စားအုန်းဆီ စျေး ၁၅၀၀၀ ဖြစ်လာတဲ့အပြင် ဝယ်မရတဲ့အထိဖြစ်နေပြီး မြေပဲဆီလည်း စျေးနူန်းမြင့်တက်ကာ လိုသလောက်မရ ဖြစ်နေ

မတ် ၂၃ ၊ ၂၀၂၆
GG (VOM)
ပြည်ပကတင်သွင်းရတဲ့ စားအုန်းဆီစျေးမြင့်တက်ပြီး ဝယ်ယူရခက်လာသလို ပြည်တွင်းထွက် မြေပဲဆီစျေးနူန်းလည်း မြင့်တက်လာကာ ပစ္စည်းကို ထိန်းပြီး ရောင်းနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
လက်ရှိ ပြည်တွင်းစားဆီစျေးကွက်မှာ နေရာဒေသအပေါ်လိုက်ပြီး စားအုန်းဆီစျေးနူန်းက တပိဿာကို ၁၂၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ စျေးပေါက်နေတဲ့အပြင် ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေပါ ဖြစ်နေတယ်လို့ သိရပါတယ်။
အလားတူ မြေပဲဆီကလည်း တပိဿာကို ၁၉၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ စျေးပေါက်နေပြီး ဆီကြိတ်ခွဲနိုင်မှု နည်းတဲ့အတွက် စျေးကွက်အတွင်း ဆီကိုထိန်းပြီးရောင်းနေရတယ်လို့ သိရပါတယ်။
” စားအုန်းဆီက လိုချင်သလောက်မရဘူးဖြစ်နေတယ်။ စျေးကလည်း တက်နေတယ်။.စျေးတက်ပြီးဝယ်လို့ရရင် အလုပ်ဖြစ်သေးတယ်။ စျေးတက်ပြီးဝယ်မရတော့ အဆင်မပြေဘူး ။ ဒီကြားထဲ လိမ်တဲ့သူတွေကရှိသေးတယ်။ မြေပဲဆီကလည်း စျေးတွေဆက်တိုက်တက်လာတယ်။ မြေပဲဆံကြိတ်ခွဲနိုင်မှာ ရောင်းနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ခုရက်ပိုင်းမှာ ဆိုရင် မနက်တပိုင်းပဲ ရောင်းပေးနိုင်တာရှိသလို နေ့ခင်းမှ ရောင်းပေးနိုင်တာတွေ ရှိလာတယ်။ အဓိက မြေပဲဆံ ဝယ်ရခက်တဲ့အခြေအနေတွေကြောင့် ဆီကိုလည်း ချင့်ချိန်ရောင်းနေရတယ်။ စျေးကတော့ အရင်ရက်က ၁၇၀၀၀ ပဲရှိတာကနေ အခု ၁၉၀၀၀ ရောင်းနေရတယ်။ဒါစက်ဆီပါ ။” လို့ စားဆီရောင်းဝယ်ရေးလုပ်ကိုင်သူတယောက် ကပြောပါတယ်။
လက်ရှိ စျေးကွက်အတွင်းမှာ မြေပဲဆံက လက်ကျန်နည်းလာခြင်း ၊ တောင်သူတွေကိုယ်တိုင် တနိုင်တပိုင် မြေပဲဆီကြိတ်ရောင်းချသူများလာခြင်းကြောင့် စျေးကွက်ထဲမှာ မြေပဲဆံ အရောင်းအဝယ်အေးလာတဲ့အတွက် ဆီစက်ပိုင်တွေအနေနဲ့ ဆီကြိတ်ခွဲမှုလျော့ကျလာပြီး ဆီစျေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
စားအုန်းဆီကတော့ ပြည်ကနေ တင်သွင်းမှူ ပမာဏလျော့ကျသွားတဲ့အတွက် ပြည်တွင်းမှာ ဆီခွဲတမ်းချမှုနည်းသွားပြီး စျေးကွက်အတွင်းမှာ ဆီလိုအပ်ချက်များလာပြီး စျေးမြင့်တက်ကာ ဝယ်ယူလို့မရတဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
” စားသုံးသူရေးရာ ရဲ့အစီအစဥ်နဲ့ ဆီခွဲတမ်းဖြန့်ဖြူးရတာရှိတယ်။အဲဒီခွဲတမ်းရရှိတဲ့သူတွေကို ကုမ္ပဏီတွေက စာချုပ်ချုပ်ထားတယ်လို့ ကြားတယ်။ငါးလပိုင်းဟိုဘက်တော့ ဘယ်လိုဖြစ်မယ်မသိဘူး။ ကြားတာထပ်ပြောရရင် ငါးလပိုင်းကျရင် တန်တသောင်းလောက်ပိုသွင်းမယ်ကြားတယ်။ လက်ရှိကတော့ နည်းနည်းထိန်းထားတဲ့အတွက် နည်းနည်းလျှော့သွင်းထားတဲ့သဘောရှိတယ်။ဒါကြောင့် အဝယ်ခက်သွားတဲ့သဘောရှိတယ်။ ခွဲတမ်းရရှိမှုနည်းလို့ ပါ။မှောင်ခိုလိုင်းကတော့ အန္တရာယ်များတယ်။ သွင်းလာတဲ့သူ လက်ထဲရှိသူက စျေးခေါ်ပြီးရောင်းကြတာပေါ့။ ကျွန်တော်တို့က အဲလိုင်းမကိုင်ဘူး ။ပဲဆီကတော့ လက်ရှိ ပဲဆံက ပြတ်လပ်သွားပြီလေ ။ဆောင်းပဲကနည်းသွားပြီ ။ မိုးပဲကလည်း မပေါ်သေးဘူး ။ဒီနှစ်ပဲဆံကလည်းအထွက်လျော့တယ်။ အဲဒါပဲဖတ်စျေးကတက်လို့ ပဲဆီစျေး နည်းနည်းခံသာနေတာ ။ ဆောင်းပဲ ပြတ်သလောက်ဖြစ်သွားပြီ။ မိုးပဲက ကိုးလပိုင်းလောက်မှထွက်တော့မယ်။ ” လို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဝင်တယောက်က ပြောပါတယ်။
စားသုံးသူရေးရာဦးစီးဌာနက ​ကြေငြာထားတဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနူန်းမှာ မတ် ၁၉ ရက်ကနေ ၂၆ ရက်အထိကို တပိဿာ ၆၆၀၀ ကျပ်သာ သတ်မှတ်ထားပါတယ်။
အလားတူ မြေပဲဆီစျေးကလည်း မန္တလေးကုန်စည်ဒိုင်မှာ တပိဿာကို ၁၉၀၀၀ ကျပ် စျေးပေါက်ပြီး ပြည်ကုန်စည်ဒိုင်မှာ တပိဿာကို ၁၆၀၀၀ ကျပ်နူန်းသာ စျေးဖွင့်ထားတာ တွေ့ရပါတယ်။
မကွေးမြို့ မြေပဲခွဲစက်ပိုင်ရှင်တယောက်ကလည်း ” အခုက ကျွန်တော့်အထင်ပေါ့နော် စက်သုံးဆီအခက်အခဲကြောင့် စားအုန်းဆီကလည်း တင်သွင်းမှုနည်းသွားတယ်။ စားအုန်းဆီ ဝယ်မရလို့ စျေးတက်တော့ မြေပဲဆီဘက်ကိုလှည့်ကြတယ်။.မြေပဲကလည်း ကုန်ကြမ်းက မရှိသလောက်နည်းလာတော့ အဲဒီမှာ ဝယ်လိုအားကများပြီး စျေးကွက်ကတက်လာတယ်လို့ မြင်တယ်။ မြေပြင်အခြေအနေမှာက မြေပဲ အရောင်းအဝယ်နည်းသွားတယ်။ ” လို့ ပြောပါတယ်။
မြေပဲဆီကို ပြည်တွင်းမှာထုတ်လုပ်တာဖြစ်ပြီး ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆံကလည်း ဒေသထွက်ကုန်စည်ဖြစ်ပါတယ်။
လက်ရှိမှာ မြေပဲဆံက မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၁၂၀၀၀ မှ ၁၂၅၀၀ ကျပ်ရှိပြီး S1 ဆီဆံက ၁၀၅၀၀ မှ ၁၁၅၀၀ ကျပ်၊ အနီလုံးဆံက ၁၁၀၀၀ မှ ၁၁၅၀၀ ကျပ်ရှိပြီး အနီဆီဆံက ၁၀၅၀၀ မှ ၁၁၀၀၀ ကျပ်၊ ပြန့်လုံးဆံ ၁၂၀၀၀ ကျပ် စျေးရှိနေပါတယ်။
စားအုန်းဆီကတော့ ပြည်တွင်းမှာဆီလိုအပ်ချက်အရ နှစ်စဥ်ပြည်ပကနေ တန်ချိန် သိန်းနဲ့ချီတင်သွင်းနေရတာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW