လားရှိုး၊ ကွတ်ခိုင်လမ်း ကုန်စည်စီးဆင်းမှု ပြန်ပွင့်

မတ် ၁၆၊ ၂၀၂၆
NN(VOM)
TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တိုင်းရင်းသားလက်ကိုင် တပ်ဖွဲ့က မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင် လားရှိုးမြို့နဲ့ ကွတ်ခိုင် မြို့ကြားမှာ ဒီမနက်ပိုင်း ကုန်စည် စီးဆင်းမှုတွေ ပြန်ပွင့်လာပြီလို့ ဒေသခံ တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ကွတ်ခိုင်တက်မယ့် ကုန်ကားတွေကို သိန္နီတိုး ဂိတ်ကနေ ကိုးကန့်တပ်ဖွဲ့က ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
“ ဒီမနက်တော့ လမ်းတွေ ပြန်ပွင့်ဖွင့်ပေးလိုက်ပြီ။ ကွတ်ခိုင်၊ လားရှိုးတော့ ပုံမှန်သွားလာလို့ရပြီ။ ကုန်တွေလည်း ပြန်ပေးသွားတယ်လို့” ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် ပိတ်နေတဲ့ ခရီးသည်ကားတွေကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
ကွတ်ခိုင်မြို့ထဲမှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီး ဈေးဆိုင်တွေလည်း ပြန်ဖွင့် နေပြီလို့ သိရပါတယ်။
“ အခု ကွတ်ခိုင်မှာက ကိုးကန့်တဖွဲ့ပဲကျန်တယ်။ အခုတော့ အားလုံး ငြိမ်သွားပြီ။ လူတွေလည်း သွားလာနေကြပြီ။ ဘာတွေ ဆက်ဖြစ်အုံးမယ် တော့ မသိဘူးပေါ့။ စိုးရိမ်နေရတုန်းပဲ” လို့ ကွတ်ခိုင်မြို့ခံ နောက်တယောက်က ပြော ပါတယ်။
ပြီခဲ့တဲ့ ဖေဖော်ဝါရီလက ကွတ်ခိုင်မြို့မှာ CCTV တွေတပ်တာနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့နဲ့ TNLA တို့ ပြဿနာ ဖြစ်ခဲ့ကြပါတယ်။
ဒီပြဿနာကို အခြေခံပြီး ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်မြို့အတွင်း စားနပ်ရိက္ခာ သယ်ဆောင်ခွင့်တွေ ပိတ်ခဲ့ပြီး မြို့ပတ်လည်မှာ စစ်အင်အားတွေဖြည့်ခဲ့ပါတယ်။
အခုလ ၁၄ ရက်နေ့မှာတော့ ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်မြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက် တရက်မှာပဲ ကွတ်ခိုင်မြို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ညနေပိုင်းအထိ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေ ထံကနေသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW