မတ် ၁၀ ၊ ၂၀၂၆
CC (VOM)
ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာ ၊ ရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက် ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ရန်ဖြစ်တာကို ဝင်ရောက်ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရတဲ့အပြင် ရိုက်နှက်ခံရတာကြောင့် နှစ်ယောက်သေဆုံးပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၉ ရက်နေ့ညက (၁၂)စျေးထိပ်မှာ ရန်ဖြစ်နေတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ဝင်လေးယောက်က ဝင်ရောက်ဖြန်ဖြေပြီး ဖြေရှင်းပေးစဥ် ရန်ဖြစ်တဲ့အဖွဲ့ထဲက လူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့အပြင် သံတုတ်တွေနဲ့ပါ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ညကဆေးရုံပို့လိုက်တယ် ။ အဲထဲက နှစ်ယောက်က ဒီမနက်ဆုံးသွားတယ် ။ ရဲတွေကို တိုက်တာက မြတ်ကိုကိုဆိုတဲ့သူလို့ သိရတယ်။ တုတ်နဲ့ဝင်ရိုက်တာက သူ့မိသားစုဝင်တွေလို့တော့ ပြောတယ်။ အခုစစ်နေတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လေးယောက်ကို မြောက်ဥက္ကာဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့်လည်း နှစ်ယောက်က ဒဏ်ရာပြင်းထန်ပြီးသေဆုံးခဲ့တာဖြစ်ကြောင်း ၊ နောက်ထပ်ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကတော့ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေပေါက်ကံနယ်မြေရဲစခန်းက ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေကို အသက်သေစေတဲ့အထိ ကားနဲ့တိုက်ပြီး တုတ်နဲ့ရိုက်ခဲ့တဲ့ ကျူးလွန်သူ မြတ်ကိုကိုအပါအဝင် လူတချို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို သိရှိနိုင်ဖို့အတွက် ရွှေပေါက်ကံနယ်မြေရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့တာကြောင့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ – CJ
