ဆူးငှက် အခန်း – ၇၄

 

 

 

နာမည်ကျော် မင်းသမီး
—————————

ထိုနာမည်ကြီး မင်းသမီးကို သက္ကရာဇ် ၁၂၆၆ခုနှစ် တော်သလင်းလမှာ (ထိုစဉ်က) သာစည်ခရိုင် ရွှေဖလားကန် ရွာမှာ မွေးဖွားခဲ့သည်။ ငယ်အမည်က ဗိုလ်မတဲ့။ ထို့ကြောင့် ငယ်စဉ်ကတည်းက ဖြူဖြူချောချောလေး ဖြစ်ပုံရသည်။ အဖေနှင့် အမေကလည်း တောကျေးလက် အငြိမ့် မင်းသားမင်းသမီးတွေ ဆိုတော့ ထိုမင်းသမီး ငယ်စဉ်ကတည်းက အဆိုအက အနုပညာနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထို့ကြောင့့် အရွယ်ရောက်သောအခါ မိဘများနှင့် အတူ တောအငြိမ့်လေးတွင် မင်းသမီးလေး အဖြစ် ကပြနေပါပြီ။ ထမင်းသမီးလေးကို တောအငြိမ့်လေး များအား သီချင်းရေးပေး အကတိုက်ပေးနေသည် မန္တလေးက သီချင်းရေးဆရာ နန်းတော်ရှေ့ ဆရာတင်က တွေ့ပြီး အလားအလာ ရှိသော သူလေးမို့ မန္တလေးသို့ ခေါ်လာပြီး မြေတောင်မြှောက်ပေးတော့ နဂိုကတည်းက ရုပ်ရည် အသံ ဗီဇနဲ့ လုံ့လ ရှိသူမို့ နာမည်ကျော်လာသည်။

ထိုမင်းသမီး က ကိုယ်ပိုင်ဟန်ရှိသည်။ အဝတ်အစားကအစ ရွေးချယ်တတ်သည်။ အရောင်ရင့် အဆင်ကြမ်းတွေ ရှောင်သတဲ့။ ထဘီဆို အစိမ်းနု၊ ပန်းနု၊ ဝါနု၊ ပြာနုတွေကို အနှစ်သက်ဆုံးတဲ့။ အများဆုံးဝတ်တာက ဝါနုသွေးလေးမို့ နန်းဆန် မန်းဆန်လှသတဲ့။ ဝါနုသွေးလေးကို ညပိုင်း က ရင် ငွေချည်ထိုးပြီး နေ့ပွဲဆိုရင် ငွေချည်မျှပင် မထိုးပဲ ဝတ်သတဲ့။ သူ့ထဘီက ချိတ်အစစ် ပိုးအစစ် နဲ့ ကွမ်းရိုးစင်းလေးတွေဝတ်သတဲ့။ သာမာန် အရပ်ပွဲ မဟုတ်ဘဲ မင်းပွဲစိုးပွဲတွေဆိုရင် အရေးပိုင်ကတော်က သူ့အဝတ်အစားတွေကို ကိုင်ကြည့်ရလောက်အောင် အစစ်ထည် လှပေ့ ညွန့်ပေ့ ဆိုတာတွေ ဝတ်သတဲ့။

သူ့အငြိမ့်မှာ လူရွှင်တော်များ၏ ပြက်လုံးဆိုလျှင် ရိုင်းစိုင်းသော ပြက်လုံး၊ ညစ်ညမ်းသော ပြက်လုံးများ ပြက်ခွင့် မရှိသလို သူအပါအဝင် မင်းသမီးတွေကိုလည်း ပစ်စလက်ခတ် ချိုးချိုးဖဲ့ဖဲ့ ပြောဆို ပြက်လုံးထုတ်တာလည်း မလုပ်ရဘူးတဲ့။ သူကိုယ်နှိုက်ကလည်း အငြိမ့်ခွင်မှာ မင်းသမီးအနေနှင့် လူရွှင်တော်တွေကို ပြောရာဆိုရာမှာပင် မင်းသမီးက ရည်းစား အကြောင်းကို ခွင်လုံးအနေနှင့် မပြောဘူးတဲ့။ ဆို စရာရှိတဲ့ သီချင်းဆို၊ က စရာရှိတာ က ပြီးရင် ခေါက်ယပ်တောင် လေး ကိုင်ပြီး ပတ္တလားရှေ့ ပြုံးပြုံးလေး ထိုင်နေတာပဲတဲ့။ လူရွှင်တော်တွေက သူဆိုသွားတဲ့ သီချင်း အဓိပ္ပာယ်ကိုပဲ ပြက်လုံး ထုတ်ကြတာပါတဲ့။

သူအငြိမ့် က တော့ အခြားမင်းသမီးတွေလို က ခါနီး အငြိမ့်စင်ပေါ်ရောက်မှ ကာလသားတွေ တရုံးရုံးရှေ့မှာ သနပ်ခါးလိမ်းတာလည်း မဟုတ်ပေ။ အိမ်မှာ ကတည်းက ဆံထုံးထုံး သနပ်ခါးလိမ်းခဲ့ပြီး အငြိမ့်စင်ပေါ်ရောက်မှ အဝတ်အစားလေး လဲရုံပါပဲ တဲ့။ မန္တလေး ဈေးခိုတော် ရွှေဆိုင်တန်းလို၊ သူဌေးရပ်ကွက်ဖြစ်သော ဝါးတန်းရပ်ကွက်လိုမျိုးမှာ နေ့ပွဲ ကရပြီးဆိုလျှင် လက်ဝက်လက်စား တစ်စုံစာကို စိန်အစစ် ပတ္တမြားအစစ် နီလာအစစ်များနှင့် ဝတ်ပြီး က သည်။ ထိုခေတ်က ရွှေဒင်္ဂါးတစ်ပြား ၁၃ကျပ်ပေးရတဲ့ အချိန် သူ့ အငြိမ့်ကြေးက ၄၅ ကျပ် ရတော့လည်း ဝတ်နိုင် စားနိုင်တာပေါ့ လို့ ပြောကြသည်။ ဒါပေမယ့် ဟော့ဟော့ရမ်းရမ်း မသုံးစွဲသလို ပိုက်ဆံလည်း မရေတတ်၊ ရသမျှ အမေ့ကို အပ်ပြီး လိုမှသာ ယူသုံးတတ်သည်တဲ့။

သူ့ အငြိမ့်သီချင်းတွေကို အများဆုံးရေးပေးတာက ဆရာလည်း ဖြစ်တဲ့ သီချင်းရေး ဆရာ နန်းတော်ရှေ့ ဆရာတင် ဖြစ်သည်။ ဒုတိယ အများဆုံက မြို့မငြိမ်း ဖြစ်ပြီး၊ နောက် သူ့ပထွေး ဦးသာဒင်၊ ဆရာထာ၊ ကိုရွှေမောင် စသော သီချင်းရေးဆရာများ၏ သီချင်များကိုလည်း သီဆိုခဲ့သည်။ ထိုစဉ်ကာလ က ထိုမင်းသမီး၏ အနုပညာသာမက အနေအထိုင်၊ ဣနြေ၊္ဒ ရုပ်ရည် နှင့် မိန်းကလေးပီသမှုတွေကြောင့် အရာရှိ အရာခံတွေသာမက ပညာတတ် ကောလိပ် ကျောင်းသားတွေအထိ အားပေးကြ ကြိုက်နှစ်သက်ကြသည်။ အချိန်ကာလကလည်း မြန်မာပြည် လွတ်လပ်ရေးအတွက် လက်ရုံးရည်သာမက နှလုံးရည်နဲ့ပါ တိုက်ပွဲဝင် တောင်းဆိုနေရတဲ့ အချိန်မှာ Liberty ဆိုတဲ့ လွတ်လပ်ရေးက မြန်မာပြည်အတွက် မြန်မာလူထုအတွက် အမြင့်ဆုံး တန်ဖိုးအရှိဆုံး ဆုလာဘ်ပဲ မဟုတ်ပါလား။ ထို့ကြောင့် ကောလိပ် ကျောင်းသား ပညာတတ်တွေက သူတို့ချစ်သော မင်းသမီးကို မြန်မာပြည်အတွက် အမြင့်ဆုံး အဖိုးတန်ဆုံး အရာဖြစ်သည့် Liberty ဆိုသော ဘွဲ့အား ချီးမြှင့် ပေးအပ်ခဲ့သည်။

ထိုနာမည်ကျော် မင်းသမီးကြီးသည် ဒုတိယကမ္ဘာစစ်ကြီးကာလ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်က ပြေးကာနီး မန္တလေးဝန်းကျင်မှာ စစ်မီးတွေ ဟုန်းဟုန်းတောက်နေသဖြင့့် မြို့ပေါ်မှာ မနေနိုင်တော့ဘဲ မြို့စွန် ကန်ကောက်ရွာကို သားအမိနှစ်ယောက် ရှောင်တိမ်းကြသည်။ ကန်ကောက်ကလည်း မလုံခြုံလေတော့ ရွှေစာရံဘုရား အနီးက ကင်းဘတ်ရွာကို ပြောင်းကြပြန်သည်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်စမြဲဆိုတော့ မိန်းမသား နှစ်ယောက်ထဲ နေကြရတာ မလုံခြုံပြန်ဘူးပေါ့။ ပါလာသော ကျန်ကောင်း ကျန်ရာ လက်ဝတ်ရတနာများကို ထုခွဲရောင်းချ စားသောက်နေရာက လက်ကျန် ပစ္စည်းများလည်း ဓားပြတိုက်ခံရသေးသည်။

ကင်းဘတ်ရွာမှ ဧည့်ပြရွာကို ပြောင်းပြီး ချို့ချို့တဲ့တဲ့ နေရချိန်မှာပဲ အရင်က ဖြစ်ခဲ့ဖူးတဲ့ ငှက်ဖျားရောဂါက ပြန်ဖြစ်သည့်အခါ စစ်တွင်းကာလမို့ ဆေးရယ် ဝါးရယ်နှင့် မကုနိုင်၊ ကောင်းကောင်းလည်း မပြုစုနိုင်ဘဲ ကွယ်လွန်ရှာ ပါသည်။ ထိုမင်းသမီးကြီး ကွယ်လွန်တဲ့ရက်က ၁၃၀၇ခုနှစ် ကဆုန်လပြည့်ကျော် ၄ရက် (၁၉၄၅ခု၊ ဧပြီလ ၂၉ရက်) ဖြစ်လို့ အသက်၄၀ကျော်ပဲ ရှိပါသေးသတဲ့။ ဒါဆိုရင် ထိုမင်းသမီးကြီးက ဘယ်သူဆိုတာ ကျွန်တော့်မိတ်ဆွေများ သိကြပါသည်။ နာမည်ကျော် အငြိမ့်မင်းသမီးကြီး လေဘာတီ မမြရင်ပေါ့။

 

မင်းသမီးနာမည်နှင့် မိန်ကလေးတွေ
————————————–

ထိုစဉ်ကာလ လေဘာတီမမြရင် နာမည်ကျော်လွန်းသောအခါ ရွာသို့ သူလာရောက် ကပြစဉ် သမီးမန်းကလေးများ မွေးသောအခါ မမြရင်ဟု အမှတ်တရ အမည်မှည့်ကြသလို ကလေးက ဖြူဖြူချောချောလေး ဆိုပါကလည်း မမြရင် ၊ မြရင် ဟု မှည့်ခေါ်ကြသည်။ အခု ဆင်ဝင်ရွာက အမေ့အမျိုးကတော့ မင်းသမီးလေဘာတီမမြရင်ကို ဝင်စားသူဟုပင် ပြောစမှတ်ဖြစ်ခဲ့သည်။ ရွာမှာ မမြရင်အငြိမ့် လာရောက်ကပြပြီး ဆင်ဝင်သူ ဆင်ဝင်သား ဇနီးမောင်နှံက ပထမဆုံး ရရှိလာသော ကိုယ်ဝန်က သမီးမိန်းကလေး ဖွားမြင်သည်။

မိန်ကလေးက မွေးကတည်းက ဆံပင်သန်သတဲ့။ တောသူ တောင်သားက မွေးဖွားသော်လည်း အသားက ဖြူသတဲ့။ အရွယ်လေးရလာတော့ မသင်မကြားရဘဲ အချိုးကျကျ ကတတ်သတဲ့။ စကားတတ်တော့ ဒီရွာကို သူ အရင်က ရောက်ဖူးသတဲ့။ မမြရင် အငြိမ့် ကခဲ့ဖူးသော ဘုန်းကြိးကျောင်း ရောက်တော့လည်း ဒီကျောင်းအောက် ညအိပ်ဖူးသတဲ့။ ထိုသို့သော အပြောများကြောင့် မိဘတွေကရော ရပ်ရွာကရော လေဘာတီမမြရင် ဝင်စားတာနေမှာဟု ပြောကြသည်။ သူ့မိဘကလေး သူ့တစ်ယောက်ပဲ ထွန်းကားခဲ့သည်။

ဒီအကြောင်းတွေက ကျွန်တော်ငယ်ငယ် အဘနှင့် အမေတို့နှင့် ရွာပြန်လို့ အမေ့ဇာတိ ထန်းတော ပေါက်ဆိန်ပေါက် နှင့် ဆင်ဝင်ရွာအကြောင်း ပြောလေတိုင်း တခုတ်တရ ပြောသည့် အကြောင်းအရာဖြစ်သည်။ ထိုသို့ပြောတိုင်း အမေက “အေးဟယ်၊ ဒို့ကလည်း သူတို့ဆီကို မရောက်ဖြစ်တာ မောင်ကြိး ဘုန်းကြိးပျံတော်မူတဲ့ နှစ်ကတည်းက၊ အဲ့ဒီ တွေ့တုန်းကကို ဆံပင်လူတစ်ရပ်နဲ့ အပျိုကြီး ဖားဖားဖြစ်နေပြီ။ အခုဆို အိမ်ထောင်တွေ ဘာတွေ ကျရောပေါ့” ဟုပြောတော့ အိမ်ထောင်မကျသေးဘူး၊ သူ့အမေ မုဆိုးမနဲ့ ယက်ကန်းခတ်နေကြတာ ဟု ရွာခံများက သတင်းပေးသည်။ မမခင်ဝင်း ပန်တျာကျောင်း တက်တယ်ဆိုတော့ သူတို့က အရင်ဘဝကတည်းက မင်းသမီးမျိုးတွေဟဲ့ဟု ရွာက ပြောကြတာ ကြားဖူးသည်။

 

ဆင်ဝင်ရွာသို့ ဆွေကြည့် မျိုးကြည့်
————————————

ရွာက တောင်ကျောင်းဘုန်းကြီး မယ်တော်ပျံနှစ် ရွာပြန်ကြတော့ “ဒီတစ်ခါ ပေါက်ဆိန်ပေါက် သွားရင်၊ ဆင်ဝင်ကိုတော့ မရောက်ရောက်အောင် သွားကြဦးစို့” ဟု အဘက ရွာဝင် ကတည်းက ပြောသည်။ လှည်းမောင်းသည့် ဦးကြီးဦးချစ်တီးက ပေါက်ဆိန်ပေါက်ကျောင်းက လှမ်းကြည့်ရင်ကို သနပ်ကျင်းရွာကို မြင်နေရတာ၊ သနပ်ကျင်းနဲ့ ဆင်ဝင်က ဆက်နေတာ ရောက်အောင် သွားလိုက်ကြဦး ဟု တိုက်တွန်းသည်။ ကျွန်တော်ကတော့ ကြားဖူးထားလို့ မင်းသမီးလူဝင်စား အမျိုးဖြစ်သူကို တွေ့ဖူး မြင်ဖူးချင်နေသည်။

ထို့ကြောင့် ရွာကနေ တစ်ရက်တော့ သားအဖသားအဖ ၃ယောက် ဦးကြီးဦးချစ်တီးလှည်းနှင့် ပေါက်ဆိန်ပေါက် ကျောင်းသွားကြတော့ ဆရာတော်ကပင် ဒီတစ်ခေါက် ဒကာကြီး ဒကာမကြီးတို့ ဆင်ဝင်ကို လာကြမယ်ဆိုတာ ကြားလို့ ဝမ်းသာနေတာဗျ ဟု မိန့်သည်။ ကျောင်းမှာ စားသောက်ပြီးသည်နှင့် ကျောင်းထောင့် ရေကန်ဘေးက ထွက်ရသည့် လမ်းမှ သနပ်ကျင်းမှ တဆင့် ဆင်ဝင်ရွာသို့ လှည်းဖြင့် သွားကြသည်။ တကယ်တော့ ဘာမှ မဝေး၊ မန္တလေးအခေါ် ၆ပြ ၇ပြလောက် ဝေးပဲဝေးမည်ဟု ခန့်မှန်းရသည်။

မှတ်မိနေတာက သူတို့အိမ်က ဆင်ဝင်ရွာ၏ သည်ဘက်အစွန်လောက်မှာပဲရှိသည်။ အိမ်လေးက ရွာကအိမ်နှင့်ပင် မတူ၊ တစ်ထပ်အိမ်ကို ထရံဇလီသပ်နှင့် ပြတင်းပေါက် သံဇကာကွက်၊ သင်္ဘောဆေးသုတ် အခန်းနှင့် သပ်ရပ်လှသည်။ အိမ်ရှေ့ အဖီမှာ ယက်ကန်းစင်ရှိသည်။ အမေ့အမျိုး ဆင်ဝင်သူက အမေ့ထက် ငယ်သည်။ သူကလည်း အရပ်ခပ်ပြတ်ပြတ်နှင့် ရုပ်ရည် သန့်သန့်ပြန့်ပြန့်၊ သူ့သမီး ကလည်း ဆံပင်ရှည်က လျှော်ပြီးစမို့ထင့် ဖားလျားချထားတာ ခြေဖနောင့် ထိလုပြီ။ အသားက ဖြူဖြူ၊ မဟာနဖူးနှင့် အရပ်က မနိမ့်မမြင့်ပေမယ့် သွယ်သည်။ သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းထားကာ ပါးမှာ ပါးကွက်ကြားက ဝိုင်းစက်နေ၏။

ကျွန်တော့်အိမ်မှာရှိသော ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ထဲက လေဘာတီ မမြရင်၏ ဓာတ်ပုံနှင့်တော့ အတော်တူသည်။ ကျွန်တော်တို့လာမည်ကို ကြိုသိထား၍ မုန့်ကြော်၊ ပဲငါးပေါင်းကြော်၊ နွားနို့၊ နွားနို့ခဲကြော်၊ လက်ဖက်၊ မြေပဲပြုတ် စသည်ဖြင့် စားစရာေွဖတွ အဆင်သင့် လုပ်ထားသည်။ သူတို့ သားအမိ ၂ယောက်စလုံးက မမခင်ဝင်းပါလာမည်ဟု မျှော်လင့်နေကြရာ မမခင်ဝင်း ပါမလာလို့ တဖွဖွ ပြောမဆုံးကြပေ။ ကျွန်တော် မှတ်မိသလောက် ဆိုရင်ဖြင့် ဆင်ဝင်ရွာက အမေ့အမျိုး ထိုအိမ်သို့ ၂ခေါက်လောက် ရောက်ဖူးသည်။ အမေက စကားစပ်တိုင်း သူ့တူမ မမြရင်ဝင်းစားအကြောင်း ပြောလေ့ရှိသည်။ (အခု ပြန်စဉ်းစားသောအခါ သူ့နာမည်ကို ဘယ်လိုမျ စဉ်းစားမရတော့။ မမအုန်းဟုတော့ ထင်သည်၊ သို့သော် မသေချာလှ။ အစ်မတွေ မေးကြည့်တော့ သူတို့လည်း မမှတ်မိကြတော့)။

 

အဘွားတ့ိုလှူခဲ့သော ခေါင်းလောင်း
————————————-

ကျွန်တော်က ထိုအကြောင်းကို အတူပါလာသည့် ကိုဌေးအောင်တို့ကို ပေါက်ဆိန်ပေါက်ကျောင်းက ရေကန်ကြီးနဘေး သရဖီပင်ရိပ်မှာ ပြောပြဖြစ်သည်။ ကိုဌေးအောင်တို့က အခု ကြုံနေတာပဲကွာ သနပ်ကျင်းကို မြင်နေရပြီပဲ ဆင်ဝင်ရွာကို သွားလိုက်ပါလားဟု ပြောပါသည်။ သို့သော် အမေတို့ မပါဘဲ မသွားချင်လှ။ ထိုစဉ် ဆရာတော်က ခေါ်ခိုင်းလို့ဟု ကိုရင်လေး တစ်ပါးက လာပြောလို့ ကျောင်းပေါ် ပြန်တက်ကြသည်။

ဆရာတော်က လှေကားအတက်က စောင့်၍ “မောင်ကျော်ဆန်းလည်းရောက်တုန်း မင့် အဘိုးအဘွားများ လှူခဲ့တဲ့ ခေါင်းလောင်းကို ပြချင်လို့၊ မောင်ဌေးအောင် တို့ လည်း ကြည့်သွားကြ” ဟု မိန့်ကာ လှေကားအတက် ဘေးက ဝရံတာတွင် အုတ်တိုင်နှင့် ချိတ်ဆွဲ ထားသော ကြေးခေါင်း တစ်လုံးကို ပြသည်။ ဟုတ်သားပဲ၊ အရင်တစ်ခေါက် ရောက်စဉ်က အဘနှင့် ကြည့်ဖူးသည်။ ဆရာတော်က ခေါင်းလောင်း အနားသို့ ကပ်ပြီး ခေါင်းလောင်းစာများကို ဖတ်ပြသည်။ အရင်တစ်ခေါက်လာစဉ်က ကျွန်တော်က ငယ်သေးတော့ ခေါင်းလောင်းစာကို မသိ။ အခု ဆရာတော်က စာကြောင်းတစ်လျှောက် လက်နှင့် ထောက်၍ ဖတ်ပြသည်ကို ကျွန်တော်ကလည်း လိုက်ဖတ်သည်။

“၁၃၁၆ ခု နတ်တော်လပြည့်ကျော် ၁၀ ရက် ဆရာတော်ဦးတိလောက အမှူးထား၍
ဆရာတော်ကြီး၏ မယ်တော် သဖန်းရွာဒေါ်နှင်းသ နှင့်တကွ သား မောင်ပေါလူ၊ သမီး မချောရင်၊ မြေး မခင်ရီ၊ မခင်လှ၊ မခင်မြ၊ မခင်ဝင်း၊ ၎င်းအပြင် သား မောင်အောင်မှတ်၊ သမီး မချောတင်၊ မြေး မောင်ဘဝင်း၊ မညို၊
၎င်းဒါယိကာမကြီး ဒေါ်နှင်းသ ၏ တူမ မလုံးတင်၊ မောင်စိန်လှိုင်၊ မောင်ထွန်းရွှေ၊
သားသမီး မြေး သားတစု ကောင်းမှု၊ နတ်လူ သာဓုခေါ်စေသော်၊ ကြေးချိန် ၅ဝါ.” တဲ့။

ဆရာတော်က ဖတ်ပြရင်း သား မောင်ပေါလူ၊ သမီး မချောရင်၊ မြေး မခင်ရီ၊ မခင်လှ၊ မခင်မြ၊ မခင်ဝင်း ဟူသည့် စာကြောင်းကို လက်နှင့် ပြန်ထောက်ပြပြီး “ ဒီနေရာမှာ မောင်ကျော်ဆန်းက သူ့နာမည်မပါတော့ စိတ်ကောက် လို့တဲ့၊ ဒါကြောင့် ကျုပ်က မောင်ကျော်ဆန်း နာမည်ကို သံစို့လေးနဲ့ ရိုက်ပြီး ပြန်ထည့်ထားရတာ” ဟု မိန့်သည်။ ဟုတ်တာပေါ့၊ မခင်ဝင်းနောက်မှာ စာကြောင်းအပေါ်က ကျွန်တော့်နာမည်ကို ပါရုံ သံစို့နှင့် ရိုက်၍ ထည့်ထားတာ တွေ့ရသည်။

 

နောက်တိုးကမ္ပည်း
———————-

သည်တော့မှ ကျွန်တော် သတိရသည်။ ဒီကျောင်းကို အဘရော အမေရော မမခင်ဝင်းရော ဥိးဆုံးရောက်တော့ အခုခေါင်းလောင်းကို ကြည့်ကြပြီး မမခင်ဝင်းက ခေါင်းလောင်းစာကို ဖတ်ပြပြီး ကျွန်တော့် နာမည်မပါသည်မှာ မွေးစားသား၊ ဝင်းရှေ့က အမှိုက်ပုံက အမေဆီရောင်းအပြန် ကောက်ရလို့ မွေးစားတာ ဖြစ်ကြောင်း စပြောင်သောကြောင့် ပေါက်ဆိန်ပေါက်က အပြန် လှည်းပေါ်မှာ နာမည်မပါရကောင်းလား တအီအီငိုသတဲ့။ ဒါကို အဘက ဆရာတော့်ကို စကားစပ်မိလိုက်လို့ ဖြစ်မည်။

တကယ်တော့ ခေါင်းလောင်းလှူသည့် ၁၃၁၆ခုနှစ်ဆိုတာ ကျွန်တော်မှ မမွေးသေးတာ၊ ကျွန်တော်က ခေါင်းလောင်းလှူပြီး နောက်၄နှစ်မှ မွေးတာ ဘယ့်နှယ် ကျွန်တော့် နာမည် ပါပါ့မလဲ။ ဒါက (ပြောရလျှင်) သမိုင်းအမှန်ပဲဟာ၊ သမိုင်းအမှန်မှာ ကိုယ်မမွေးသေးတာ (ကိုယ်မပါခဲ့တာ) ကိုယ့်အတ္တကြောင့် အတင်းအဓမ္မ ကိုယ့်နာမည် ဇွတ်ထည့်လို့မှ မရဘဲလေ။ မပါဘဲပါသယောင်၊ မဟုတ်ဘဲ ဟုတ်သယောင် အတ္တဖြင့် နေရာယူချင်သော မိမိကိုမိမိ ရှက်နေမိသည်။ ကိုင်း.. အခု ဇွတ်ပါချင်တော့ ကိုယ့်နာမည်က မလှမပ မသပ်မရပ်နဲ့လေ။ ရှက်စရာ။

Related posts

Leave a Comment

VOM News

FREE
VIEW