သူတို့အိမ် အခန်း – ၇၃

ဆူးငှက်

 

 

တောင်ဘုရားကုန်းဆီ
———————–

မနေ့က ဓာတ်တော်ကုန်းသို့ သွားသည့် အကြောင်းကို ဒီနေ့ တောင်ဘုရားကုန်းသို့ သွားရင်း ဦးဇင်းမှိုင်းနှင့် စကားစပ်မိနေသည်။ ဒီနေ့ တောင်ဘုရားကုန်းသို့ သွားကြတော့ လူစုံသည်။ မနက်စောစော တောင်ရပ်က ကိုကောင်းစိန်နှင့် မမမြင့်စန်းတို့အိမ်က လက်ဖက်ရည်သောက် ဖိတ်ထားသို့ လူစုံတက်စုံ ရောက်နေကြသည်။ ဦးဇင်းမှိုင်း ကိုကောင်း ကိုအောင်မောင်းတို့လည်း ကြိုရောက်ကာ ဦးဇင်းမှိုင်းက မုန့်ဆီကြော် နှင့် အကြော်စုံကိုပင် ဘုန်းပေးပြီးပြီ။ မမမြင့်စန်းက ကျွန်တော်နှင့် မောင်နှမ ဝမ်းကွဲပင် တော်စပ်သေးသည်။ သူ့အမေ ကြီးဒေါ် ဒေါ်လုံးတင်နှင့် အဘ က မောင်နှမ တော်စပ်သေး၏။

 

ကြီးဒေါ် ဒေါ်လုံးတင် က အဘ၏ ဒုတိယမိခင်ဖြစ်သူ ဒေါ်ရွှေရင်၏ အလုံဘိုးဘိုးကြီး နန်းရ နတ်ကတော် အရိုက်အရာကို ဆက်ခံထားသူ ဖြစ်သည်။ မမမြင့်စန်းတို့ အိမ်က စားသောက်ပြီး ရွာ့တောင်ဘက် တံခါးကထွက်ပြီး တောင်ဘုရားကုန်းသို့ ဦးတည်ကြသည်။ တောင်ဘုရားကုန်းက မဝေးလှပေ။ တောင်တံခါးကထွက်ပြီး ချောင်းရိုးထဲ ဆင်းကာ ညောင်ပင်ယာ ကွင်းကို တက်ရသည်။ ညောင်ပင်ယာကွင်း၏ အရှေ့တောင်ဘက် အစပ်မှာ တောင်ဘုရားဟု ရပ်ရွာက ခေါ်ဆိုသည့် ထီးစွင့်ရှင်ဘင် ရွှေမုဋ္ဌော စေတီကို ဖူးတွေ့ရသည်။

 

ကျောက်ထီး မကိုဋ်နှင့် မုဋ္ဌောစေတီ
————————————–

ချောင်းရိုးက အတက်ကတည်းက ဦးဇင်းမှိုင်းက ဓာတ်တော်ကုန်း တည်နေရာကို မှတ်မိသလောက် မိန့်သည်။ “ဒို့များ ငယ်စဉ်က ကျောက်တံခါး နတ်စင်ရဲ့ မြောက်ဘက်ကို ထောက်ရှာကန်လို့ ခေါ်တာ၊ ထောက်ရှာကန်တဲ့၊ ပြည်ပင်တဲ့၊ ကျောက်ပုံ တဲ့၊ အဲ့ဒါ သဖန်းနယ်နိမိတ် အဆုံးသတ်နေရာတွေပဲ။ ဒို့များ ဆရာ ဘုန်းကြီးက ဒို့ကိုရင်ဘဝတုန်းက ပြောဖူးတာ ရှိသေးတယ်။ ရွှေဗလုန်ကြီး နတ်ဆိုတာ၊ သဖန်းမတည်ခင်က နတ်ဖြစ်တာတဲ့” ဦးဇင်းမှိုင်းက အမှတ်ရသလောက် မိန့်သည်။

ထုံးသင်္ကန်းဖွေးဖွေးနှင့် စေတီကို ဖူးတွေ့ရသောအခါ ဦးဇင်းမှိုင်းက “မင်းအဖေ ကိုပေါလူ မှာသလို ရွာပန်းရံ မောင်ဌေးတို့နဲ့ နဂိုလက်ရာအတိုင်း အပြီးအစီး ပြင်လိုက်တာ၊ ကျောက်နဲ့ သဲက ဝယ်စရာ မလိုဘူးကွ၊ ထုံးနဲ့ ဘိလပ်မြေပဲ ဝယ်ရတာ၊ ရေကိုလည်း ရွာက အလှည့်ကျ လာလှူကြတာ၊ မောင်ဌေးတို့ အဖွဲ့ကလည်း ကျောင်းက ထမင်းနဲ့ လက်ဖက်ရည် အကြော် ငှက်ပျောသီး ဆေးလိပ်ကအစ အပြည့်အစုံပေးထားတော့ လက်ခရယ်လို့လည်း မယူရှာကြပါဘူးကွာ၊ ထီးကို အစက မင်းအဖေက မန္တလေးက သံထီးဝယ်လှူလိုက်မယ် လျှောက်လို့ တောထဲမှာ သံထီးနဲ့ မကိုက်ဘူး၊ ကျောက်ထီးပဲ လှူလိုက်မယ်လို့ ဆုံးဖြတ်လိုက်ရတာ” ဟု မိန့်သည်။

အခုတော့ ဘုရားဘေးမှာ ခြုံတွေ အမှိုက်တွေလည်း မရှိတော့၊ တံတိုင်းကလည်း အုတ်ပုံမဟုတ်တော့၊ လေးဘက်လေးတန် မုခ်ပေါက်နှင့် ပြုပြင်ထားသည်။ စေတီတော်၏ သပိတ်မှောက် အထက်ပိုင်းလည်း ပြုပြင်ကာ ကျောက်ထီးတော်နှင့် သပ္ပာယ်နေပါပြီ။ အရင်က အားလုံးလိုလို ပြိုကျနေသည့် စေတီရံ ၄ဆူလည်း ပြုပြင်ပြီးပါပြီ။ စေတီဘေးက တရုတ်စကားပင်အို၏ အကိုင်းသစ်က စေတီတော်ကို ဦးခိုက်နေသည်။

“မင်းအဖေ မှာသလို ကျောက်စာ ကမ္ပည်းလေး စိုက်ဖို့တော့ စဉ်းစားနေတာကွ၊ ဒီနေရာက လူနဲ့ အလှမ်းဝေးတော့ နွားကျောင်းသားတွေ ခြေကမြင်း လက်ကမြင်းလို့ ပျောက်ပျက်မှာ စိုးတာ၊ ကိုယ့်ရွာက နွားကျောင်းသားသာ ပြောလို့ နိုင်တာ၊ ဒီနေရာက အခြားရွာတွေကပါ လာပြီးနွားကျောင်းကြတော့ တစ်ခုခု ဖြစ်ရင် လက်သည်မပေါ်မှာ စိုးတာ၊ ကမ္ပည်း ကျောက်စာ ထိုးဖြစ်ရင်တော့ စာသားကို မင်းတို့နဲ့ တိုင်ပင် ရေးရမှာပဲ” ဦးဇင်းမှိုင်းက ဘုရားကို လက်ယာရစ်ပတ်၍ ကြည်ညိုရင်း မိန့်သည်။ ကျွန်တော်တို့က ဦးဇင်းမှိုင်းနောက်က လိုက်ကာ မိန့်သည်ကို ပြန်လျှောက် ပြန်ဖြေကြသည်။

ဖတ်ခဲ့ရသည့် ပေစာများအရ စေတီတော်ကို နောက်ဆုံး ပြုပြင် ထီးတင်ခဲ့သည်မှာ ၁၁၅၀ပြည့်နှစ် တပေါင်းလပြည့်နေ့ ဟူသည်ကြောင့် အမရပူရခေတ် လက်ရာဖြစ်မည်။ သို့သော် ဦးဇင်းမှိုင်းနှင့် ရွာက သက်ကြီးတချို့ ပြောစကားအရ မှတ်တမ်းမရှိသော်လည်း နောက်ပိုင်းတွင် ကျောင်းမဘုန်းကြီးရော၊ တောင်ကျောင်းဘုန်းကြီးရော အဆက်ဆက် ပြန်လည်ပြင်ဆင်ခဲ့ကြဖူးသည်ဟု သိရသည်။

ထို့ကြောင့် အခု မပြင်မီ အပြိုအပျက်အနေနှင့် ဖုးူရသည်က နောက်ဆုံးလက်ရာဖြစ်မည်။ ရွာအနီးနှင့် ရွာတွင်းက ရွှေတောင်ဦး၊ ရွှေမြင်တင်၊ ချမ်းသာကြီး၊ ဆုတောင်းပြည့် နှင့် ယခု ရွှေမုဋ္ဌောစေတီများက အချိုးတူ ပုံစံတူများ ဖြစ်သည်။ ရွာ့အနောက်ဘက် သုသာန်ဘေးက နွားများရင်၊ ကျောင်းမဦးက မာန်အောင်သရဘူနှင့် ကန်မဦးက ဆင်များရှင် စေတီတို့သာ ပုံစံလက်ရာကွဲသည်။ ကိုဌေးကလည်း ရွာပန်းရံဟု ဆိုသော်လည်း စာဖတ်ကာ အလေ့အလာရှိသည်။ အထူးသဖြင့် သူ့ခေတ်အလိုက် လက်ရာများကို အလေးထားသည်။ အမှတ်အသားရှိသည်။ ထို့ကြောင့် ရွာဘုရားများကို ပြုပြင်လျှင် ကိုဌေးက စိတ်ချရသည်။

 

ကျောက်မိုးကြိုးသွားတဲ့
————————

ဤသို့ဖြင့် ဘုရားကို ပတ်ကြစဉ် ညောင်ပင်ယာဘက်အခြမ်းရောက်တော့ ထွန်ထားပြီးကာစ ထွန်ကြောင်းသစ် များပေါ် ဖြတ်နင်းလိုက်တော့ တွေ့ရသည့် ပစ္စည်းတစ်ခုကြောင့် ကျွန်တော်က ကောက်ယူ ကြည့်လိုက်မိသည်။ သမိုင်းစာအုပ်များ၊ သုတေသနစာတမ်းများနှင့် သတင်းစာ စာစောင်များတွင် ပါသည့် ဓာတ်ပုံတွေ ထဲမှာသာ တွေ့ဖူးပြီး အပြင်မှာတော့ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ၏ အိမ်က စာပွဲအောက်မှာသာ အပုံလိုက် မြင်ဖူးသည့် ပစ္စည်း ဖြစ်သည်။ ကျွန်တော် ကိုင်၍ပင် မကြည့်ဖူးခဲ့ပါ။

ကျွန်တော်က သေချာအောင် နောက်ထပ်ရှာကြည့်တော့ ထိုသို့သော ပစ္စည်းတွေ ထပ်တွေ့သည်။ ကိုကောင်းက “ရဲကျော်ဆန်းရ..၊ အဲ့ဒါတွေက ဒီညောင်ပင်ယာမှာ ပေါလှပေါ့ကွာ၊ မင်းလိုခင်ရင် တင်းတောင်းနဲ့ ချင့်ပြီး လှည်းနဲ့ တိုက်ရလိမ့်မယ်။ ဒို့ ငယ်ငယ်ကတည်းက ဆိတ်ခြောက် နွားခြေက်ရင် ဒါနဲ့ လှမ်းပစ်လိုက်တာပဲ။ အခု ယာထွန်ပြီးစ မိုးရွာပြီးစဆို တစ်ခင်းလုံး ပေါလှချည့် မောင်ရာ” ဟု ဆိုသည်။ ဦးဇင်းမှိုင်းက ကျွန်တော့်လက်ထဲက အရာကို ကြည့်၍ “ဒို့ဆီကတော့ မိုးကြိုးသွားလို့ ခေါ်ကြတာပဲ၊ ဒီညောင်ပင်ယာက ကုန်းခေါင်ခေါင်မို့ မိုးတွင်းဆို မိုးကြိုး တဒိုင်းဒိုင်း ပစ်ခံနေရလို့ မိုးကြိုးသွားတွေလို့ ဆိုတာ။ ဒါတွေတင် မကဘူး၊ မြေဆေးတံတွေ အိုးခြမ်းပဲ့တွေလည်း အများကြီး။ ယာထွန်တိုင်း အဲ့ဒါတွေ ထွက်ထွက်လာတာကွယ့်” ဟု မိန့်သည်။

 

ကြေးမိုးကြိုးသွားလည်း ရှိသတဲ့
————————————-

ကျွန်တော်က “ဦးဇင်း ဒါတွေက ကျောက်ခေတ်လက်နက်တွေ ဘုရာ့၊ ကျောက်လက်နက်လို့ ခေါ်တာဘုရား၊ တစ်ဖက်မှာ သွေးထားလို့ ပေါက်ဆိန်သွားလို ချွန်နေတာ၊ တစ်ဖက်က ထုဖို့နှက်ဖို့ အတုံးအပြားတွေ ဘုရာ့၊ သူက အရွယ်အစားအမျိုးမျိုးရှိတာ” ဟု လျှောက်ရင်း ကိုဌေးအောင်ရော ကျန်သူတွေရော ယာခင်းအနှံ့ ရှာကြရာ ခြေဖြင့် ယက်လိုက်သည့် နေရာတိုင်း တွေ့ရသည်။

အလိုလေး အနှံ့ပါလား၊ မြေဆေးတံအိုးက ၄ခု ၅ခုလောက် နှင့် အိုးခြမ်းပဲ့တွေလည်း တွေ့သည်။ ကိုအောင်မောင်းက “ ဒီညောင်ပင်ယာက ရှေးတုန်းက ညောင်ပင်ရွာဆိုပြီး ရွာတည် လူနေခဲ့ကြတာလို့ ကြားဖူးတာပဲ၊ ဒီညောင်ပင်ယာထဲက မိုးကြိုးသွား အစစ်ဆိုလား ရဖူးတယ်။ အခုလို ကျောက် မဟုတ်ဘူး၊ ကြေးအတိုင်း အချွန်လေး၊ ဓားလိုပဲ” ဟု ဆိုပြန်တော့ အံ့အားသင့်ရသည်။

တကယ်တော့ ကျွန်တော်ဖတ်ဖူးတာ ထိုအရာမှာ ကြေးလက်နက် ဖြစ်သည်။ ကျောက်ခေတ်ထက် အဆင့်မြင့်လာသည့် ကြေးခေတ်လက်ရာဖြစ်ကာ အလွန်ရှားပါးလှသည်။ ထိုကြေးလက်နက် ရရှိသူက မိုးကြိုးသွားဟု ဆိုကာ အကြောအဆစ် ဆေးကုရာတွင် စွမ်းလှသည်ဟု ယုံကြည်ကြသည်။ အခု ဒီညောင်ပင်ယာကတွေ့သော ကြေးမိုးကြိုးသွားက ဘယ်သူ့ဆီတွေ့တာလဲဗျ ဟုမေးတော့ ဆေးဆရာကြီး အိမ် ရေအိုးစင်ဘေးမှာ ချိတ်ထားတာ တွေ့ဖူးတယ် ဆိုသဖြင့် ရွာရောက်လျှင် ခဏ ယူကြည့်ပါရစေ ဟု ကိုအောင်မောင်းကို ပြောထားရသည်။

ကျွန်တော်တို့်လည်း တောင်ဘုရားကုန်းသို့ ပြင်ထားသည့် ဘုရားကို ဖူးရန်ရောက်ကြရာမှ မထင်မှတ်ဘဲ ကျောက်လက်နက် တွေ တွေ့ရပြန်တော့ အံသြရသည်။ တွေ့ပြန်တော့လည်း ကျွန်တော်ကိုယ်နှိုက်က တိကျစွာ မဆုံးဖြတ်တတ်တော့ စာတွေ ဖတ်ရန် လေ့လာရန် လိုပါသေးလားဟု မိမိကိုယ် မိမိ သုံးသပ်မိသည်။ ကိုကောင်း က တွေ့သမျှ စုထားသော ကျောက်လက်နက်များ ဆေးတံ နှင့် မြေအိုးခြမ်းများကို သူ့ ဖျင်တဘက်နှင့် စုထုပ်ကာ ပုခုံးပေါ် ထမ်းလာရင်း ပြန်ခဲ့ကြသည်။

ကျောင်းရောက်တော့ ခဏနားကာ တဘက်ကိုဖြန့်ခင်းပြီး ကျောက်လက်နက်တွေကို တစ်ခုချင်း သေချာ ကိုင်ကြည့်ဖြစ်သည်။ ကျောက်အမျိုးအစားတွေက မတူ၊ အရွယ်ကလည်း လက်တစ်ဝါးစာမှ လက်သန်း အရွယ်ထိ အစားစားရှိသည်။ ကိုအောင်မောင်း ရွာထဲ တောက်လျှောက်ဝင်ပြီး သူတွေ့ဖူးသည့် ကြေးမိုးကြိုးသွား ရှိသည်ဆိုသော ဆေးဆရာကြီး အိမ်သို့ သွားသည်။ ကျွန်တော်တို့က ရေနွေးသောက် လက်ဖက်စားရင်း စကားကောင်း နေကြသည်။ ကိုအောင်မောင်းလည်း စောင့်ရင်းပေါ့။

 

ညောင်ပင်ယာမှာပ ဲရှိတယ်
——————————-

ကျွန်တော်တို့လည်း ကျောင်းမမှာ ရေနွေးကြမ်းသောက်ရင်း ဦးဇင်းမှိုင်း၊ ကိုကောင်း တို့နှင့် စကားဝိုင်းဖွဲ့ ဖြစ်နေသည်။ ကိုအောင်မောင်း က ကြေးမိုးကြိုးသွားရှိသည်ဆိုသော ဆေးဆရာကြိးအိမ်က ပြန်ရောက်လာပြီ။ ဟုတ်သယ်၊ အရင်ကတော့ အဘ ကိုင်နေတာ တွေ့ဖူးတယ်၊ အခု အဘ ဆုံးတော့ ဘယ်နားရောက်နေမှန်းမသိဘူး ဟူသည့် သမီးဖြစ်သူ၏ ပြောစကားပဲ ပါခဲ့သည်။ ကိုအောင်မောင်း ကတော့ ဟုတ်သယ် ဦးလေးဘစိန် ရှိတုန်းက သူတို့ ရေအိုးစင်ဘေး ချိတ်ထားတာ တွေ့နေရသာဗျ ဟု ထပ်မံ အတည်ပြုသည်။ သို့သော် အခု ရှာမတွေ့တော့ပေ။ ကျွန်တော်တို့လည်း ညောင်ပင်ယာက ကျောက်လက်နက်မျိုး ရွာအနီးအနား အခြားနေရာမှာ တွေ့ဖြစ်သေးလား မေးကြည့်တော့ ဦးဇင်းမှိုင်းရော ကိုကောင်းတို့ကရော အခြားနေရာများမှာတော့ မတွေ့ဖူးဟု ဆိုကြသည်။

ကျွန်တော်က ကိုဌေးအောင်ကို ကျောက်လက်နက်တွေကို မန္တလေးအပြန်ယူခဲ့ပြီး ဆရာဦးမောင်မောင်တင် နှင့် ဆရာ ဒေါက်တာသန်းထွန်းတို့ထံ ပြကြည့်မည်ဟု ပြောတော့ ကိုဌေးအောင် က အေး ကောင်းတယ်ကွ၊ ဆရာတွေမှ သိကြမှာ ဟု ပြောသည်။ ကိုကောင်း ဆေးလိပ်ဖွာရင်း ကျောက်လက်နက်များနှင့် ကျွန်တော့်ကို တစ်လှည့်စီ ကြည့်ပြီး တစ်ခုခု ပြောချင်နေပုံရသည်။ ထို့ကြောင့် ကျွန်တော်က ကိုကြီးကောင်း ဒီကျောက်တုံးတွေပါ ယူရဦးမှာဆိုတော့ ကျောက်တံခါး အရှင်ကြီးကို ထပ်တောင်းပန်မှ ကောင်းမယ်ထင်တယ်ဗျ ဟုဆိုတော့ ကျောက်တံခါးအထိ သွားစရာ မလိုပါဘူးကွယ် ရွာထဲက မင့်ကြီးဒေါ် မလုံးတင် ကိုပဲ ရေစင်ဖိုးဆက်ပြီး တောင်းပန်ခိုင်းလိုက် ရသာပဲ ဟု ပြောသည်။

 

ကျွန်တော်တို့က နတ်မျိုးနတ်နွယ်တွေ
—————————————–

ဟုတ်သား ကြီးဒေါ် ဒေါ်လုံးတင် ရှိနေတာပဲ။ သူက လောလောဆယ်ရွာမှာ ရိုးရာဆက်ခံသူလေ။ စကားစပ်လို့ အဘတို့ အမေတို့ ပြောဖူးလို့ ရွာက ရိုးရာ အစဉ်အလာ အဆက်အနွယ်လေး ပြောပါဦးမည်။ အဘ၏ အမေ ဒေါ်ရွှေရင်က အလုံဘိုးဘိုးကြီး၏ နန်းရ နတ်ကတော်တဲ့။ အမေက မရွှေရင်က အတော်ချောတာ၊ ဖြူဖြူချောချောလေး၊ နင့်အဖိုးဦးလူနီက နင့်အဘ အမေရင်း က ပိုးထိလို့ ဆုံးတော့ အသက်ငယ်ငယ် ချောချော မရွှေရင်နဲ့ ရတာ၊ မရွှေရင် က တပေါင်းလ အလုံဘိုးဘိုးကြီး နတ်ပွဲရောက်ရင် နန်းဦးမှာ နေရာရတာ၊ မရွှေရင်က မိထွေးပေမယ့် နင့်အဘတို့ ညီအစ်ကိုကို သားအရင်းတွေလို ဂရုစိုက်တာ၊ မရွှေရင် ဆုံးတော့ ငါ့ မောင်ကြီး ကိုဖိုးထွန်းနဲ့ ရတဲ့ မတင်က မရွှေရင် နေရာကို ဆက်ခံရတာ ဟု ပြောသည်။

သည်တော့ ကျွန်တော်က အမေ ကျွန်တော်တို့ ငယ်ငယ်က ရွာရောက်ရင် နတ်စင်နေရာဆိုပြီး ကန်တော့ရတဲ့ ကြီးဒေါ်တင်လား ဟု မေးတော့ ဟုတ်တယ်လေ ဒို့အိမ်အနောက်ဘက်က နင့် အဖိုးအိမ်ဘေးကလေ၊ သူ့သားတွေက မြညွန့်တို့ ကျော်ရင်တို့လေ၊ နင်နဲ့က ညီအစ်ကို ဝမ်းကွဲတော်ကြသေးတာ၊ အနေစိမ်းနေကြလို့သာ ဟု ပြောတော့ ကျွန်တော် ကြီးဒေါ်တင်ရော သူ့သားများဖြစ်သည့် ကိုမြညွန့်ရော ကိုကျော်ရင်ရော ကောင်းကောင်းမှတ်မိသည်။ နောက် ကြီးဒေါ်တင်ဆုံးတော့ သူ့ အရိုက်အရာကို ဆက်ခံတာက အဘနှင့် မောင်နှမ ဝမ်းကွဲတော်စပ်သည့် ကြီးဒေါ် ဒေါ်လုံးတင်တဲ့။ ပြောကြစို့ ဆိုလျှင် ကျွန်တော်တို့က နတ်မျိုး နတ်ဆွေတွေလေ။

 

ကျောက်တံခါးအရှင်ကြီးကို တောင်းပန်ကြဦးစို့
————————————————

ကြီးဒေါ် ဒေါ်လုံးတင်အိမ်သို့ ညောင်ပင်ယာက ကျောက်လက်နက်တွေ မန္တလေးယူမှာမို့ ကျောက်တံခါး အရှင်ကြီးထံ ရေစင်ဖိုး ၅မတ်ဆက်ပြီး တောင်းပန်ရသည်။ ကြီးဒေါ် ဒေါ်လုံးတင်က အဘအဖေ ဦးလူနီကို ကွယ်လွန်သည်အထိ စောင့်ရှောက်ခဲ့သ ဖြစ်သည်။ ဒါကြောင့် အဘက သူ့ကို အစစပြန်လည် ကြည့်ရှုသည်။ ကြီးဒေါ်ကလည်း ကျွန်တော်တို့ မောင်နှမတတွေကို ခင်သည်။ အထူးသဖြင့် မမခင်ဝင်းကို အရိပ်တကြည့်ကြည့်နှင့် နေသည်။

ကြီးဒေါ်က သမီးလေး တစ်ယောက်ပဲ ထွန်းကားသည်။ မမမြင့်စန်းတဲ့၊ မမမြင့်စန်းငယ်ငယ်က မမခင်ဝင်းနှင့် ရုပ်ဆင်သည်။ ကိုင်း ကျောက်တံခါးအရှင်ကြီး တောင်းပန်ဖို့ အကြောင်းနှင့် ဆက်စပ်ပြီး စကားဆက်လိုက်တာ ကျွန်တော်တို့ နတ်မျိုး နတ်နွယ် အထိရောက်ကုန်ပါပြီ။ မထူးပါဘူး တစ်လက်စထဲ ပြောရလျှင် ကြီးဒေါ် ဒေါ်လုံးတင် ဆုံးတော့ သူ့အရိုက်အရာကို သူ့သမီး မမမြင့်စန်းက ဆက်ခံတာတဲ့။ အဲသလို။

ကျွန်တော်တို့လည်း လူစုံတက်စုံဆိုတော့ ရွာသို့ ရောက်ခိုက် ပေါက်ဆိန်ပေါက်ကျောင်းသို့ သွားဖို့ စီစဉ်ကြသည်။ ကျွှန်တော်နှင့် ကိုမောင်ဝင်းကတော့ အမျိုးမို့ ရွာရောက်တိုင်း ရောက်ဖြစ်သော်လည်း ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့ သောင်းထွန်းတို့ ကျွန်တော့်တူ ထွန်းထွန်းပင် မရောက်ဖူး။ ထို့ကြောင့် ဦးကြီးဦးချစ်တီကလည်း ရောက်တုန်းရောက်ခိုက် သွားဖို့ တိုက်တွန်းပြီး လှည်းစီစဉ်ကာ သူ့သားမက် ကိုထွန်းဦးကို လှည်းမောင်း လည့်ပေး လိုက်သည်။

ကိုထွန်းဦးက ဦးကြီး၏ တစ်ဦးတည်းသော သမီး မမဝါ၏ အိမ်သားဖြစ်သည်။ ကိုထွန်းဦးက ရွာမြောက်ရပ် ဇာတိဖြစ်သော်လည်း အသားအရေက ရွာသားနှင့်မတူ ဖြူသည်။ ဖြူရုံမက လူကလည်း နှုတ်ခမ်းမွှေးစစ နှင့် ချောသည်။ သူက မမဝါနှင့် အိမ်ထောင်မကျခင်က ရန်ကုန်မှာ အနေကြာသည်။ ထုံးစံအတိုင်း ဖိနပ်ချုပ်ပေါ့။ သည်တော့ ဝတ်တာစားတာက အစ ရန်ကုန်သား ဟန်ပန်ဖြစ်သည်။ မမဝါနှင့် ရပြီးမှပင် ရန်ကုန်ပြန်ကာ အလုပ်လုပ်နေသေးသည်။ နောက်တော့ ဦးကြီးက ရွာသို့ ပြန်ခေါ်ထားလိုက်၏။ ကိုထွန်းဦးက မနက်ကတည်းက မနက်ရေလေးနှင့် ရီဝေတတ်သည်။

 

ချောင်းမင်းကွေ့ယာ
————————–

နောက်ရက်မှာပဲ မနက်စောစော ကိုထွန်းဦးလှည်းနှင့် ပေါက်ဆိန်ပေါက်ရွာသို့ သွားကြရတာ ပျော်စရာကောင်း လှသည်။ ရွာကထွက်ပြီး ရွာ၏ တောင်ဘက်က အနောက်သို့ သွားသော လှည်းလမ်းက သာယာလှသည်။ ချိုးလေးတွေက ကူလို့၊ လေပြည်က ဝေ့လို့၊ လမ်းဘေးမှာလည်း ယာခင်တွေမှာ ငှက်လေးတွေက ကျိုးကျိုးကျီကျီနှင့် အစာကောက်လို့၊ ဝီရိယကောင်းသော ယာခင်းတချို့က လုပ်ငန်းခွင် ဝင်နေကြပြီး ကျွန်တော်တို့ လှည်းကို ဝူးထိုးကာ အသံပေး နှုတ်ဆက်ကြသည်။ ရွာကထွက်ပြီး မကြာမီမှာပင် လမ်း၏ ဘယ်ဖက် ခပ်လှမ်းလှည်းတွင် မြင်နေရသော သရက်ပင် အုပ်အုပ်နှင့် ယာတစ်ခင်းကို ကိုထွန်းဦးက တံပြာနှင့် ညွှန်ပြရင်း ရဲကျော်ဆန်း၊ အဲ့ဒါ မင်းအဖေရဲ့ ချောင်းမင်းကွေ့ယာလေ ဟု ပြောသည်။

ကျွန်တော်က လည်ဆန့်ကြည့်ရင်း တစ်နှစ်တင် အဘနှင့် ရွာအပြန် ခရီးရောက်မဆိုက် ဦးကြီးဘအေး၏ ခိုင်းနွားပေါက်လေး တံပိုးတင်ကောင်းလှဟု ညွှန်းသဖြင့် အဘက လှည်းယဉ် က ပြီး ဦးကြီးဘအေးရော ကျွန်တော်ရော အဘက လှည်းအသော့မောင်းကာ ရောက်ခဲ့ဖူးတာ သတိရသည်။ တကယ်တော့ ကိုထွန်းဦးက လူကြားကောင်းအောင်သာ မင်းအဖေရဲ့ ချောင်းမင်းကွေ့ယာ ဟု ပြောသော်လည်း ထိုစဉ် အဘနှင့် လာကတည်းက ကျွန်တော့် ကျောင်းစရိတ် အတွက် ဦးကြီးဦးချစ်တီးထံ ငွေကျပ် ၃၀၀ နှင့် ပေါင်နှံခဲ့သည်။

မကြာပါဘူး၊ အဘက အိမ်အတွက် ငွေလိုတော့ ဦးကြီးဆီက ငွေထပ်ယူပြီး ချောင်းမင်းကွေ့ယာကို ဦးကြီးထံ အပြီးလွှဲလိုက်ရသည်။ အဖိုးဦးလူနီဆုံးတော့ အဘ ရတာက အခု ချောင်းမင်းကွေ့ယာနှင့် တောင်ကျောင်းထိပ်က ပန်းချင်းယာတို့ ဖြစ်ရာ အခုတော့ ထိုယာ၂ခင်းလုံး မပိုင်တော့၊ ဦးကြီးဦးချစ်တီးကပဲ အဘ လိုသမျှငွေထုတ်ပေးပြီး ယာတွေ ယူလိုက်ရသည်။

 

ပေါက်ဆိန်ပေါက် ကျောင်းသို့ တစ်ခေါက်
——————————————-

ပေါက်ဆိန်ပေါက်ရွာသို့ သွားသည့် လမ်းတဝက်လောက်မှာပဲ လမ်း၏ ဘယ်ဘက်က ပျပျမြင်ရတာ မန်ကျည်းအုပ်ရွာတဲ့။ ရောက်တော့ မရောက်ဖူးပေ။ ထိုစဉ်က မန်ကျည်းအုပ်ကလည်း ရေရှားလှသတဲ့။ ရေကို သဖန်း တောင်ချောင်းက ရေတွင်းကြီးတွေ အထိ လာပြီး ရေစည်လှည်းနှင့် တိုက်ကြရသည်။ ငယ်ငယ်က ကစားပြီး အိမ်သို့ အမောတကော ပြန်လာကာ သောက်ရေအိုးက ရေကို တစ်ခွက်ပြီးတစ်ခွက် အငန်းမရသောက်လျှင် ဦးကြီးဘထွန်းက မင့်ဟာ မန်းကျည်းအုပ်က နွားကျနေတာပဲကွာ၊ ရေမြင်တာနဲ့ ခေါင်းထိုးပြီး အငန်းမရ သောက်လိုက်တာဟု အမြဲပြောသည်။ ကျွန်တော်က ဦးကြီးဘထွန်း စကားနားမလည်တာနှင့် အမေ့ကိုမေးမှ ထ်ုစဉ်က ရေရှားသည့် မန်ကျည်းအုပ်ရွာ အကြောင်းသိရသည်။ မန်ကျည်းအုပ်ဟု စကားစပ်တော့ ရန်ကုန်က ပန်းချီဆရာ ဆရာဝသုန်၏ ဇနီးက မန်ကျည်းအုပ်သူ တဲ့။ ဆရာနှင့် မန္တလေးမှာ စတွေ့တော့ အမျိုးစပ်သည်။ နောက် ရန်ကုန်ရောက်တော့ ဆရာကတော် မန်ကျည်းအုပ်သူက သဖန်းဆက် ကျွန်တော့်ကို တွေ့ချင်၍ သူ့အိမ်ကို တကူးတကန့် ဖိတ်သည်။

မန်ကျည်းအုပ်ကို ကျော်ပြီး မကြာမီ ပေါက်ဆိန်ပေါက်ကျောင်းက စေတီတော်များ၏ ထီးရောင်လက်လက်နှင့် ထုံးသင်္ကန်းဖွေးဖွေးကို သစ်ပင်အုပ်ကြားမှာ လှစ်ခနဲ မြင်ရပါပြီ။ ပေါက်ဆိန်ပေါက်ရွာ ထန်းတောရွာနှင့် ဆင်ဝင်ရွာ ၃ရွာက နီးကပ် ဆက်စပ်နေသည်။ ထန်းတောရွာက အမေ၏ အဖေဖြစ်သော ဦးတိုး၏ ဇာတိရွာ ဖြစ်သည်။ ထန်းတောသား ဦးတိုး က သဖန်းသူ မနှင်းသနှင့် အကြောင်းပါပြီး အမေတို့ မောင်နှမကို မွေးဖွားခဲ့ရာ အမေက မောင်ကြီးဟု ခေါ်သည့် ဒုတိယသား ကိုဘိုးကွန်း က ငယ်စဉ်ကတည်းက သင်္ကန်းစည်းပြီး ပေါက်ဆိန်ပေါက် ကျောင်းထိုင်ဆရာတော် ဦးတိလောက ဟု ထင်ရှားခဲ့သည်။ ဦးတိလောက ပျံတော်မူပြီး ယခု ကျောင်းထိုင်သည့် တိပိဋက တစ်ပုံဆောင် ဦးဝိသုဒ္ဓကလည်း အမေ့ဘက်က အမျိုးဖြစ်သည်။ ထိုမျှမက ဆိတ်လူးအိုင်ရွာက ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရ ကလည်း အမေနှင့် ဝမ်းကွဲ မောင်နှမတော်သည်။ ကိုကိုစိန်လှိုင်အမေ ဒေါ်လုံးတင်နှင့် ဦးသုန္ဒရ က မောင်နှမအရင်းတွေပေါ့။

ကိုင်း ဒီလိုဆိုတော့ ကျွန်တော်တို့က အဘဘက်က နတ်မျိုးနတ်နွယ်၊ အမေ့ဘက်က ဘုန်းကြီးမျိုး ဘုန်းကြီးနွယ်များမို့ ခပ်ကြွားကြွား ဂုဏ်ဖော်ရလျှင် အကန်တော့ခံတွေပေါ့။ သည်လိုပဲ ကြံဖန် ဂုဏ်ယူရတာပေါ့။ နေဦး အမေ့ အမျိုးဆိုလို့ သနပ်ကျင်း ဆင်ဝင်ရွာမှာလည်း အမေ့ အမျိုးတစ်ယောက် ရှိသေး၏။ သူက ထူးခြားသည်။ တစ်ခေတ်က နာမည်ကျော် မင်းသမီးကြီး ဝင်စားတာတဲ့။ အမျိုးရင်းမို့ ပေါက်ဆိန်ပေါက်ရွာ သွားတိုင်း သနပ်ကျင်း ဆင်ဝင်ရွာသို့လည်း သွားကြကာ မင်းသမီးကြီးဝင်စားသူ ကျွန်တော်တို့ အစ်မ ဝမ်းကွဲကို တွေ့ကြရသည်။ ဟုတ်ပါ့ သူ့ကို မြင်မြင်ချင်း ဓာတ်ပုံထဲတွင် တွေ့ဖူးသည့် မင်းသမီးကြီးနှင့် တူလိုက်တာ၊ ဘယ်မင်းသမီးကြီးပါလိမ့်။

Related posts

Leave a Comment

VOM News

FREE
VIEW