သိန္နီကနေ ကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်ပို့တာတွေ ကိုးကန့်တပ်ဖွဲ့ ပိတ်

မတ်၉။ ၂၀၂၅။
NN(VOM)
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကနေ TNLA ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်တဲ့ ကားတွေ ဖြတ်ခွင့်မ​ပေးတော့ဘဲ ပိတ်ဆို့ထားလိုက်ပြီ လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကုန်ပစ္စည်းပါတဲ့ ကားတွေကို ကိုးကန့်တပ်ဖွဲ့က ပြန်လှည့်ခိုင်းပြီး ခရီးသည်နဲ့ ကားသေးတွေကိုပဲ ဖြတ်ခွင့်​ပေးတယ်လို့ သိရပါတယ်။
“မနေ့ညကစပြီး ပိတ်လိုက်တာ။ ကုန်ပါရင် ဘာကားမှ ပေးမသွားတော့ဘူး။ လူပဲ သွားလို့ရတယ်။ အဆင်းကားတွေတော့ ရတယ်။ အတက်မရတာ” လို့ သိန္နီမြို့ခံ တယောက်က ပြောပါတယ်။
လမ်းပိတ်ထားတဲ့အတွက် သိန္နီကနေ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့ကို ကုန်ပို့မယ့် ကားတွေ အားလုံး သိန္နီမြို့မှာ ရပ်စောင့်နေကြရတယ်လို့ သိရပါတယ်။
“တချို့လည်း ပြန်လှည့်တယ်။ တချို့ကတော့ ရမလားဆိုပြီး ဆက်စောင့် နေကြတာ။ ကိုးကန့်စစ်သားတွေလည်း အများကြီး အပေါ်တက်သွားတော့ စစ်ဖြစ်မလားတောင် မသိဘူး” လို့ သိန္နီမြို့ခံ နောက်တယောက်က ပြော ပါတယ်။
အလားတူ လားရှိုးကနေ နမ့်ဆန်မြို့ဘက်ကို သွားမယ့် ကုန်တင်ကားတွေ ကိုလည်း ကိုးကန့်တပ်ဖွဲ့က ပိတ်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့အတွင်း MNDAA နဲ့ TNLA တပ်ဖွဲ့တို့ မြို့တွင်း CCTV တပ်ဆင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့ပါတယ်။
အဲဒီအငြင်းပွားမှု ပြဿနာကို အခြေခံပြီး နှစ်ဖက်တပ်ဖွဲ့တွေကြားမှာ တင်းမာမှုတွေ ပိုမိုဖြစ်လာပြီး အခုလို ကုန်စည်သယ်ဆောင်တာတွေ ပိတ်ဆို့လိုက်တဲ့ အထိ ဖြစ်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
TNLA ဘက်ကတော့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ လုပ်နေတယ် လို့ TNLA လစဉ်ထုတ် စာစောင်မှာ ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW