အီရန်စစ်ပွဲအပေါ် ထရမ့်ကို မဲပေးခဲ့သူတွေက ​လေကြောင်းကပဲတိုက်၊ ခြေလျင်တပ်တော့မလွှတ်ဖို့ သဘောထားရှိ

မတ်၉-၂၀၂၆
MT(VOM)
​အီရန်နဲ့စစ်ဖြစ်တာ တပတ်လောက်ရှိလာပြီဖြစ်ပြီး အမေရိကန်လူထုကြားမှာ ဒီစစ်ပွဲက သိပ်ရေပန်းမစားလှပါဘူး။ သမ္မတ ထရမ့်ကတော့ ဗုံးကြဲရတဲ့ အကြောင်းရင်းတွေကို အမျိုးမျိုးရှင်းပြနေသလို၊ ဒီစစ်ပွဲက ရက်သတ္တပတ်အတော်ကြာနိုင်တယ်၊ အမေရိကန်စစ်သားတွေ ထိခိုက်တာမျိုးလည်း ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ ဓာတ်ဆီဈေးတွေ တက်လာတာကိုလည်း သူက သိပ်ဂရုမစိုက်တဲ့ပုံစံမျိုး ပြောထားတာပါ။
​ဒီအခြေအနေတွေကြောင့် အမေရိကန်တော်တော်များများ စိုးရိမ်နေကြပေမယ့် ထရမ့်ကို မဲပေးခဲ့တဲ့သူတွေကတော့ အခုထိတော့ သူ့ဘက်က ရပ်တည်နေကြတုန်းပါပဲ။ ဒါပေမဲ့ “ခြေလျင်တပ်တွေ အလုံးအရင်းနဲ့ အီရန်ထဲကို လွှတ်မယ်ဆိုရင်တော့” လက်မခံနိုင်ဘူးလို့ ထရမ့်ကို အသေအလဲထောက်ခံသူတွေကတောင် သတိပေးထားပါတယ်။
​Reuters သတင်းဌာနက ထရမ့်ကို မဲပေးခဲ့သူ (၈) ယောက်ကို မေးမြန်းကြည့်တဲ့အခါ အားလုံးက အီရန်ထဲကို မြေပြင်တပ်တွေ အများကြီးပို့တာ ဒါမှမဟုတ် အီရန်အစိုးရကို ဖြုတ်ချပြီး အစိုးရအသစ်တင်ဖို့ ကြိုးစားတာမျိုးကို လုံးဝသဘောမတူကြပါဘူး။
​မေးမြန်းခဲ့သူ (၅) ယောက်ကတော့ အီရန်ရဲ့ နူကလီးယားနဲ့ ဒုံးကျည်လက်နက်တွေကို ဖျက်ဆီးဖို့ လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်တာကို ထောက်ခံပါတယ်။ ကျန်တဲ့ (၃) ယောက်ကတော့ ဒီစစ်ပွဲကြောင့် စီးပွားရေးထိခိုက်မှာနဲ့ လူတွေအန္တရာယ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
​လူထုစစ်တမ်းရလဒ်: စစ်တမ်းတွေအရ ထရမ့်ကို မဲပေးခဲ့သူ ၃ ပုံ ၂ ပုံလောက်က ဒီတိုက်ခိုက်မှုကို ထောက်ခံကြပါတယ်။ ဒါပေမဲ့ အမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင်တော့ (၄) ယောက်မှာ (၁) ယောက်လောက်ပဲ ဒီစစ်ပွဲကို သဘောကျတာပါ။
ဓာတ်ဆီဈေးတွေက တစ်ဂါလံကို ၂၀ ဆင့် (cents) ကနေ ၅၀ဆင့် (cents) ကြား တက်လာပေမယ့် ထရမ့်ကို ထောက်ခံသူတွေကတော့ ဒါက ခေတ္တခဏပဲ ဖြစ်မှာပါလို့ ယူဆကြပါတယ်။ အင်ဒီယားနားပြည်နယ်က Walmart ဝန်ထမ်းတစ်ယောက်ဆိုရင် “ခဏတဖြုတ်တော့ ဒုက္ခရောက်မှာပေါ့၊ ဒါပေမဲ့ နောက်ပိုင်း ပြန်ကောင်းသွားမှာပါ” လို့တောင် မှတ်ချက်ပေးထားပါတယ်။
​ဒီစစ်ပွဲကြောင့် ဆီဈေးတွေ ဆက်တက်နေပြီး ထရမ့်ရဲ့ လုပ်ရပ်တွေက သူ့ကို ထောက်ခံသူတွေအပေါ် ငြိုငြင်စရာ ဖြစ်လာမယ်ဆိုရင်တော့ ရှေ့လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီအတွက် အထိနာနိုင်ပါတယ်။
Ref: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW