လားရှိုးမှာ ဓါတ်ဆီတလီတာ ပြင်ပပေါက်ဈေး ကျပ်တသောင်းဝန်းကျင် ဖြစ်နေလို့ ဈေးတင်မရောင်းဖို့ လိုက်လံသတိပေး

မတ် ၉၊ ၂၀၂၅
NN (VOM)
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းမှာ စက်သုံးဆီ ပြင်ပပေါက်ဈေး တလီတာကို ကျပ်တသောင်းကျော် ဈေးနှုန်းနဲ့ ရောင်းချနေကြလို့ ဈေးနှုန်းတွေ အဆမတန် တင်မရောင်းဖို့ အာဏာပိုင်တွေက လိုက်လံသတိပေး နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စက်သုံးဆီရောင်းတဲ့ ဆီပန့်ဆိုင်ကြီးတွေက ဓာတ်ဆီတလီတာကို ကျပ်လေးထောင်ကျော်နဲ့ ရောင်းချပေးနေပေမယ့် ပြင်ပဈေးကွက်မှာ ကျပ်ခြောက်ထောင်၊ ရှစ်ထောင်၊ တသောင်း ဈေးနှုန်းနဲ့ ရောင်းချနေကြတာပါ။
“ဆီဆိုင်တွေမှာ သွားတန်းစီပြီးတော့ အပြင်မှာ ပြန်ရောင်းကြတာ။ ပြီးတော့ တရုတ်ဆီတွေ ယူလာပြီး ရောင်းကြတာ။ ရေသန့်တဗူးကို တသောင်း၊ တချို့ရှစ်ထောင်တဲ့။ ဆိုင်တွေတော့ မတူဘူးပေါ့” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
ဈေးတင်ရောင်းနေတဲ့ ပြင်ပဆိုင်တွေကို အာဏာပိုင်တွေက လိုက်ပြီး စစ်ဆေး နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ဈေးတင်ရောင်းတဲ့ လမ်းဘေးဆိုင်တွေကို ရဲတွေက လိုက်ကြည့်ပြီးတော့ မရောင်းခိုင်းဘူး။ ပုံမှန်ဈေးဆို ရောင်းရတယ်။ ဈေးတင်ရောင်းရင် ပိတ်ခိုင်းတာ။ ဒါ​ပေမယ့် ရဲပြန်သွားရင် ပြန်ရောင်းကြတာပဲ” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
လားရှိုးမြို့ပေါ်က စက်သုံးဆီဆိုင်တွေအနေနဲ့ မနက်၊ ည အလှည့်ကျ အချိန် ကန့်သတ် ချက်နဲ့ ဖွင့်ထားပြီး စက်သုံးဆီကိုလည်း အကန့်အသတ်နဲ့ပဲ ရောင်း ချပေးနေတယ်လို့ သိရပါတယ်။
“ကားသေးဆို နှစ်သောင်း၊ သုံးသောင်း ရောင်းပေးတယ်။ ဆိုင်ကယ်ကတော့ ငါးထောင်၊ တသောင်း ရောင်းပေးတယ်။ လူတွေက မနက်မိုးမလင်းခင် ကတည်းက တန်းစီနေကြပြီ” လို့ လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
လမ်းမတွေပေါ်မှာ ဆီတန်းစီတဲ့ လူတွေနဲ့ ပြည့်နေတာကြောင့် ယာဉ်မောင်း တွေနဲ့ စက်သုံးဆီ တန်းစီတဲ့သူတွေကြား ပဋိပက္ခမဖြစ်အောင် ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေက ကြားဝင်ဖြေရှင်းပေးနေတာမျိုးလည်း တွေ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
လားရှိုးမြို့အထွက်က ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ် ထားတဲ့ ကျေးရွာတွေနဲ့ သိန္နီမြို့နယ်အတွင်းမှာတော့ စက်သုံးဆီတလီတာကို ကျပ်ခြောက်ထောင် ပေါက်ဈေးရှိနေပြီး ဆီဆိုင်ကြီးတွေက လိုသလောက် ရောင်းပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW