ကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့ထိန်းချုပ် ၊ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေ

မတ်လ ၁၅ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို ဒီကနေ့ မတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ ကိုးကန့်တပ် MNDAA အဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနက် ၅ နာရီလောက်ကစပြီး နေ့လယ် ၁ နာရီလောက်အထိ ကွတ်ခိုင်မြို့ထဲမှာ ဒရုန်းဗုံး တိုက်ခိုက်မှု ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ဆက်တိုက်ရှိခဲ့ပေမယ့် ၁ နာရီနောက်ပိုင်းမှာတော့ TNLA တပ်တွေ မြို့ထဲကနေ ဆုတ်ခွာသွားတာကြောင့် ပစ်ခတ်မှု ရပ်သွားတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်တွေက ထိန်းချုပ်ထားပြီး မြို့ပြင် တပ်ဆုတ်သွားတဲ့ TNLA တပ်တွေကိုတော့ လိုက်လံ ပစ်ခတ်ရှင်းလင်းမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ် ။
” ခုလက်ရှိအခြေအနေက တအောင်းပလောင်တွေထွက်သွားပြီ။အခုတပ်ရဲ့နောက်ကျောက တောင်ကြောကို သူတို့ဆုတ်သွားတော့ နောက်ကနေ ဒရုန်းလိုက်ပစ်နေကြတယ်။ လောလောဆယ်မြို့ကို ကိုးကန့်တပ်ကသိမ်းသွားပြီပြောလို့ရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ကွတ်ခိုင်မြို့ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိ တိုက်ပွဲပြင်းထန် ​ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။
တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နှစ်ရက်တာအတွင်းမှာ ကွတ်ခိုင်မြို့နယ် ဒေသခံတွေအနေနဲ့ စစ်ရှောင်တာမျိုးမရှိဘဲ နေအိမ်မှာပဲ နေထိုင်ခဲ့ကြကြောင်း ၊ တိုက်ပွဲကြောင့် နေအိမ်တချို့ ဒရုန်းဗုံးထိမှန်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ TNLA ရဲ့တပ်စခန်းတွေဖြစ်တဲ့ မန်ပြိန်း နဲ့ ကောင်းခါးရွာ လမ်းခွဲရှိ စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ Drone ဗုံးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ရှိ ဗျူဟာတပ်ကုန်း ၊ ရှုခင်းသာမှာရှိတဲ့ ကာကင်းကုန်းနဲ့ လွိုင်ဆမ်ဆစ် တောင်ကုန်းစခန်းကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးရွာတပ်စခန်း၊ မုံးဟွမ်ရွာတပ်စခန်း၊ ရှောက်ဟော်ရွာတပ်စခန်း၊ လွယ်ကန်ရွာ တပ်စခန်း နဲ့ မန်ဂျယ်တပ်စခန်း နဲ့ နမ့်ဖတ်ကာရွာက တပ်စခန်းတွေကိုလည်း ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး မူဆယ် (၁၀၅)မိုင်ဒေသနဲ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ရှိ TNLA တပ်ဖွဲဝင် ၄၇ ယောက်နဲ့ အတူ လက်မက် ၄၈ လက်ကို MNDAA တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။
TNLA အနေနဲ့ ယခုလို ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ကို မိတ်ဖက်ပြဿနာအဖြစ်သာ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် မဟာမိတ်အဖွဲ့မှ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့်လည်း ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း ၊ မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်တဲ့ ပြဿနာကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမယ်လို့ တဆက်တည်း သတင်းထုတ်ထားတာ တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW