ထိုင်းနိုင်ငံမှာ လွှတ်တော်ခေါ်ပြီ

မတ် ၁၅-၂၀၂၆
MT(VOM)
ပြီးခဲ့တဲ့လက ထိုင်းရွေးကောက်ပွဲမှာ မဲလက်မှတ်တွေပေါ်က ဘားကုဒ် (Barcode) တွေကြောင့် မဲလျှို့ဝှက်ချက် ပေါက်ကြားနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးမှာ စစ်ဆေးနေရချိန်မှာပဲ ထိုင်းလွှတ်တော်သစ်ကို စနေနေ့ (မတ်လ ၁၄ ရက်) က တရားဝင် စတင်ဖွင့်လှစ်လိုက်ပါတယ်။
​မဲလက်မှတ်ပြဿနာ
မဲလက်မှတ်တွေမှာပါတဲ့ Barcode နဲ့ QR Code တွေက ဘယ်သူဘယ်ဝါ ဘယ်ပါတီကို မဲပေးလိုက်လဲဆိုတာ ပြန်ခြေရာခံလို့ ရနေတယ်ဆိုပြီး လူထုက တိုင်ကြားထားပါတယ်။ ဒါဟာ မဲပေးခြင်းရဲ့ လျှို့ဝှက်ချက်ကို ထိခိုက်စေတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို တရားရုံးက ပယ်ဖျက်မလားဆိုတာ စောင့်ကြည့်နေရပါတယ်။
​ကော်မရှင်ရဲ့ အဖြေ
ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီဘားကုဒ်တွေဟာ လုံခြုံရေးအတွက်ပဲ ဖြစ်ပြီး၊ မဲပေးသူကို ပြန်ရှာဖို့ဆိုတာ လုံခြုံရေးအဆင့်ဆင့် ကျော်ဖြတ်ရမှာမို့လို့ မဖြစ်နိုင်ဘူးလို့ ငြင်းထားပါတယ်။
ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ်ရဲ့ ဘူမ်ဂျိုင်ထိုင်း (Bhumjaithai) ပါတီက အပြတ်အသတ် အနိုင်ရထားပြီး သူတို့ပါတီက ဖွေထိုင်း (Pheu Thai) ပါတီနဲ့ တခြားပါတီငယ်တွေပေါင်းပြီး မဟာမိတ်အစိုးရဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် အမတ်နေရာ ၅၀၀ ထဲမှာ ၂၉၀ ကျော် ရရှိထားပြီး အစိုးရသစ်ဟာ တည်ငြိမ်မှုရှိမယ်လို့ ခန့်မှန်းရပါတယ်
ထိုင်း​ဘုရင်ရဲ့ မိန့်ခွန်း
ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက လွှတ်တော်ဖွင့်ပွဲမှာ လွှတ်တော်အမတ်တွေကို “ပြည်သူတွေရဲ့ ကောင်းကျိုးကို ရှေ့တန်းတင်ပြီး လုပ်ဆောင်ကြဖို့” တိုက်တွန်းထားပါတယ်။
​ဒီနေ့ တနင်္ဂနွေနေ့မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတွေကို ရွေးချယ်မှာဖြစ်ပြီး၊ ရှေ့အပတ် ကြာသပတေးနေ့လောက်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲရွေးချယ်ဖို့ ရှိနေပါတယ်။
၂၀၀၆ ခုနှစ်တုန်းကလည်း အခုလိုမျိုး မဲပေးမှု လျှို့ဝှက်ချက် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲရလဒ်ကို တရားရုံးက ပယ်ဖျက်ခဲ့ဖူးတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
Ref: Channel News Asia

Related posts

Leave a Comment

VOM News

FREE
VIEW