မတ် ၁၆ – ၂၀၂၆
SN (VOM)
စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေချိန် အခွင့်ကောင်းယူပြီး ယာဥ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မနေ့ မတ် ၁၅ ရက်က နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ သတိပေး ပြောဆိုခဲ့ပါတယ်။
“CNG တက္ကစီတွေနဲ့ ပတ်သက်လို့ ငှားရမ်းခ တိုးမြှင့် တောင်းခံတာတွေအတွက် တိုင်ကြားတာတွေ ရှိလာရင် CNG သုံးစွဲခွင့်စာရင်းကနေ ပယ်ဖျက်ပြီး သုံးစွဲခွင့် တောင်းခံထားတဲ့ တခြား မော်တော်ယာဉ်တွေကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် CNG သုံး တက္ကစီယာဉ်တွေအနေနဲ့ နိုင်ငံတော်က စိုက်ထုတ်ပေးထားတဲ့ အခွင့်အရေးကို ပြည်သူတွေ ခံစားခွင့်ရရှိစေဖို့ ပူးပေါင်း ဆောင်ရွက်ကြစေလိုပါတယ်” လို့ ဦးကိုကိုလွင်က ပြောပါတယ်။
စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါတဲ့ YBS ယာဉ်တွေနဲ့ တက္ကစီယာဉ်တွေ (ဒါမှမဟုတ်) သဘာဝဓာတ်ငွေ့ (CNG) တွေကို မပြောင်းလဲတဲ့ ဈေးနှုန်းဖြစ်တဲ့ ၁ ကီလိုဂရမ်ကို ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ ၂၀၀၇ ခုနှစ်ကနေ စတင်ပြီး ရောင်းချပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဈေးနှုန်းတွေဟာ နိုင်ငံတကာဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေတာ ဖြစ်သလို စက်စွမ်းအားတူညီတဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံး မော်တော်ယာဉ်တွေရဲ့ တူညီခရီး အကွာအဝေးနဲ့ လောင်စာဆီ ကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါကလည်း CNG ဟာ သုံးပုံ တပုံခန့်သာ ကုန်ကျမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ CNG အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မကြာမီအချိန်အတွင်း Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြုကာ ထိန်းချုပ် ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တက္ကစီ ယာဥ်မောင်းတယောက်က “ပြောစရာရှိတာက CNG ကိုလည်း ရောက်ထည့်၊ ပရက်ရှာ အပြည့်ပေး၊ တန်းစီချိန် မရှိစေရအောင်လည်း စွမ်းအင်ဝန်ကြီးဌာနက ကြပ်မတ်ပေးသင့်တယ်။ တက္ကစီ ယာဥ်မောင်းတွေဘက်က အဆမတန် အမြဲတမ်းတက်၊ တိုးတိုးပြီး ပိုတောင်းနေတဲ့ အုံနာကြေးကိုရော ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးမလဲ။
အရေးကြီးတာ အဲဒီ အုံနာကြေးနဲ့ ကားပြင်စရိတ်၊ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်နဲ့ တာယာတွေ စျေးတွေ မတက်ဖို့ကိုလည်း လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
သမာအာဇီဝ လုပ်ကိုင်ရှာဖွေနေတဲ့ တက္ကစီ ယာဥ်မောင်းတွေအတွက်လည်း ထည့်သွင်း စဥ်းစားပေးမှသာ တရားမျှတမှာဖြစ်ပြီး ယာဉ်မောင်းတွေလည်း ပြည်သူတွေပဲ ဖြစ်တာကြောင့် ဘယ်အရာကိုမှ တဖက်သတ် မကြည့်စေချင်ဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် နောက်ထပ် ယာဉ်မောင်းတယောက်ကလည်း “အုံနာကြေးကရော မောင်းသူဘက်က ဘယ်လိုစီစဥ်ကြမလဲ။ ရန်ကုန်မှာ CNG ကားက တရက်အုံနာကြေး ငါးသောင်းခွဲ၊ ခြောက်သောင်း၊ တချို့ဆို ခြောက်သောင်းကျော်တယ်။ CNG ယာဉ်စီးခစျေး ဆိုတာက ယာဥ်မောင်းနဲ့ မဆိုင်ဘူး၊ CNG အုံနာနဲ့ပဲ ဆိုင်တာ” လို့ ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ကားအပိုပစ္စည်း ဈေးတွေလည်း အဆမတန် မြင့်တက်နေတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကားအပိုပစ္စည်း ရောင်းချတဲ့ ဆိုင်တွေကိုလည်း ကြပ်မတ်သင့်ပြီး အင်ဂျင်ဝိုင်စျေးတွေ၊ ကားတာယာစျေးတွေ ဈေးမြင့်တက်နေတာတွေကိုပါ အရေးယူပေးစေချင်တယ်လို့ သူက ပြောပါတယ်။
အငှားယာဉ် စီးနင်းသူတွေကတော့ စုံ/မ သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ဆီကားတွေသာမက CNG, EV ကားတွေပါ ကားငှားရမ်းခ ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုက ဟိုနားဒီနားကို CNG ကားသမားတွေက အနည်းဆုံး ခုနစ်ထောင် တောင်းနေကြတာ။ စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ စည်းကမ်း သတ်မှတ်မယ်ဆို ငှားရမ်းခက နှုန်းထားတွေကိုလည်း တပါတည်း သတ်မှတ်ပေးစေချင်တယ်။ အခုက တောင်းချင်တိုင်းတောင်း၊ ပါးစပ်ဈေး ဖြစ်နေတာ။ ဈေးက ဆီကားကိုပေးရတဲ့ဈေးနဲ့ အတူတူလောက် ဖြစ်နေတာ။ Grab တွေလည်း အဲဒီလိုပဲ။ အရင်ကထက် နှစ်ဆ ပိုတောင်းလာတာ။ ဒါတွေအကုန်လုံးကို စောင့်ကြည့် အရေးယူပေးစေချင်တယ်” လို့ အငှားယာဉ် စီးနင်းသူတယောက်က ပြောပါတယ်။
စွမ်းအင်ဝန်ကြီးဌာနကတော့ ခရီးသည်တွေအနေနဲ့ CNG တက္ကစီတွေ ယာဥ်စီးခ ပိုမိုတောင်းခံပါက ရန်ကုန်မှာရှိတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူးရုံးကို တိုင်ကြားနိုင်သလို နီးစပ်ရာ ယာဥ်ထိန်းရဲတပ်ဖွဲ့ ရုံးတွေမှာ တိုင်ကြားနိုင်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
Photo – CJ
