ဟော်မုဇ် ရေလက်ကြား ဆိုတာ ဘာလဲ?

မတ် ၈ -၂၀၂၆
MT(VOM)
​ဒီရေလက်ကြားက အိုမန်နိုင်ငံနဲ့ အီရန်နိုင်ငံကြားမှာ ရှိတာပါ။ အပေါ်ဘက်က ပါရှန်ကွေ့ (The Gulf) နဲ့ အောက်ဘက်က အိုမန်ပင်လယ်ကွေ့ကို ဆက်ပေးထားပြီး အဲ့ဒီကနေတစ်ဆင့် အာရေဗျပင်လယ်ထဲကို ထွက်လို့ရပါတယ်။ အကျဉ်းဆုံးနေရာမှာ ၂၁ မိုင် (၃၃ ကီလိုမီတာ) ပဲ ကျယ်ပြီး သင်္ဘောတွေ တကယ်သွားလာရတဲ့ လမ်းကြောင်းကတော့ တစ်ဖက်ကို ၂ မိုင် (၃ ကီလိုမီတာ) စီပဲ ရှိပါတယ်။
​ဟော်မုဇ် ရေလက်ကြား ဘာလို့ ဒီလောက် အရေးကြီးတာလဲ?
​ကမ္ဘာ့ရေနံရဲ့ ၅ ပုံ ၁ ပုံက ဒီလမ်းကြောင်းကနေပဲ ဖြတ်သွားတာပါ။
​Vortexa ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်ကတင် တစ်ရက်ကို ရေနံစိမ်းနဲ့ လောင်စာဆီ စည်ပေါင်း သန်း ၂၀ ကျော် ဒီလမ်းကနေ စီးဆင်းခဲ့ပါတယ်။
​OPEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အီရန်၊ ယူအေအီး၊ ကူဝိတ်နဲ့ အီရတ်တို့ဟာ သူတို့ရဲ့ ရေနံတွေကို ဒီလမ်းကနေပဲ အဓိကတင်ပို့နေရတာပါ။ အများဆုံးကတော့ အာရှဈေးကွက်ကို ပို့တာပါ။
​ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ (LNG) တင်ပို့တဲ့ ကာတာနိုင်ငံဆိုရင်လည်း သူတို့ရဲ့ ဓာတ်ငွေ့အားလုံးနီးပါးကို ဒီရေလက်ကြားကနေပဲ ပို့ပါတယ်။
​အရေးပေါ်အခြေအနေတွေအတွက် ဆော်ဒီနဲ့ ယူအေအီးတို့က ဒီလမ်းကို မသုံးဘဲ ရေနံပိုက်လိုင်းတွေကနေတစ်ဆင့် တခြားလမ်းကြောင်းကနေ ပို့ဖို့ ကြိုးစားနေကြပါတယ်။ လက်ရှိမှာတော့ တစ်ရက်ကို စည်ပေါင်း ၂.၆ သန်းလောက်ကို ဒီရေလက်ကြားကို ကျော်ပြီး ပို့နိုင်တဲ့ ပိုက်လိုင်းစွမ်းရည်ရှိတယ်လို့ သိရပါတယ်။ ဘာရိန်းမှာအခြေစိုက်တဲ့ အမေရိကန် ပဉ္စမရေတပ်စုကတော့ ဒီဒေသက ကုန်သွယ်ရေးသင်္ဘောတွေ ဘေးကင်းဖို့ စောင့်ရှောက်ပေးနေပါတယ်။
​တင်းမာမှု ရာဇဝင်
​၁၉၇၃ ခုနှစ် မှာ အစ္စရေးကို ထောက်ခံတဲ့ အနောက်နိုင်ငံတွေကို ဆော်ဒီဦးဆောင်တဲ့ အာရပ်နိုင်ငံတွေက ရေနံမရောင်းဘဲ ပိတ်ပင်ခဲ့ဖူးပါတယ်။
​၁၉၈၀-၁၉၈၈ ကာလမှာ အီရန်-အီရတ် စစ်ပွဲတုန်းက တစ်ဖက်နဲ့တစ်ဖက် ရေနံတင်ပို့မှု ပြတ်တောက်အောင် သင်္ဘောတွေကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။ (ဒါကို Tanker War လို့ ခေါ်ကြပါတယ်)။
​၂၀၁၂ ခုနှစ်မှာ တော့ အမေရိကန်နဲ့ ဥရောပရဲ့ ပိတ်ဆို့အရေးယူမှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဒီလမ်းကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
​၂၀၁၉-၂၀၂၄ ခုနှစ် ကြားထဲမှာ သင်္ဘောတွေ အတိုက်ခိုက်ခံရတာ၊ အီရန်က သင်္ဘောတွေကို ဖမ်းဆီးတာမျိုးတွေ ခဏခဏ ဖြစ်ခဲ့ပါတယ်။
​ပြီးခဲ့တဲ့နှစ်: အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန်က တိုက်ခိုက်လာရင် ဒီရေလက်ကြားကို ပိတ်ပစ်ဖို့အထိ အီရန်ဘက်က စဉ်းစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပါတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမေရိကန် / အစ္စရေးလ် နဲ့ အီရန် တို့ကြား စစ်ရေး
ပဋိပက္ခ မှာ အီရန်က ဟော်မုဇ် ရေလက်ကြားကိုပိတ်ပစ်လိုက်ပါတယ်။ ကမ္ဘာ့ လောင်စာဆီ စျေးကွက် မှာ အကြီးအကျယ် အကျပ်အတည်းဖြစ်သွားခဲ့ပါတယ်။ အခုတော့ အီရန်က အမေရိကန် နဲ့ အစ္စရေး သင်္ဘောတွေမှ အပ ကျန် နိုင်ငံတွေအတွက် ရေလက်ကြားကိုဖွင့်ပေးတယ် လို့ကြေညာထားပြန်ပါတယ်။
Ref: ရိုက်တာ သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW