မတ် ၁၅ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိသစ်တော၀င်းအတွင်း နေထိုင်သူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကာကွယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ တည်ဆောက်ရေးလုပ်ငန်းမြေဖြစ်တာကြောင့်ဆိုပြီး လာမယ့် မတ် ၁၇ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းခိုင်းနေတယ်လို့ အဲဒီမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။
အဲဒီ သစ်တောဝင်းအတွင်း အိမ်ခြေ စုစုပေါင်း ၂၆၃ လုံး ရှိတယ်လို့ သိရပြီး သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့ခြင်း မပြုပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားတယ်လို့ သိရပါတယ်။
“ဒီနေရာက မဖယ်ပေးရင် မတ် ၁၇ ရက်နေ့မှာ ဘူဒိုဇာနဲ့လာထိုးမယ်ဆိုပြီး ပြောထားတယ်။ ဒီမှာ နေတဲ့သူတွေက နှစ်ပေါင်း ၈၀ လောက် နေလာကြပြီးပြီဆိုတော့ ဘယ်သူမှ မဖယ်ချင်ကြဘူး။ အလုပ်တွေကလည်း အလုံထဲနေမှ သွားရေးလာရေး အထိုင်ကျပြီးသားမို့ မိသားစုတော်တော်များများ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်” လို့ အလုံမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အဲဒီဝင်းအတွင်း နေထိုင်သူတွေအတွက် လက်ရှိမှာ သက်ဆိုင်ရာက လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း တက္ကသိုလ်အကျော်က လယ်ယာမြေ နေရာတွေကို နေရာအစား ပြန်လည် ချပေးထားတာရှိပြီး ဒါကို လက်ခံတဲ့သူတွေ ရှိပေမယ့် မြေအပိုင်ပေးတဲ့ စာရွက်စာတမ်း မစုံလင်တာကြောင့် လက်မခံသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“သူတို့ အစားပြန်ပေးတဲ့ နေရာကလည်း အိမ်ဂရန်နဲ့ ခိုင်ခိုင်မာမာ မြေကွက်လပ်လေးဆို အကြောင်းမဟုတ်ဘူး။ အခုက သွားလို့လာလို့ အဆင်မပြေတဲ့ နေရာ၊ ကမ်းပြိုရွာဘက်မှာရှိတဲ့ လယ်မြေတွေကို အစားပြန်ပေးတာ။ အဲဒီ မြေတွေကလည်း ၁၉ ဦးပိုင်မြေကို သိမ်းထားတာတွေ။ အဲဒီလိုနေရာကိုပေးတော့ ဒါတွေက နောက်ပိုင်း ရှုပ်လာမယ့် ပြဿနာတွေရှိတယ်။ ဒါကြောင့် ယူတဲ့သူတွေ ရှိသလို၊ မယူတဲ့သူတွေကလည်း မယူကြဘူး” လို့ သူက ပြောပါတယ်။
သစ်တောဝင်းအတွင်း နေထိုင်သူတွေဟာ ခွင့်ပြုချက်မရဘဲ နေထိုင်သူတွေဖြစ်တာကြောင့် အဲဒီနေရာက ထွက်ခွာပေးဖို့ သက်ဆိုင်ရာက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလကစပြီး သုံးကြိမ်တိုင်တိုင် နို့တစ်စာ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဝင်းအတွင်းက အိမ်ခြေ အလုံး ၁၄၀ ဝန်းကျင် ကိုယ်ထူကိုယ်ထ ဖျက်သိမ်း ဖယ်ရှားပေးနေပြီ ဖြစ်တယ်လို့ သိရပြီး အစားပြန်လည် ချပေးထားတဲ့ မြေနေရာကို ပြောင်းရွှေ့လိုခြင်း မရှိသူတွေကတော့ အလုံမြို့နယ်တဝိုက်မှာပဲ အိမ်ငှားနေဖို့ စီစဉ်နေကြပေမယ့် အိမ်ငှားရမ်းခ ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
“ဒီမှာနေတဲ့သူတွေက လခစားဝန်ထမ်းတွေလည်း ရှိသလို လက်လုပ်လက်စားတွေလည်း အများကြီးရှိတယ်။ အိမ်ခန်းစျေးတွေကလည်း အနည်းဆုံး တလ လေးသိိန်း၊ ငါးသိန်း ဆိုတော့ ဒါကို ခြောက်လချုပ်တွေ၊ တနှစ်ချုပ်တွေ ဘယ်သူမှ မတတ်နိုင်ကြဘူး။ မဖယ်ပြန်ရင်လည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်မယ်ဆိုတော့ တော်တော်အခက်အခဲဖြစ်၊ ဒုက္ခရောက်ကြရတာပေါ့။ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း တင်ပြထားပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ပေးစေချင်ပါတယ်” လို့ သူက ပြောပါတယ်။
အလုံသစ်တောဝင်းအတွင်း နေထိုင်သူတွေဟာ မြန်မာ့သစ်လုပ်ငန်း သစ်တောဝန်ထမ်း မိသားစုတွေရဲ့ မျိုးဆက်တွေဖြစ်တယ်လို့ သိရပြီး အခုလို ဝင်းအတွင်းက ဖယ်ရှားခိုင်းနေတာကြောင့် ကလေးငယ်တွေရဲ့ ပညာရေးအပြင် အတည်တကျ ဖြစ်နေပြီးသား လူမှု၊ စီးပွားရေးတွေအကုန် ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အဲဒီသစ်တောဝင်းဟာ အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ မိုးကောင်းသစ်ဆိမ့်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ တည်ဆောက်ရေးလုပ်ငန်း (၃) မြေဧရိယာ ၃၂ ဒသမ ၂၈၄ ဧရိယာအတွင်း တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
သစ်တောဝင်းအတွင်း နေထိုင်သူတွေအနေနဲ့ နောက်ဆုံး သတ်မှတ်ရက်အတွင်း နေရာကနေ ထွက်ခွာမပေးပါက ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ – ၃ နဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမှတ် (၁) အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖွဲ့က အသိပေး ကြေညာထားပါတယ်။
Photo – CJ
