတ်ထဲ ထည့်သည်။

 

အရှင်ကြီးကို တိုင်တည် တောင်းပန်ပါဦးတဲ့
———————————————

ကိုကောင်းက ကျွန်တော့်ကို ကြည့်ပြီး ကိုင်း ရဲကျော်ဆန်း ခုန ကျောက်တံခါး အရှင်ကြီးကို ကန်တော့ တိုင်တယ်ပြီးပေမယ့် အပြန်ကျ မင်းအနေနဲ့ ကန်တော့ တောင်းပန်လိုက်ဦး၊ သူ့တောသူ့တောင် ပိုင်နက်ထဲက ပစ္စည်းမို့ကွ ဟု ပြောသည်။ ကိုကောင်း ပြောမှပဲ ကျွန်တော် ကြက်သီးထသွားသည်။ ကိုကောင်းက ဒို့ငယ်ငယ်ကတည်းက ဒီဓာတ်တော်တွေက ဒီအတိုင်းပဲကွ၊ လျော့သွားတယ်လည်း မရှိဘူး၊ လူကြီးတွေ ပြောသာတော့ ရဟန္တာဓာတ်တော်တဲ့။ ကိုကောင်းက ကျောက်ခုံပေါ်ထိုင်ရင်း ဆေးလိပ်ကို စိမ်ပြေနပြေဖွာနေသည်။ မင်းတို့လာမှပဲ ငါလည်း ရောက်ဖြစ်တော့တာ၊ ဘယ်နှနှစ်ရှိပြီလဲ၊ ဒို့ကျောင်းမဆရာတော် ဦးသံဝရ ရှိတုန်းက နောက်ဆုံးရောက်ခဲ့တာပဲ တဲ့။ ကိုဌေးအောင်ရော ကျွန်တော်တို့ရော ဒီနေရာနှင့် ပတ်သက်၍ ကိုကောင်း ပြောသလို အစဉ်အဆက် လက်ခံမှုအရ ဓာတ်တော်ကုန်း ဟူသည်ကို လက်ခံရပေဦးမည်။ ဒီကိစ္စတွေ ကျွန်တော်တို့ဉာဏ် တစ်မိုက်တစ်ထွာနှင့် မသုံးသပ်နိုင်တာ သေချာသည်။ ရဟန္တာ ဓာတ်တော်တွေတဲ့။ မည်သို့ဆိုစေ ထူးခြားတာက သေချာနေသည်။ ဒီဓာတ်တော်ကုန်းအကြောင်း အဘရော အမေရော တစ်စွန်းတစ်စမှ မပြောပြခဲ့ကြဖူးပါ။

ကိုကောင်းပြောသလိုပါပဲ။ အပြန်မှာ ကျောက်တံခါး နတ်စင်ရောက်တော့ ကျောက်လုံးလေးတွေ တစ်ပြီသားလောက် ထည့်လာသည့် လွယ်အိတ်လေးကို ရှေ့ချကာ အရှင်ကြီးကို ရည်မှန်းကန်တော့ တောင်းပန်ရသည်။ လောဘရမ္မက်ကြောင့် ယူဆောင်တာမဟုတ်ကြောင်းနှင့် မိမိ မိဘ ဘိုးဘွား ရပ်ရွာက အမွန်အမြတ် အရှားအပါး ပစ္စည်းမို့ ရိုသေသမှုနှင့် အဘိုးအဘွား အမှတ်တရအနေနှင့် အရှင်ကြီးက စွန့်ကြဲပါမည့်အကြောင်း တတ်သလောက် မှတ်သလောက်ပေါ့ဗျာ။ တကယ်တော့ သည်ခရီးက အတော်ပန်းပါသည်။ ကျောင်းမကအထွက် ဝေးတာရော နေပူတာရောမို့ ကိုကောင်းနှင့် အတူ ကျွန်တော်နှင့် ကိုဌေးအောင်ပဲ လိုက်ကာ ကျန်လူတွေ နေရစ်ခဲ့တာ သူတို့ကို အားကျခဲ့မိသော်လည်း အခုတော့ ပင်ပန်းသလောက် အဖိုးတန်လှချည့်ဟု ပီတိဖြင့် ပြန်ရတော့ သဲတာ ကျောက်ကုန်း လမ်း၏ နေပူပူက မပင်ပန်းတော့ချေ။

အပြန်ကျောင်းမရောက်တော့ ဦးဇင်းမှိုင်း၏ ဆွမ်းကျန်နှင့် အချိုပွဲ အကျကို ၃ယောက်သား ခေါင်းမဖော်တမ်း လွေးလိုက်ကြတာ အရသာရှိလှပါဘိ။ ကျန်ရစ်ခဲ့သူတွေက စားပြီးသောက်ပြီး ကျောင်းအောက် ခုတင်ကြီးတွေပေါ် တခေါခေါ ဟောက်လို့ စည်းစိမ်ရစ်နေပေါ့။ ဦးဇင်းမှိုင်းက နေချိုတာနှင့် တောင်ဘုရားကုန်း သွားကြမည်ဟု မိန့်နေသည်။ တောင်ဘုရားကုန်း က အနီးကလေးမို့ မပင်ပန်းတော့။ ကိုကောင်းက ကဲ.. မင်းတို့လည်း ကျောင်းအောက် ခုတင်ပေါ် လှဲကြဦး၊ တောင်ဘုရားကုန်းသွားခါနီးမှ နှိုးလိုက်မယ်တဲ့။ ကိုကောင်း ပြောသမျှ ဘယ်ငြင်းမလဲဗျာ။

ကျောင်းအောက်ဆင်း ခုတင်ပေါ် လွတ်နေတဲ့နေရာ ခေါင်းထိုး လိုက်တော့သည်။ ချက်ချင်း အိပ်ပျော်သွားသည်ဟု ထင်သည်။ သို့သော် ဓာတ်တော်ကုန်းက ကျောက်လုံးတွေ ထပ်ပြီး ယူရပြန်သည်။ ကိုယ်တိုင် လက်ခုပ်နှင့် ကျုံးထည့်တာတော့ မဟုတ်၊ တစ်ယောက်က လက်နှင့် ဆုတ်ယူကာ ပေးသည်ကို ကျွန်တော်က ဒူးတုပ်ကာ လက်၂ဖက်နှင့် ရိုရိုသေသေ ခံယူပုံမျိုးဖြစ်သည်။ လက်ဖြင့် ခံယူရင်း မော့ကြည့်တော့ ပေးသူက ကျောက်တံခါး အရှင်ကြီးပါပဲ၊ သို့သော် သူက ဇာတ်ထဲက နတ်သားတစ်ပါးလို ရွှေချည်ထိုး အဆောင်အယောင်တွေ ပြိုးပြိုးပြက်ပြက်နှင့် ဝင်းခနဲ လက်ခနဲ။ တစ်ခါ လက်ခံယူသူကရော ကျွန်တော်ဆိုတာ သေချာပါရဲ့လား၊ အိပ်မက်ထဲမို့ မရေမရာ၊ ဝို့တိုဝါးတား..။

 

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW