ယင်းမာပင်မြို့က ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး အရေးပေါ် တိမ်းရှောင်နေရ

မတ် ၁၀ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်နေမှုတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး အရေးပေါ် တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ယင်းမာပင်မြို့နယ်ရှိ ဘန့်ဘွေးရွာကတဆင့် အနီးဝန်းကျင်က ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ် ၇ ရက်၊ မနက်ပိုင်းကစတင်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်လာတာပါ။ စစ်ကား အစီး ၂၀ ဝန်းကျင်လောက် ရှိမယ်။ နယ်မြေ ရှင်းလင်းရေးလုပ်တဲ့ လမ်းကြောင်း တလျှောက်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဒရုန်းတွေနဲ့ လေကြောင်း တိုက်ခိုက်တာတွေပါ ရှိနေတော့ ဒေသခံတွေ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို ချက်ချင်း ရှောင်ကြရတာ” လို့ ကူညီပေးနေသူက ပြောပါတယ်။
အဲဒီစစ်ကားတွေဟာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ထွက်ခွာလာတာဖြစ်ပြီး မုံရွာ – ယာကြီး – ကလေး လမ်းအတိုင်း ဘန့်ဘွေးရွာကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ်က ဘန့်ဘွေး၊ ထန်းဇင်၊ ကောင်းဆင့်၊ တယ်ပင်ကန်၊ ကြက်လျှာ၊ ရွာသာယာ၊ နှောရိုး၊ မယ်‌‌စောတောတိုက်၊ ကံစု၊ ထရော်ကျင်း အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ နေရပ် စွန့်ခွာနေကြရတယ်လို့ သူက ပြောပါတယ်။
“လက်ရှိမှာ ယင်းမာပင် တောင်ဘက်ခြမ်းအနီးမှာ အစိုးရ စစ်ကြောင်းတကြောင်း အထိုင်ချထားတာ တွေ့ရတယ်။ လတ်တလော စစ်ရေး အနေအထားအရ မြေပြင်တိုက်ပွဲ ပြင်းထန်နိုင်ခြေ ရှိနေတာက ဒီစစ်ကိုင်းတိုင်းမှာ ပုလဲနဲ့ ယင်းမာပင်နယ်မြေ ဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့ ဖြစ်လာမယ့် ဘေးအတွက် ကြိုရှောင်ထားကြတာပဲ ပိုကောင်းပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အစိုးရတပ် စစ်ကြောင်းတွေဟာ နယ်မြေရှင်းလင်း လုပ်ဆောင်နေစဉ်အတွင်း မတ် ၇ ရက်နေ့က ယင်းမာပင်မြို့နယ် – ကနီမြို့နယ်အစပ်က ဒေသတွင်း လက်နက်ကိုင် တပ်တွေရဲ့ တပ်စခန်း နှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လက်နက်ကိုင်တပ်တွေက သတင်း ထုတ်ပြန်ထားပါတယ်။
အစိုးရတပ်တွေဟာ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ မြေပြင်စစ်ကြောင်း အင်အား ၃၀၀ ဝန်းကျင်နဲ့ အဲဒီစခန်းတွေကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“အစိုးရတပ်တွေ ဝင်ရောက် စီးနင်းတဲ့အချိန်မှာ အဲဒီစခန်းတွေမှာ လက်နက်ကိုင်တပ်တွေ မရှိတော့ပါဘူး၊ ကြိုရှောင်သွားကြတာ။ တခုခုဆို ရင်ဆိုင်ဖို့ထက် စခန်းထားပြီး သူတို့က အရင်ဆုံး ဆုတ်ခွာသွားကြတာ။ ဒါက ဒီဘက်မှာ ဖြစ်ရိုးဖြစ်စဉ်လိုပါပဲ။ ဒုက္ခရောက်ပြီး ကျန်ခဲ့တာတော့ ပြည်သူတွေပေါ့။ ဒါကြောင့် ပြည်သူတွေကို ပြောချင်တာ ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်ကြပါ။ အခု တချို့က ဘယ်လိုဖြစ်နေလဲဆို ရှောင်ကြပေမယ့် နေ့ဘက် အိမ်ပြန်နေနေကြတဲ့သူတွေလည်း ရှိနေတာတွေ့ရတယ်။ အခုက လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာဆိုတော့ ပြည်သူတွေအနေနဲ့ မပေါ့ဆဖို့ကိုဘဲ ပြောချင်ပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ပုလဲမြို့နယ်မှာလည်း မုံသွင်နဲ့ ချင်ပြစ်ရွာမှာ တပ်စွဲနေကြတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေဟာ အနီးနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ဗိုလ်နဂါးဇာတိ ကြောင်သန်းရွာအပါ ရွာပေါင်း ၃၀ ကျော်မှ ဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဲဒီ အစိုးရ စစ်ကြောင်းတွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို အစိုးရတပ်ဘက်ကလည်း လေယာဥ်၊ စက်တပ်လေထီး (ပါရာမိုတာ)၊ ဂျိုင်ရိုကော်ပတာ၊ ဒရုန်းတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပြင် မြေပြင် စစ်အင်အားတွေလည်း ထပ်မံ ဖြည့်တင်းလျက် ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW