စုံ / မရက် မှားပြီးအပြင်ထွက်လို့ ယာဥ်မတော်တဆဖြစ်ခဲ့ရင် လျော်ကြေးမပေးဘူးဆိုတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုရှိနေ

မတ် ၉ ၊ ၂၀၂၆
CC (VOM)
ကားအာမခံထားသူတွေအနေနဲ့ စုံ / မ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ရက်မှားထွက်လို့ လမ်းမပေါ် ယာဥ်မတော်တဆမှု ဖြစ်ပွားပါက အာမခံ ကုမ္ပဏီတွေအနေနဲ့ လျော်ကြေးပေးမှာ မဟုတ်ဘူးဆိုတဲ့သတင်းထွက်ပေါ်မှုအပေါ် ယာဥ်ပိုင်ရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြပါတယ်။
မော်တော်ယာဉ်အာမခံပေါ်လစီ အပိုင်း(က) ၁။ခ(ဈ) အရသော်လည်းကောင်း အပိုင်း(စ) ၃။ အရလျော်ကြေးကို ငြင်းပယ်မှာ ဖြစ်ကြောင်း ရေးသား ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ကျန်းမာရေးအခြေနေ အရေးကြီးကိစ္စကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းက ထွက်ခွာခွင့်ပြုထားတဲ့ အချက်အလက်ပါရှိသူတွေကိုတော့ လျော်ကြေးကိစ္စ စဉ်းစားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဥ်ပိုင်ရှင်တယောက်က
” အာမခံကုမ္ပဏီတွေက သက်သက်ကို ယုတ်မာသလိုဖြစ်နေတယ် ။ အာမခံ ကြေးကိုကျတော့ တနှစ်စာသွင်းထားရတာ ။ အခုအစိုးရသူ့ဘာသာ ဆီလိုအပ်ချက်အရ စုံ / မ ရက်သတ်မှတ်တာကို ကားအာမခံနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ။ ဒါကို စုံရက်မှာ မကားထွက်လို့ မတော်တဆ ဖြစ်ရင်အာမခံလျော်ကြေးမရဘူး ဆိုပြီး ပြောတာတော့ တော်တော်ကို ဆိုးလွန်းတယ်။ မတော်တဆမှုက ဘယ်သူမှလည်း မဖြစ်ချင်ဘူး ။ ဖြစ်လာရင်ဆိုတဲ့ အတွေးနဲ့ အာမခံထားကြတာ ။ အခုတော့ အာမခံကုမ္ပဏီတွေဆိုးနေပြီ ။ ” လို့ ပြောပါတယ် ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်ကလည်း ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ကြောင်းနဲ့ မော်တော်ယာဥ် ပေါ်လစီမှာလည်း စုံ / မ ဆိုတာနဲ့ပတ်သက်လို့ ဖော်ပြထားတာ မရှိကြောင်း ၊ အာမခံကုမ္ပဏီတွေအနေနဲ လက်လွတ်စပယ် လုပ်လို့ မရကြောင်း သုံးသပ်​ပြောဆိုပါတယ်။
” ဒါက ဖြစ်ဖို့ မပြောနဲ့ ပြောတောင်မပြောသင့်တဲ့ အရာပါ ။ အာမခံကုမ္ပဏီတွေကနေ လမ်းပေါ်မှာ မ ရက်တွေ ၊ စုံရက်တွေဆိုတာများပြောလာရင် တရားဝင်စာထွက်လာရင် ဆရာတို့ အသင်းကနေ ဦးဆောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်အောင် တိုက်တိုက်တွန်းတွန်း လုပ်ပါမယ် ။ သူတို့ဖောက်ဖျက်လို့ ထွက်လာတာက အရေးပေါ်စီမံပြဋ္ဌာန်းချက်ဥပဒေနဲ့ အရေးယူမှာက နိုင်ငံတော်အလုပ် ။ ဒါပေမယ့် ဒီကားက လိုင်စင်သက်တမ်းရှိတယ်။ လူလိုင်စင်လည်းရှိတယ်။ဒီမှာတင်ထားတဲ့သူဖြစ်တယ် အကျူံးဝင်တယ်ဆိုရင် လျော်ရမှာက အာမခံ အလုပ်။စုံ နဲ့ မက သူတို့အလုပ်မဟုတ်သလို သတ်မှတ်စရာလည်း မလိုဘူးလို့ ပြောချင်တယ်။ ပေါ်လစီမှာလည်း.စုံ / မဆိုတာ မပါပါဘူး ။ ဒါကို လုပ်တယ်ဆိုရင်တော့ အာမခံကုမ္ပဏီတွေက စားသုံးသူတွေ အပေါ်မှာ စေတနာ တစက်မှ မရှိဘူးလို့ပဲ ပြောချင်တယ်။ သုံးသပ်ချင်တယ်။ တကယ်ဆို မျှတအောင် စဥ်စစားရမှာလေ ။ ” လို့ ပြောပါတယ်။
အစိုးရက စက်သုံးဆီ ခြိုးခြံခြွေတာဖို့အတွက် စုံ / မ ရက်သတ်မှတ်ပြီး စုံရက်မှာ စုံ ဂဏန်းကားတွေသာ.အပြင် ထွက်ဖို့ နဲ့ မ ရက်မှာ မဂဏန်းကားတွေသာ အပြင်ထွက်ဖို့ အမိန့်ညွှန်ကြားစာထုတ်ပြန်သတ်မှတ်မှုအပေါ်ကို အာမခံကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး စုံ / မ ရက်မှားထွက်ရင် အာမခံထားထားပါကလည်း လျော်ကြေးမရနိုုင်ဘူးဆိုပြီး ရေးသားဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အာမခံက အမည်မဖော်လိုသူ အရာရှိတယောက်က ” နိုင်ငံတော်ကနေ မထွက်ရသတ်မှတ်တဲ့ နေ့ကို ထွက်တယ်ဆိုရင် အဲဒီကားသမားက ဥပဒေချိုးဖောက်တာပေါ့ ။အရေးပေါ်ဥပဒေပြဌာန်းတာတော့ မတတ်နိုင်ဘူးပေါ့။နိုင်ငံသားတိုင်းကတော့ ဥပဒေလိုက်နာရမှာပေါ့ ။မထွက်ရမယ့် ရက်မှား ထွက်လို့ မတော်တဆဖြစ်ရင် လျော်ကြေးမရနိုင်မယ့် အခြေအနေဖြစ်နိုင်တာပေါ့ ။ ဒါပေမယ့် အာမခံအနေနဲ့ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ ” လို့ ပြောပါတယ်။
အာမခံကုမ္ပဏီတွေဆီမှာ ကားအာမခံထားတဲ့အခါ တနှစ်စာပေးသွင်းရတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စုံ / မ ရက်နဲ့ ပတ်သက်ပြီး စုံရက်မှာသာ စုံ ကားနဲ့ဆိုင်ကယ်တွေ အပြင်ထွက်ဖို့ ၊ မ ရက်မှာသာ မ ဆိုင်ကယ်နဲ့ မ ကားတွေအပြင်ထွက်ဖို့ သတ်မှတ်ထားပြီး အသိပညာပေးနေပါတယ်။
စက်သုံးဆီဆိုင်တွေကလည်း လက်ရှိမှာတော့ စုံရက်မှာ စုံကားနဲ့ဆိုင်ကယ်ကို ဆီဖြည့်ပေးနေပြီး မ ရက်မှာသာ မ ကားနဲ့ ဆိုင်ကယ်ကို ဆီဖြည့်ပေးနေကြောင်း ၊ လိုင်စင်မဲ့ ယာဥ်တွေကို ဆီဖြည့်မပေးဘူးလို့ သိရပါတယ်။
စက်သုံးဆီနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ရက် ၄၀ စာအတွက် စက်သုံးဆီဖူလုံမှုရှိကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၄ ရက်မှာ အသိပေးပြောကြား ထားပါတယ်။
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကိုလည်း စက်သုံးဆီတင်သင်္ဘော ၁၄ စီး ဝင်ရောက်မှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက မတ် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်သုံးဆီသင်္ဘော ရောက်ရှိမှုအနေနဲ့ မတ် ၈ ရက်မှာ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီးတဲ့ သင်္ဘော (၂)စီး၊ လမ်း ခရီးမှာ သင်္ဘော (၄)စီး၊ ဆီတင်နေတဲ့ သင်္ဘော (၃)စီး နဲ့ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော (၅) စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရောက်ရှိဖို့ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြည်တွင်းမှာ စိုးရိမ်စိတ်နဲ့ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာတွေ မဖြစ်ပေါ်စေဖို့နဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW