မတ် ၁၆၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲ နမ့်ခမ်းဘက်နဲ့ နီးကပ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက်ပိုင်းက TNLA ဘက်က ဂိတ်ဖွင့်ထားတဲ့ နမ့်ခမ်းနဲ့ နမ့်ဖတ်ကာ နယ်နိမိတ် ဖြစ်တဲ့ ၁၂ မိုင် ဖာလင် အထက်မှာ ဒရုန်းနဲ့ လာချနေကြတာ။” လို့ နမ့်ခမ်းဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒီနေ့ မတ်လ ၁၆ ရက်နေ့ မနက် အစောပိုင်းကတော့ နမ့်ခမ်းမြို့ကနေ ပစ်ခတ်သံတွေ ကြားနေရပြီး နေ့လယ်ပိုင်းကနေ လက်ရှိအထိတော့ ငြိမ်နေပေမယ့် ဒီညတော့ ဘယ်လို ပြန်ဖြစ်လာမလဲဆိုတာ အခြေအနေမသိနိုင်ဘူးလို့ သူက ပြောပါတယ်။
“အခု လက်ရှိ နမ့်ခမ်းဆေးရုံက ဆရာဝန်ကြီးတွေတောင်မှ သော့ခတ်ပြီး ရှောင်သွားကြပြီလို့ သတင်းထွက်နေပေမယ့် အတိအကျ မသိရသေးဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းကြားက ဆာလူ၊ မာန်အောင်၊ ဖာလင် ရွာတွေဘက်မှာရှိတဲ့ TNLA တပ်ဖွဲ့ဝင်တွေက ရှောင်ဆင်းလာတာတွေ့ရပြီး ၁၃ မိုင် မိုင်ခရိုဝေ့ဗ် ဘက်မှာ ရှိနေတဲ့ TNLA တပ်ဖွဲ့ဝင်တွေကိုလည်း MNDAA တပ်ဖွဲ့ဘက်က မောင်းထုတ်နေတဲ့ ပုံစံဟုတ်တယ်လို့ သူက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ နမ့်ခမ်းမြို့ သာယာကုန်းဘက်ကိုပါ MNDAA တပ်ဖွဲ့ဘက်က ဒရုန်းနဲ့ လာပစ်တယ်လို့ သတင်းထွက်နေပေမယ့် အဲဒီသတင်းက မသေချာဘူးလို့ ဆိုပါတယ်။
MNDAA တပ်ဖွဲ့က အင်အား အပြည့်ပါတဲ့ ကား ၈ စီး တသုတ်၊ ကား ၁၅ စီးခန့် တသုတ် ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်း နမ့်ခမ်းလမ်းဘက် ဦးတည်ပြီး နမ့်ဖတ်ကာ ကနေဖြတ်သွားတာတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် MNDAA ဘက်က ကွတ်ခိုင်မြို့အနီးမှာရှိတဲ့ ဂါလိုင်ရွာဘက် ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်နေကြောင်း ကွတ်ခိုင်ဒေသခံ တွေက ပြောပါတယ်။
လက်ရှိမှာတော့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဖွဲ့ဝင်တွေ နေရာ ပြန်ယူထားပြီး မြို့ရဲ့ အနောက်ဘက်ခြမ်းမှာတော့ TNLA တပ်ဖွဲ့တွေ နေရာယူထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
MNDAA တပ်ဖွဲ့တွေကတော့ ဒီကနေ့ မတ်လ ၁၆ ရက်နေ့က လားရှိုး ဆင်နှစ်ကောင် ဟိုတယ်မှာ အစိုးရစစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးတာရှိတယ်လို့ ဒေသခံတွေဆီသိရပါတယ်။
Photo Crd# ဒေသခံ
