တကောင်းမြို့ကို အစိုးရတပ်က ပြန်လည် ထိန်းချုပ်

မတ် ၁၀ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်းအတွင်း ဒေသတွင်းလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်က တခုတည်းသာကျန်တော့တဲ့ တကောင်းမြို့ကို ဒီကနေ့ မတ် ၁၀ ရက်မှာ အစိုးရတပ်တွေက အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းတွေ အရသိရပါတယ်။
မတ်လ ၉ ရက်နေ့မှာ တကောင်းမြို့နဲ့အနီး နှစ်မိုင်လောက်သာကွာဝေးတဲ့ မကျီးကုန်းရွာ ၊ဆင်ညှပ်ကုန်းရွာကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပြီးနောက်မှာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တကောင်းမြို့ကနေ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ နောက်ဆုတ်ပေးလိုက်ရပြီး အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” တကောင်းမြို့ကို တပ်မတော်က ပြန်ရပါပြီ။ မကြာခင် ပုံတွေနဲ့တကွ ထုတ်ပြမှာပါ။ PDF တွေမရှိတော့ပါဘူး ။ ” လို့ လုံခြုံရေးတပ်ဖွဲ့ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေ ဘက်ကလည်း တကောင်းမြို့ကို လက်လွှတ်လိုက်ရပြီ ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နာကနေ ရေးသားနေတာ တွေ့ရပါတယ်။
တကောင်းမြို့ဟာ မန္တလေးတိုင်းထဲမှာ PDF အဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နောက်ဆုံးမြို့တမြို့ဖြစ်ပြီး လက်ရှိမှာတော့ လက်လွှတ်လိုက်ရပြီဖြစ်တာကြောင့် အစိုးရတပ်တွေက မန္တလေးတိုင်း တတိုင်းလုံးကို ပြန်လည်ထိန်းချုပ် သွားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။
အစိုးရတပ်က တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမပတ်လောက်ကစပြီး အင်းအားအများအပြားနဲ့ တွင်းငယ်ရွာကနေ စတင်စစ်ကြောင်းထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ကို ပြန်လည်ရရှိရေး အတွက် မြေပြင်စစ်ကြောင်းအပြင် အဆင့်မြင့်နည်းပညာ ဒရုန်းဗုံး ကြဲချတိုက်ခိုက်ခြင်း ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း ၊လေကြောင်းတိုက်ခိုက် ရှင်းလင်းမှုတွေပါ တပြိုင်နက်တည်း လုပ်ဆောင်ခဲ့တဲ့အတွက် ထိုးစစ်ဆင်လာတဲ့ အချိန်တိုတွင်းမှာ ကျေးရွာတွေကို ဆက်တိုက်သိမ်းယူခဲ့ပြီး မြို့ကိုပါ ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်ပြီးပါက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်ပြီး အများပြည်သူ အဆင်ပြေရေးအတွက် တကောင်း – မိုးမိတ် – မိုးကုတ် လမ်းကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ကိုတော့ ပြီးခဲတဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပြီး တနှစ်နဲ့ ခုနှစ်လအကြာမှာတော့ လက်လွှတ်လိုက်ရပြီး အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်သွားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တကောင်းမြို့က ဒေသခံတွေနဲ့ အနီတဝိုက် ကျေးရွာတွေက ဒေသခံတွေဟာ လတ်တလော.စစ်ရေးအခြေအနေရ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW