မတ် ၁၀-၂၀၂၆
MT(VOM)
အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်တွေကို ပိတ်လိုက်ရသလို လောင်စာဆီရောင်းချမှုကိုလည်း ကန့်သတ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို တင်သွင်းမှုအပေါ်မှာပဲ မှီခိုနေရတာဖြစ်ပြီး အခု အရှေ့အလယ်ပိုင်းကို ကူးစက်ပြန့်နှံ့သွားတဲ့ အီရန်စစ်ပွဲကြောင့် ဒီတင်သွင်းမှုတွေမှာ အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့တာပါ။
အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာတာကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေကို ပိတ်ပစ်လိုက်ပြီး လောင်စာဆီ ခွဲတမ်းစနစ်ကိုလည်း စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။
လျှပ်စစ်နဲ့ လောင်စာဆီ ချွေတာဖို့အတွက် အရေးပေါ်အစီအစဉ်တစ်ရပ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို တနင်္လာနေ့ကစပြီး ပိတ်လိုက်တာဖြစ်ပြီး အီဒ်ပွဲတော် (Eid al-Fitr) ကျောင်းပိတ်ရက်ကိုလည်း ရှေ့တိုးသတ်မှတ်လိုက်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုကို လျှော့ချနိုင်ရုံတင်မကဘဲ လောင်စာဆီ အလေအလွင့်ဖြစ်စေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း သက်သာစေလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တက္ကသိုလ်ဝန်းတွေဟာ အဆောင်တွေ၊ စာသင်ခန်းတွေ၊ ဓာတ်ခွဲခန်းတွေနဲ့ အဲယားကွန်းတွေအတွက် လျှပ်စစ်မီး အများအပြား သုံးစွဲနေတာဖြစ်လို့ အခုလို စောစောပိတ်လိုက်တာက နိုင်ငံရဲ့ အားနည်းနေတဲ့ လျှပ်စစ်စနစ်အပေါ် ဖိအားတွေကို လျော့ကျသွားစေမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်အာဏာပိုင်တွေကို ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ထဲမှာတော့ “လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး လျှပ်စစ်နဲ့ လောင်စာဆီ သုံးစွဲမှုကို လျှော့ချနိုင်ဖို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။
အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေကတော့ အစ္စလာမ်ဘာသာရဲ့ ရာမာဒန်ဥပုသ်လ အတွက်အစောကြီးကတည်းက ပိတ်ထားပြီးသားဖြစ်လို့ အခုဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်း အတော်များများဟာ ဒီကာလအတွင်း ပိတ်ထားတဲ့ အခြေအနေ ဖြစ်သွားပါတယ်။
စွမ်းအင်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းကို တင်သွင်းမှုကနေ ရယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူတွေက ထိတ်လန့်တကြားနဲ့ ဆီတွေကို ဝယ်ယူစုဆောင်းတာတွေ လုပ်လာတဲ့အတွက် သောကြာနေ့မှာ နေ့စဉ် လောင်စာဆီရောင်းချမှု ကန့်သတ်ချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ခြုံငုံတဲ့ ချွေတာရေး အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လျှပ်စစ်သုံးစွဲမှုကို ထိန်းချုပ်ဖို့အတွက် နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ကြားတဲ့ ကျောင်းတွေနဲ့ ပုဂ္ဂလိက ကျူရှင်သင်တန်းတွေကိုလည်း ဒီကာလအတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ အစိုးရက တောင်းဆိုထားပါတယ်။
ကျောင်းတွေပိတ်လိုက်တဲ့အပြင်၊ နေ့ဘက်မှာ သဘာဝအလင်းရောင်ကို အများဆုံး အသုံးပြုကြဖို့နဲ့ မလိုအပ်တဲ့ မီးထွန်းတာတွေ၊ လျှပ်စစ်သုံးစွဲတာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ အပါအဝင် လျှပ်စစ်ဓာတ်အားကို ပိုမိုထိရောက်စွာ အသုံးပြုကြဖို့အတွက်လည်း အဖွဲ့အစည်းတွေနဲ့ ရုံးဌာနတွေကို အစိုးရက လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပါတယ်။
Source: Al Jazeera
