မတ် ၉ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်ခရိုင် ၊ နမ့်ဖတ်ကာမြို့၊ ၆ ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မြေးအဖွားနှစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
မနေ့က မတ် ၈ ရက်နေ့ည ၉ နာရီလောက်မှာ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် နေအိမ်တခုလုံးမီးလောင်ကျွမ်းပြီး အဖွားဖြစ်သူနဲ့ မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
” ကလေးက ဖယောင်းတိုင်ထွန်းတာမှာ ဓာတ်ဆီပုံးပေါ်ကျပြီး မီးလောင်တာလို့ သိရတယ်။ မီးသတ်ကားက အချိန်မီမရောက်တော့ မီးကမငြိမ်းနိုင်ဘဲ မြေးအဖွားနှစ်ယောက်လည်း မီးလောင်သေသွားတာ ။ အိမ်လည်း အကုန်လုံးလောင်သွားတယ်။ ဓာတ်ဆီကနေလောင်တော့ မီးကပိုမြန်သွားတာ။ ဒီမှာက အဖွဲ့အစည်းတွေကအုပ်ချုပ်တော့ မီးသတ်ကလည်း သူတို့ကိုင်တာလေ ။ပတ်ဝန်းကျင်ကလည်း.ဝိုင်းငြိမ်းပေမယ့် မီးအားကပြင်းတော့ မနိုင်ဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
နေအိမ်မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အသက် ၆၀ အရွယ် အဖွားနဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
မတ် ၂ ရက်နေ့ ၊ မနက်အစောပိုင်း ၂ နာရီ ခွဲလောက်ကလည်း မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဈေးကြိုနယ်မြေ၊ TTCကျောင်းလမ်း ၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်မှာ မီးလောင်မှုဖြစ်ပွားပြီး အသက်ကြီးပိုင်းလင်မယားနှစ်ယောက်သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ လက်ရှိ မတ် ၉ ရက်နေ့အတွင်းမှာ နေအိမ် ၊ ဘုန်းကြီးကျောင်း ၊ ကိုင်းတော ၊ မြက်ခြောက် ၊ အမှိုက်ပုံ ၊ စက်မှုဇုန် စတဲ့ မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၂၆၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
