တက္ကသိုလ်ဝင်စာမေးပွဲကာလ ​မော်​တော်ယာဥ်​တွေကို စုံ / မ မခွဲဘဲ သွားခွင့်ပေးဖို့ လိုအပ်

မတ် ၉ ၊ ၂၀၂၆
GG (VOM)
မတ်လ (၁၁)ရက်မှာ စတင်ဖြေဆိုရတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ကားနဲ့ဆိုင်ကယ်ကို စုံ / မ ရက်မခွဲဘဲ သွားလာခွင့်ပြုပေးရေး တရားဝင်ညွှန်ကြားစာထုတ်ပြန်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း သွားလာခွင့်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဘက်မှာတော့ ပညာရေးဌာန တာဝန်ရှိသူတွေက စုံ / မ ရက်မခွဲဘဲ သွားလာခွင့်ပြုကြောင်း ပြောဆိုတာတွေရပြီး ရန်ကုန်က ရပ်ကွက်တချို့မှာ ယာဥ်မောင်းခွင့်အတွက် ထောက်ခံချက် ရယူဖို့ အသိပေးတာမျိုးသာ ရှိတယ်လို့ သိရပါတယ်။
” ရပ်ကွက်ထဲတော့ ညကလိုက်အော်နေတယ် ။ စာမေးပွဲရက်မှာ ကားတွေမောင်းခွင့်ရအောင် ကားပိုင်ရှင်တွေ ရပ်ကွက်ရုံးမှာ မောင်းခွင့်စာရွက် ထုတ်ရမယ်တဲ့ ပြောသွားတယ်။ ” လို့ ရန်ကုန် နေထိုင်သူ တ​ယောက်က ပြောပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲက တနိုင်ငံလုံးအတိုင်းအတာ ကျင်းပမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ညွှန်ကြားစာ တရပ်ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း ၊ ဒါမှသာ စာမေးပွဲကာလအတွင်း ကျောင်းသားကျောင်းသူတွေ ၊ ဆရာဆရာမတွေအနေနဲ့ စက်သုံးဆီဝယ်ယူရေး ၊ သွားလာရေးအတွက် အဆင်ပြေ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
” ခုထိတော့ ဘာမှမသိရသေးဘူး ။ တချို့ဘက်တွေတော့ စာမေးပွဲကာလသွားလာခွင့် ထောက်ခံချက်စာရွက်တွေ လုပ်ရတယ် ကြားတယ် ။ ဒီဘက်မှာတော့ ဘာမှမပြောသေးတော့ ခက်နေတာ ။ အကုန်လုံးအဲဒီကိစ္စကိုပဲ စိတ်ပူနေတာ ။ ဒီကာလကို အဆင်ပြေပြေ လုပ်ပေးစေချင်တယ်။ ကျွန်တော် သမီးဆိုဆိုရင် ရွာဘက်ကနေ မြို့ပေါ်ကို သွားပြီး ဖြေရမှာ ။ အချိန်ပေးရတယ်။ လမ်းမှာ ကြန့်ကြာတာမျိုးဆိုရင် ကလေးအတွက်လည်း အနှောက်အယှက်ဖြစ်တယ်။ စုံ/ မရက်ခွဲတာကို တရားဝင်စာထုတ်သလို ခုလည်း အဲဒီလို စာထုတ်ပေးစေချင်တယ်။ ” ပြည်ခရိုင်ထဲက ကျောင်းသူတယောက်ရဲ့ မိဘ ဖြစ်သူကပြောပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်ကနေ ၁၇ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားတဲ့ ကျောင်းသားကျောင်းသူဦးရေစာရင်းက မတ်လ ၃ ရက်နေ့အထိဆိုရင် ၂၆၅၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကျောင်းဆရာမ တယောက်က ” ခုထိတော့ ကျွန်မတို့လည်း သေချာ မသိသေးဘူး ။ စာမေးပွဲစောင့်သွားရမှာဆိုတော့ အဖြူအစိမ်းပဲ ဝတ်ပြီးပဲ သွားရမှာလေ ။.အဲဒါကိုတော့ စုံ / မခွဲပြီး မဖမ်းလောက်ဘူး ထင်တာပဲ။ ဝန်ကြီးဌာနက တရားဝင် သွားခွင့်ပြုဆိုတဲ့စာထုတ်ပေးရင်တော့ ပိုကောင်းတာပေါ့ ။ ဘာမှပြောစရာမလိုတော့ဘူးပေါ့ ။ အားလုံးလည်း စိတ်မပူရတော့ဘူးပေါ့ ။ ” လို့ ပြောပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ ၊အသင်းအဖွဲ့တွေ၊ရပ်မိရပ်ဖ တွေနဲ့ ပူးပေါင်းညှိနိူင်းဆောင်ရွက်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ စုံ / မ ရက်နဲ့ ပတ်သက်ပြီး စုံရက်မှာသာ စုံ ကားနဲ့ဆိုင်ကယ်တွေ အပြင်ထွက်ဖို့ ၊ မ ရက်မှာသာ မ ဆိုင်ကယ်နဲ့ မ ကားတွေအပြင်ထွက်ဖို့ သတ်မှတ်ထားပြီး အသိပညာပေးနေပါတယ်။
စက်သုံးဆီဆိုင်တွေကလည်း လက်ရှိမှာတော့ စုံရက်မှာ စုံကားနဲ့ဆိုင်ကယ်ကို ဆီဖြည့်ပေးနေပြီး မ ရက်မှာသာ မ ကားနဲ့ ဆိုင်ကယ်ကို ဆီဖြည့်ပေးနေကြောင်း ၊ လိုင်စင်မဲ့ ယာဥ်တွေကို ဆီဖြည့်မပေးဘူးလို့ သိရပါတယ်။
စက်သုံးဆီနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ရက် ၄၀ စာအတွက် စက်သုံးဆီဖူလုံမှုရှိကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၄ ရက်မှာ အသိပေးပြောကြား ထားပါတယ်။
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကိုလည်း စက်သုံးဆီတင်သင်္ဘော ၁၄ စီး ဝင်ရောက်မှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက မတ် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်သုံးဆီသင်္ဘော ရောက်ရှိမှုအနေနဲ့ မတ် ၈ ရက်မှာ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီးတဲ့ သင်္ဘော (၂)စီး၊ လမ်း ခရီးမှာ သင်္ဘော (၄)စီး၊ ဆီတင်နေတဲ့ သင်္ဘော (၃)စီး နဲ့ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော (၅) စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရောက်ရှိဖို့ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြည်တွင်းမှာ စိုးရိမ်စိတ်နဲ့ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာတွေ မဖြစ်ပေါ်စေဖို့နဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Photo-CJ

Related posts

Leave a Comment

VOM News

FREE
VIEW