ထိုင်းမှာ အစိုးရဝန်ထမ်းတွေကို လှေကားပဲအသုံးပြုဖို့နဲ့ အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြား

မတ် ၁၁-၂၀၂၆
MT(VOM)
​အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ထိုင်းမှာ စွမ်းအင်အခက်အခဲတွေ ကြုံနေရတဲ့အတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ စွမ်းအင်ကို ချွေချွေတာတာ သုံးကြဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ်က အမိန့်ထုတ်လိုက်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ (မတ်လ ၁၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ထဲမှာ ပြည်ပခရီးစဉ်တွေကို ရပ်နားထားဖို့နဲ့ ဓာတ်လှေကားအစား လှေကားကိုပဲ အသုံးပြုဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
​ပြောရေးဆိုခွင့်ရှိသူ လလိတာ ပီရိဆီဝပ်တာနာက သတင်းထောက်တွေကို ပြောပြရာမှာ “ဝန်ကြီးချုပ်က ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်” လို့ ဆိုပါတယ်။ ဒါပေမဲ့ လူထုကို တိုက်ရိုက်ဝန်ဆောင်မှု ပေးရမယ့်သူတွေကတော့ ချွင်းချက်အနေနဲ့ ရုံးတက်ရမှာပါ။
​အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေး အင်အားအကောင်းဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ စွမ်းအင် အရန် သိုလှောင်ထားမှုက ၉၅ ရက်စာပဲ ကျန်ပါတော့တယ်။ ဒါကြောင့်လည်း စွမ်းအင်ဝန်ကြီး အတ်တာပိုလ် ရပ်ကပီဘွန်းရဲ့ ပြောကြားချက်အရ အမေရိကန်၊ သြစတြေးလျနဲ့ တောင်အာဖရိကတို့ဆီကနေ သဘာဝဓာတ်ငွေ့ (LNG) တွေ ထပ်ပြီး ရနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
​ဒါတင်မကဘဲ စွမ်းအင်လိုအပ်ချက်ကို အရေးပေါ်လျှော့ချနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အစိုးရရဲ့ တခြားချွေတာရေး အစီအစဉ်တွေအနေနဲ့ အဲယားကွန်း အပူချိန်ကို ၂၆ ဒီဂရီကနေ ၂၇ ဒီဂရီစဲလ်စီးယပ်စ် အတွင်းပဲ ထားဖို့နဲ့ တိုက်ပုံ ဒါမှမဟုတ် နက်ကတိုင်နဲ့ ဝတ်စုံအပြည့် ဝတ်မယ့်အစား လက်တိုရှပ်အင်္ကျီတွေကိုပဲ ဝတ်ကြဖို့ လလိတာက ပြောပါတယ်။
​ထိုင်းနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ၆၈ ရာခိုင်နှုန်းနီးပါးကို သဘာဝဓာတ်ငွေ့ကနေ ရတာပါ။ စွမ်းအင်ထိန်းညှိရေး ကော်မရှင်ရဲ့ အဆိုအရ သဘာဝဓာတ်ငွေ့ ထက်ဝက်ကျော်ကို ထိုင်းပင်လယ်ကွေ့ထဲကပဲ ထုတ်လုပ်ပြီး ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာပါ။ အဲဒီအထဲကမှ ၁၃ ရာခိုင်နှုန်းက အိမ်နီးချင်း မြန်မာနိုင်ငံကနေ တင်သွင်းတာ ဖြစ်ပါတယ်။
​ဒီလအစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံဟာ လာအိုနဲ့ မြန်မာကလွဲရင် ကျန်တဲ့နိုင်ငံတွေဆီ စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။
​အစိုးရရုံးအဆောက်အအုံတွေမှာ မလိုအပ်တဲ့ မီးတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပြီး လျှပ်စစ်သုံးစွဲမှု လျှော့ချဖို့ ဝန်ထမ်းတွေကို အမိန့်ထုတ်ထားတယ်လို့ လလိတာက ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့နဲ့ ကားတစ်စီးတည်းကို အတူတူမျှစီးတာမျိုး (Carpooling) လို ချွေတာရေးနည်းလမ်းတွေကို သုံးကြဖို့ တိုက်တွန်းသွားမှာပါ။
​”တကယ်လို့ အခြေအနေက ပိုဆိုးလာမယ်ဆိုရင် ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ လုပ်ငန်းတွေက ကြော်ငြာမီးဆိုင်းတွေကို မှိန်ထားဖို့၊ ပြီးတော့ ဓာတ်ဆီဆိုင်တွေကို ည ၁၀ နာရီမှာ ပိတ်ဖို့ စတဲ့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ထုတ်ပြန်သွားဖို့ ရှိပါတယ်” လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
​Source: Channel News Asia

Related posts

Leave a Comment

VOM News

FREE
VIEW