မတ် ၂၃ – ၂၀၂၆
KBT+SN (VOM)
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၃၀၉) ဝန်းကျင်နဲ့ သဖန်းကိုင်းကျေးရွာ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်နေတာ လေကြောင်းကလည်း နေ့ရော၊ ညရော အဆက်မပြတ်ဘဲ။ လက်နက်ကြီးသံတွေရော၊ အပြန်အလှန် ပစ်ခတ်တာတွေရော ဆက်တိုက် ကြားနေရတယ်။ အစိုးရတပ်က မြို့ကို အဝင်အထွက် ပိတ်ထားလို့ မြို့ခံတွေ တိုက်ပွဲထဲ ပိတ်မိနေကြတယ်။ သေဆုံးတာတွေလည်း ရှိနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ အနေအထားအရ တိုက်ပွဲဟာ မြို့နဲ့ ပိုမိုနီးကပ်လာပြီ ဖြစ်တာကြောင့် မြို့တွင်းရှိ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ပြင်ဆင်ထားကြပေမယ့် လက်ရှိမှာ မြို့အတွင်း ရပ်ကွက်တွေက လမ်းအများစုကိုပါ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် အခက်တွေ့နေရတယ်လို့ သူက ပြောပါတယ်။
“အခုက ဘယ်ရှောင်လို့ ရှောင်ရမှန်းလည်း မသိတော့ဘူး။ ရပ်ကွက်တွေ၊ လူတွေရှိနေတဲ့ နေရာတွေ ကျည်ဆံစင်စင်လာတာတွေလည်း ရှိတော့ အကုန်လုံးက ထိတ်လန့်နေကြတယ်။ ကောင်းကောင်းလည်း မထိုင်ရဲ၊ မတ်တပ်ရပ်ဖို့လည်း ကြောက်နဲ့ အကုန် သောက ရောက်နေရတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲအတွင်း ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ မနက် ၇ နာရီကျော်ဝန်းကျင်က ဧရာဝတီမြစ်ကမ်းဘေးရှိ ပန်းပဲကုန်းနဲ့ သဖန်းကိုင်းရပ်ကွက်တွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုတွေ ရှိခဲ့တာကြောင့် သွားလာလို့မရအောင် လမ်းပိတ်ထားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အဲဒီရပ်ကွက်တွေမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကို ရှောင်တိမ်းနေကြသလို ကသာမြို့ပေါ် ရပ်ကွက်တွေကို ရွှေ့ပြောင်းနေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မတ် ၂၀ ရက်၊ မနက် ၁၁ နာရီကျော် ဝန်းကျင်ကလည်း ကသာမြို့ ကမ်းနားလမ်းရှိ မဟာလေးထပ်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အယောက် ၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူတွေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးသူ၊ ဒဏ်ရာရသူတွေက ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းရခက်တဲ့အထိပါပဲ။ ရေတွက်ဖို့လည်း ခက်ပါတယ်။ ထင်လည်း မထင်ထားဘူး။ ကသာမြို့မှာတော့ အတော်ဆိုးဆိုးဝါးဝါး ဖြစ်စဉ်ပါပဲ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ လေကြောင်းဖြစ်စဥ်အတွင်း မဟာလေးထပ်ကျောင်း စိန်ဖူးတော် အက်ကွဲ မြေခခဲ့သလို ဘုန်းကြီးကျောင်း ထမင်းစားဆောင်အပြင် အလှူငွေ သိန်း ၂၀၀ ကျော်နဲ့ ရွှေဆိုင်းတွေလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဖြစ်စဉ်အပြီး အဲဒီ မတ် ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီကျော်မှာ မဟာလေးထပ်ကျောင်းအနီးက ဗိုလ်ချုပ်ပန်းခြံဘေးရှိ ပန်းပဲကုန်း မူလတန်းကျောင်းပေါ် ရှော့တိုက်ဒုံး ကျရောက်ပြီး မီးလောင်ခဲ့သလို အနီးရှိ သဖန်းကိုင်းရပ်ကွက်လည်း အိမ်ခြေ ၂၀ ကျော်ခန့် မီးလောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လေးထပ်ကျောင်းအနီးရှိ အကျဉ်းဦးစီးဌာနထဲကိုလည်း ရှော့တိုက်ဒုံး ကျရောက်ခဲ့တာကြောင့် လေးယောက် သေဆုံးခဲ့တယ်လို့ သိရပြီး မီးလောင်မှုကို ကသာမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့ပေမယ့် ထိရောက်စွာ ကူညီပေးနိုင်ဖို့ ခက်ခဲခဲ့တယ်လို့ သိရပါတယ်။
ကသာမြို့ ကမ်းနားလမ်းတကြောမှာ မဟာလေးထပ်ကျောင်း၊ အကျဉ်းဦးစီးဌာန၊ ဗိုလ်ချုပ်ပန်းခြံ၊ ပန်းပဲကုန်းရပ်ကွက်၊ သဖန်းကိုင်းရပ်ကွက်ဆိုပြီး အစဉ်လိုက် ရှိနေတာဖြစ်ကာ သဖန်းကိုင်းရပ်ကွက်ရဲ့ အစွန်မှာတော့ တုံးပေါရွာရှိပြီး အဲဒီရွာအနီးမှာ ခမရ – ၃၀၉ နဲ့ မြို့ဦးဘုန်းကြီးကျောင်းတိုက် ရှိတယ်လို့ သိရပါတယ်။
ကသာမြို့ဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အစပ်၊ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ခရိုင်မြို့ကြီးဖြစ်ပြီး သင်္ဘောဆိပ်နဲ့ မီးရထားလမ်းရှိတဲ့ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
