ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ဖို့ လမ်းခင်းပေးမယ့် ပဲရစ်က အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ

မတ် ၁၆-၂၀၂၆
MT(VOM)
​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီလအတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတာကြောင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်ခုဟာ ကုန်သွယ်ရေးပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြပါတယ်။
​အမေရိကန်နဲ့ တရုတ်နိုင်ငံက ထိပ်တန်းအရာရှိတွေဟာ အခုလနှောင်းပိုင်း ပေကျင်းမှာပြုလုပ်မယ့် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဆွေးနွေးပွဲအသစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။
​အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့် (Scott Bessent) နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်း (He Lifeng) တို့ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြားက ကုန်သွယ်ရေးကိစ္စတွေကို ညှိနှိုင်းဖို့ တနင်္ဂနွေနေ့က ပဲရစ်မြို့မှာရှိတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ဌာနချုပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
​ဒီဆွေးနွေးပွဲမှာ အဓိကအားဖြင့် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု အပြောင်းအလဲတွေ၊ တရုတ်ကထုတ်တဲ့ ရှားပါးသတ္တုနဲ့ သံလိုက်တွေကို အမေရိကန်ဝယ်ယူသူတွေဆီ တင်ပို့မှု၊ အမေရိကန်ရဲ့ နည်းပညာမြင့်ပစ္စည်း တင်ပို့မှုထိန်းချုပ်မှုတွေနဲ့ တရုတ်နိုင်ငံက အမေရိကန် လယ်ယာထွက်ကုန်တွေ ဝယ်ယူမယ့်ကိစ္စတွေကို အဓိကထား ဆွေးနွေးကြဖို့ ရှိနေပါတယ်။
​တရုတ်နဲ့ အမေရိကန်တို့ဟာ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးနီးပါး ကုန်သွယ်ရေးစစ်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
အပြန်အလှန် အခွန်စည်းကြပ်မှုတွေဟာ တစ်ချိန်က ၁၀၀ ရာခိုင်နှုန်းကျော် (ဂဏန်းသုံးလုံး) ထိ ရှိခဲ့သလို၊ ပို့ကုန်ကန့်သတ်ချက်တွေကြောင့် အရေးကြီးသတ္တုတွေရဲ့ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် ပျက်စီးမယ့်အန္တရာယ်နဲ့လည်း ကြုံခဲ့ရပါတယ်။
​ပြီးခဲ့တဲ့ အောက်တိုဘာလက တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မှာ ထရမ့်နဲ့ ရှီတို့ တွေ့ဆုံပြီးနောက် တင်းမာမှုတွေ လျော့ပါးသွားခဲ့ပေမယ့်၊ တရုတ်ရဲ့ စက်မှုထုတ်လုပ်မှု လွန်ကဲနေတာနဲ့ အဓမ္မခိုင်းစေမှုတွေအပေါ် အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ စုံစမ်းစစ်ဆေးမှုအသစ်တွေ ထုတ်ပြန်လိုက်တာကြောင့် မတည်ငြိမ်မှုတွေ ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
​တရုတ်နိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပဲရစ်ဆွေးနွေးပွဲဟာ “နှစ်ဖက်စလုံးက စိုးရိမ်တဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စရပ်တွေကို ညှိနှိုင်းမှာဖြစ်တယ်” လို့ ဖော်ပြထားပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။
​ဘဏ္ဍာရေးဝန်ကြီး ဘတ်ဆင့်ကတော့ နိုင်ငံနှစ်ခုကြား “စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေဟာ ရှေ့ကို တိုးနေပြီ” လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင် ဂရိယာ (Jamieson Greer) လည်း လိုက်ပါသွားမှာပါ။
​နှစ်ရက်ကြာပြုလုပ်မယ့် ဒီပဲရစ်တွေ့ဆုံမှုဟာ ထရမ့်နဲ့ ရှီတို့ တွေ့ဆုံဖို့အတွက် လမ်းခင်းပေးတာလို့ ရှုမြင်ကြပါတယ်။ ထရမ့်ဟာ မတ်လ ၃၁ ရက်ကနေ ဧပြီ ၂ ရက်အထိ တရုတ်နိုင်ငံကို သွားမယ်လို့ ဝါရှင်တန်က ပြောထားပေမယ့်၊ ပေကျင်းဘက်ကတော့ ထုံးစံအတိုင်း ဒီရက်စွဲတွေကို အတည်ပြုခြင်း မရှိသေးပါဘူး။
​ထရမ့်နဲ့ ရှီတို့ဟာ ဒီနှစ်ထဲမှာ သုံးကြိမ်အထိ တွေ့ဆုံနိုင်ခြေရှိပါတယ်။ အဲဒီထဲမှာ နိုဝင်ဘာလ တရုတ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးနဲ့ ဒီဇင်ဘာလ အမေရိကန်မှာလုပ်မယ့် G20 အစည်းအဝေးတို့ ပါဝင်ပြီး အဲဒီပွဲတွေကနေ ပိုပြီး ထိရောက်တဲ့ ရလဒ်တွေ ထွက်လာနိုင်ပါတယ်။
​အီရန်စစ်ပွဲအပေါ် စိုးရိမ်မှုများအခုလို အမေရိကန်နဲ့ တရုတ်တို့ သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေချိန်ဟာ ကမ္ဘာ့စီးပွားရေးအတွက်တော့ အတော်လေး ရုန်းကင်းနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် စွမ်းအင်ဈေးကွက်မှာ ဂယက်ရိုက်နေလို့ပါ။
​ပေကျင်းဟာ တီဟီရန် (အီရန်) နဲ့ ရင်းနှီးတဲ့ မိတ်ဖက်ဖြစ်ပြီး အီရန်ရဲ့ အဓိကခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ သတ်ဖြတ်ခံရမှုကို ရှုတ်ချထားပေမယ့်၊ အီရန်က ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်တာကိုလည်း ဝေဖန်ထားပါတယ်။
​အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲကိစ္စဟာ ပဲရစ်ဆွေးနွေးပွဲမှာ ပါလာဖို့ များပါတယ်။ အထူးသဖြင့် ဆီဈေးတက်လာတာနဲ့ တရုတ်နိုင်ငံ သွင်းကုန်ရေနံ ၄၅ ရာခိုင်နှုန်း ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်သွားနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးကြမှာပါ။
​ကြာသပတေးနေ့ညက ဘတ်ဆင့်က ရေနံတင်သင်္ဘောတွေပေါ်မှာ သောင်တင်နေတဲ့ ရုရှားရေနံတွေကို ရောင်းချခွင့်ပြုဖို့ ပိတ်ဆို့အရေးယူမှုတွေကို ရက်ပေါင်း ၃၀ ဆိုင်းငံ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ ရေနံထောက်ပံ့မှုကို မြှင့်တင်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
​အမေရိကန်က အီရန်ရဲ့ ခါ့ဂ်ကျွန်း (Kharg Island) ရေနံတင်ဆိပ်ကမ်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်က လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် စနေနေ့မှာတော့ ထရမ့်က ဟော်မုဇ် ရေလက်ကြားမှာ သင်္ဘောတွေသွားလာမှု ဘေးကင်းအောင် တခြားနိုင်ငံတွေကိုလည်း ကူညီဖို့ တိုက်တွန်းထားပါတယ်။
​အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာရင် မရေမရာဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ယုံကြည်မှု ပြန်လည်ရရှိစေနိုင်တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့မှာ မှတ်ချက်ပေးထားပါတယ်။
​ဒါပေမဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး ကျွမ်းကျင်သူတွေကတော့ ပြင်ဆင်ချိန် အလွန်နည်းတာရယ်၊ ဝါရှင်တန်အနေနဲ့ အီရန်စစ်ပွဲကိုပဲ အာရုံစိုက်နေရတာရယ်ကြောင့် အခု ပဲရစ်ဆွေးနွေးပွဲကနေ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ထွက်လာဖို့ ခဲယဉ်းတယ်လို့ ဆိုကြပါတယ်။
​”နှစ်ဖက်စလုံးရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ကတော့ ဆက်ဆံရေး ပျက်ပြားမသွားဖို့နဲ့ တင်းမာမှုတွေ ထပ်မကြီးထွားလာအောင် ထိန်းထားဖို့ တွေ့ဆုံကြတာပဲလို့ ကျွန်တော် ထင်ပါတယ်” လို့ CSIS က ကျွမ်းကျင်သူ စကော့ကနေဒီ (Scott Kennedy) က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW