မတ် ၁၄ – ၂၀၂၆
SN (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေး အခြေအနေတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာလည်း ဓာတ်ဆီ ရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
လက်ရှိ တာ့ခ်ခရိုင်ထဲက မဲဆောက်မြို့ အပါအဝင် မြို့နယ် ငါးခုမှာ ဓာတ်ဆီခြွေတာနေရပြီး ဒေသတွင်း ဆီဆိုင်တချို့က ထိုင်းနိုင်ငံသားပိုင် ကားတွေကိုသာ ဦးစားပေး ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီမှာ ဓာတ်ဆီရှားနေပြီ။ လုံးဝ ကုန်သွားတာတော့ မဟုတ်သေးဘူး။ ရှိတဲ့ ပမာဏပေါ်မှာ မူတည်ပြီး အကန့်အသတ်နဲ့ ရောင်းပေးနေတယ်။ သူတို့ရောင်းမယ့် တနေ့စာ ပမာဏ ပြည့်သွားရင် ဆက်မရောင်းတော့ဘူး။ ကုန်သွားပါပြီဆိုတဲ့ စာကပ်ပြီး ဆိုင်တွေပိတ်ပစ်လိုက်တာ။ အဲဒီတော့ မနက် မိုးလင်းကတည်းက တန်းစီလည်း ဆီက ရချင်မှရတာ” လို့ မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်းက ဆီဆိုင်ကြီးတွေဟာ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ တရက်ကို ဆီလီတာ တသောင်းနှစ်ထောင်အထက် ပိုမို ရောင်းချခြင်းမပြုဖို့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာဖြစ်ပြီး ကားငယ်တွေကို တစီး ဘတ် ၁၀၀၀ ဖိုး၊ ကုန်တင်ကားကြီးတွေကို ဘတ် ၁၅၀၀ ဖိုး ရောင်းချပေးနေသလို ပုံးတွေနဲ့ လာဝယ်ပါက တယောက်ကို ဘတ် ၅၀၀ ဖိုး ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒါက အစိုးရ သတ်မှတ်ချက်ပေါ့။ ဒါပေမယ့် ခုနောက်ပိုင်း ဆီရှားလာတော့ မဲဆောက်မှာတော့ ဆိုင်အများစုက ကားတစီးစာ ဘတ် ၅၀၀ ဖိုးပဲ ရောင်းပေးတော့တာရှိတယ်။ ထိုင်းလိုင်စင်နံပါတ်နဲ့ ယာဉ်တွေတောင် ဘတ် ၅၀၀ ဖိုးပဲရတယ်။ မြန်မာလိုင်စင်တွေဆို လုံးဝ ရောင်းမပေးတော့ဘူးလို့ စာကပ်ထားတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်က ကားတွေ ထိုင်းနိုင်ငံအတွင်း အလုံးအရင်းနဲ့ လာရောက် ဆီဖြည့်နေကြတာကြောင့် ဆီဆိုင်တိုင်းမှာ တန်းစီစောင့်ဆိုင်းရတဲ့ ကားတန်းကြီးဟာ ၃ ကီလိုမီတာကျော်အထိ ရှည်လျားနေပြီး ဒေသခံတွေပါ ဆီဖြည့်ဖို့ ခက်ခဲလာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မဲဆောက်၊ ဖော့ဖရား၊ အမ်ဖန်း၊ မဲရမတ်နဲ့ သာဆောင်ယန်း အစရှိတဲ့ ခရိုင်တွေထဲက ဆီဆိုင်တချို့ဟာ မြန်မာလိုင်စင်နံပါတ်နဲ့ ယာဉ်တွေကို ဆီရောင်းချပေးတော့မှာ မဟုတ်ဘူးလို့ ကြေညာစာတွေ ကပ်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“မြဝတီ၊ တာချီလိတ်ဘက်လို နေရာမျိုးတွေကနေ မြန်မာလိုင်စင်ကားတွေ ဆီလာဖြည့်ကြတာ။ ဒါကြောင့် နိုင်ငံအတွင်းက လူတွေကို ပိုပြီး ဦးစားပေး ရောင်းချပေးမယ်ဆိုပြီး ဖြစ်သွားတာ။ အဓိက ကတော့ နိုင်ငံတွင်း နေထိုင်သူတွေ ဆီဖူလုံမှုရှိအောင်၊ မှောင်ခိုဈေးကွက် မဖြစ်အောင် ထိုင်းအာဏာပိုင်တွေက ဆိုင်တွေကို ညွှန်ကြားထားတာ” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကစပြီး ပြည်ပနိုင်ငံတွေကို ဆီတင်ပို့မှု ကန့်သတ်ထားတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာလည်း ဆီရရှိမှု အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် နယ်နမိတ်ချင်း နီးစပ်တဲ့ဒေသတွေက မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံမှာ ဆီသွားရောက်ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာလိုင်စင်နံပါတ်နဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ဓာတ်ဆီနဲ့ ဒီဇယ် ရောင်းချမပေးတော့ဘူးလို့ ထိုင်းဆီဆိုင်တွေက အသိပေးလာတာကြောင့် ရှမ်းအရှေ့ပိုင်းက တာချီလိတ်၊ မိုင်းတုံ၊ မိုင်းပန်၊ မိုင်းဆတ် အစရှိတဲ့ မြို့နယ်တွေအပြင် ကရင်ပြည်နယ်အတွင်းက မြဝတီမြို့လို နယ်စပ်ဒေသရှိ မြို့နယ်တွေက ဒေသခံပြည်သူတွေဟာ ဆီရရှိမှု အခက်အခဲတွေ ပိုမိုဖြစ်ပေါ်ပြီး ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ရှမ်းအရှေ့ပိုင်းဒေသဟာ ပြည်မနဲ့ လမ်းပန်းဆက်သွယ်ရေး ဝေးလံတာကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းရတဲ့ဆီကို အားထားနေရသလို လာအိုနိုင်ငံမှတဆင့်လည်း ပြန်လည် တင်သွင်းနေရတဲ့ အနေအထား ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
