မတ် ၁၅ – ၂၀၂၆
SS (VOM)
နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေက ပြည်ပကုန်စည် တင်သွင်းမှုတွေကို တင်းကျပ်ထားတာကြောင့် လက်ရှိ ပြည်တွင်းမှာ သွင်းကုန်တွေ ရှားပါးလာပြီး ရောင်းချစရာ ပစ္စည်းလက်ကျန် မရှိသလောက် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ မီနီမားကတ်လေးတွေမှာသာမက နာမည်ကြီး စူပါမားကတ်တွေမှာလည်း နိုင်ငံခြားဖြစ် ပစ္စည်းတွေ ပြတ်လပ်နေပြီး ပြည်တွင်းဖြစ် ထုတ်ကုန်တွေကိုသာ အစားထိုး ရောင်းချနေကြတာကို တွေ့လာရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
“သမဝါယမခေတ်က တန်းစီပြီး ခွဲတမ်းနဲ့ဝယ်ရတဲ့ ကာဘော်လစ်၊ ရွှေဝါနဲ့ ပဒုမ္မာဆပ်ပြာတွေတောင် စီးတီးမတ်မှာ တင်ရောင်းနေတာ တွေ့ရတယ်။ Lux ဆပ်ပြာတွေတောင် မရှိတော့ဘူး။ ငံပြာရည်နဲ့ ခရုဆီတွေလည်း ပြည်တွင်းဖြစ်တွေချည်းပဲ။ ဒါက တိုင်းပြည်စီးပွားရေး ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ ဆိုတာကို ပြနေတာ။ ခေတ်က နှစ်ပေါင်း ၄၀ လောက် နောက်ပြန်ဆုတ်သွားတာ။ ဒီအချိန်မှာ နိုင်ငံခြားဖြစ် ပစ္စည်းဆိုတာ ရွှေလိုရှားသွားပြီ။ မှောင်ခိုဈေးကွက်ထဲ ရောက်သွားပြီ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် ဈေးဝါးဈေးကွက် အတွင်းမှာလည်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ နိုင်ငံခြားဖြစ်ဆေးဝါးတွေ ဝယ်ယူရရှိဖို့ ခက်ခဲလာနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးလို နာတာရှည်ရောဂါအတွက် ဆေးဝါးတွေအပြင် သာမန် ဖျားနာရောဂါ ကုသဆေးတွေနဲ့ ပုံမှန် လူသုံးများတဲ့ အားဆေး အမျိုးအစားတွေလည်း ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်နေပြီး ဈေးနှုန်းတွေလည်း ပုံမှန်ထက် သုံးဆလောက် မြင့်တက်နေတယ်လို့ ဆေးဆိုင် ဖွင့်လှစ်ထားသူတွေက ပြောပါတယ်။
အခုလို ပြည်ပကုန်စည်တွေ ဈေးကွက်အတွင်း တင်သွင်းနိုင်ခြင်း မရှိတာကြောင့် သွင်းကုန် လုပ်ငန်းတချို့နဲ့ အွန်လိုင်း အရောင်းဆိုင်တချို့ လုပ်ငန်း ရပ်နားထားရကာ အထွေထွေ ကုန်ဈေးနှုန်းတွေလည်း ဆက်လက် မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ရပ်နားထားရတဲ့ လုပ်ငန်းအများစုကတော့ အိမ်သုံး၊ ဆေးရုံသုံး ဆေးဝါးလုပ်ငန်းတွေ၊ အလှကုန်ပစ္စည်း၊ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက လုပ်ရကိုင်ရ အရမ်းကြပ်တဲ့ အနေအထားတခုကို ရောက်နေတာ။ လိုင်စင်ခွင့်ပြုပေးတဲ့ နေရာမှာလည်း နီးစပ်သူတွေလောက်ပဲ လိုင်စင်ချပေးနေတာ။ ဒီကြားထဲ ကန့်သတ်ချက်တွေနဲ့ ဆိုတော့ လုပ်ငန်းလည်ပတ်ဖို့က ခက်သွားပြီ” လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ သွင်းကုန်လိုင်စင် တစုံကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားတာဖြစ်ပြီး သွင်းကုန်တခါသွင်းတိုင်း လိုင်စင်တခါလျှောက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင်/ပါမစ် သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်ပြီး ပြည်တွင်းရောင်းချမယ့် Trading လုပ်ငန်းတွေအတွက် ကုမ္ပဏီတခုကို ကုန်ပစ္စည်းအမျိုးအစား တူပါက တလမှာ တစောင်သာ လျှောက်ထားခွင့် ပြုထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီလိုကာလတခုမှာ သွင်းကုန်တွေ ကန့်သတ်ထားတာက ဆိုးကျိုးပဲ။ ဈေးကွက်မှာ ပစ္စည်းရှားလာမယ်၊ ဝယ်ရခက်လာမယ်၊ ဈေးအဆမတန် တက်လာမယ်။ ဒါတွေကို စားသုံးသူတွေက ရင်ဆိုင်ရမှာ” လို့ သူက ပြောပါတယ်။
ပြည်တွင်းစားသုံးသူ လိုအပ်ချက်အတွက် နိုင်ငံတော်အနေနဲ့ သွင်းကုန်ကို လုံလောက်အောင် တင်သွင်းနိုင်ခြင်း မရှိတဲ့အပြင် လတ်တလော တိုင်းပြည် အခြေအနေအရ ထုတ်ကုန်ကိုလည်း အရည်အသွေးပြည့်မီပြီး လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းကစပြီး သွင်းကုန်လိုင်စင် ထုတ်ပေးမှု မရှိသလောက် ဖြစ်နေပြီး မြန်မာ – ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း ပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် တခြားသော လမ်းကြောင်းတွေကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း တရားမဝင်နဲ့ အခွန်ရှောင်အဖြစ် သတ်မှတ်ကာ တင်းကြပ်စွာ အရေးယူမှုတွေ ရှိနေတာကြောင့် ဈေးကွက်အတွင်း ပြည်ပကုန်စည် ဝင်ရောက်မှု နည်းပါးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
