မတ် ၂၂ ၊ ၂၀၂၆
GG ( VOM)
အိန္ဒိယကို မြန်မာမတ်ပဲ နဲ့ ပဲစဥ်းငုံ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်းကုန်ဆုံးတော့မယ့် အပေါ် အိန္ဒိယ အစိုးရက နောက်ထပ်သက်တမ်း ငါးနှစ်တိုးပေးလိုက်တယ်လို့ ကုန်သည်တွေဆီက စုံစမ်းသိရှိရပါတယ်။
ပဲတင်ပို့ခွင် သက်တမ်းထပ်မံတိုးပေးတဲ့အပြင် ပဲစဥ်းငုံကို တန်ချိန် နှစ်သိန်းအထိ တိုးမြှင့်တင်ပို့ခွင့်ပြုလိုက်ပြီး မတ်ပဲကတော့ အရင် MOU ရေးထိုးထားတဲ့ အတိုင်း တန်ချိန် ၂.၅ သိန်း တင်ပို့ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
မတ်ပဲ နဲ့ ပဲစဥ်းငုံက အခွန်ကင်းလွတ်ခွင့်နဲ့ အိန္ဒိယကို တင်ပို့ခွင့်သက်တမ်းမှာ ဒီလ မတ် ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက သက်တမ်းထပ်တိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ် ။
” မတ်ပဲကို အခွန်ကင်းလွတ်ခွင့်နဲ့ သက်တမ်းထပ်တိုးပေးလိုက်တော့ ခိုင်မာတဲ့ ပြည်ပစျေးကွက်ရှိတဲ့သဘောပေါ့ ။ ဘာပဲ ဖြစ်ဖြစ် သတ်မှတ်တန်ချိန်ကတော့ ပို့လို့ရမယ်။ မဝယ်တော့လို့ ပစ္စည်းတွေ အရောင်းအဝယ်အေးသွားတာမျိုးတော့ မရှိနိုင်ဘူးပေါ့။ စျေးကွက်ကတော့ အိန္ဒိယက ဝယ်လိုအားများပြီး စျေးပေးရင် အတက်ပဲရှိပါတယ်။” လို့ ပဲ ကုန်သည်တယောက်က သုံးသပ်ပြောပါတယ်။
ခုလို မတ်ပဲနဲ့ ပဲစဥ်းငုံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်း ထပ်တိုးပေးလိုက်တဲ့အခြေအနေ ၊ ပြည်တွင်းမှာ မတ်ပဲ အထွက်လျော့တဲ့ အခြေအနေ၊ အိန္ဒိယက ပဲလိုအပ်ချက်ရှိတဲ့ အခြေအနေကြောင့် စျေးကွက် ရှေ့အလားအလာအနေနဲ့ မတ်ပဲ ပိဿာ ၂၀ တတင်းကို ၁၅၀၀၀၀ ကျပ်လောက်အထိ ရှိလာနိုင် သုံးသပ်မှုရှိနေ ပါတယ်။
” မတ်ပဲကအခု ဟင်္သာတမှာ မနှစ်ကထက် ခေါက်ချိုးလျော့ မတ်ပဲမရှိတော့ဘူး ။ကွင်းထဲလည်း ပဲမရှိတော့ဘူး ။ အဲဒီတော့ သမရိုးကျအတိုင်းသွားမယ်ဆိုရင် အိန္ဒိယက လည်းအခွန်ကင်းလွတ်ထားတယ် မတ်ပဲကလည်းအထွက်လျော့ထားတယ်ဆိုတော့ တတင်းကို ၁၅၀၀၀၀ လောက်က ဖြစ်နိုင်ပါတယ်။အခုကတော့ အရောင်းအဝယ်အေးနေတယ်။ ၉၇၀၀၀ လောက်အရောင်းအဝယ်ဖြစ်နေတယ်။ ” လို့ ဟင်္သာတ ကုန်စည်ဒိုင် တာဝန်ရှိသူတယောက်က ပြောပါတယ်။
အလားတူ ပဲစဥ်းငုံကလည်း ဒီနှစ်မှာ အထွက်လျော့တဲ့အခြေအနေနဲ့ အိန္ဒိယက တန်ချိန်တိုးမြှင့်ဝယ်ယူမယ်ဆိုတဲ့ အခြေအနေကြောင့် တတင်းကို တသိန်းအထက်မှာပဲ စျေးတန်းရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါကြောင့် မတ်ပဲနဲ့ ပဲစဥ်းငုံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်း နောက်ထပ် ငါးနှစ်တိုးပေးလိုက်တာက တောင်သူတွေအတွက် စျေးကွက်ကျယ်ပြန့်ပြီး စျေးကောင်းရရှိလာနိုင်မယ့် အလားလားတွေ ရှိစေတယ်လို့ သိရပါတယ်။
” အိန္ဒိယက မဝယ်ရင် စျေးပိုကျမှာလေ ။ အခုသက်တမ်းထပ်တိုးပေးတယ်ဆိုတော့ အသက်ရှုချောင်သေးတယ်ပြောရမှာပေါ့ ။ စျေးကတော့ ကျွန်တော်တို့လည်း ၁၅၀၀၀၀ လောက်အထိ မျှော်လင့်ထားတယ်။ ဖြစ်တာမဖြစ်တာတော့ မပြောတတ်ဘူး ။ အဲဒီစျေးလောက်ဖြစ်မှလည်း အဆင်ပြေမယ်။ အခုစျေးတွေကတော့ အရှုံးပါပဲ ။ ” လို့ တောင်သူတယောက်က ပြောပါတယ်။
လက်ရှိ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ FAQ တတန်ကို သိန်း ၃၀၉၂၀၀၀ ကျပ်ရှိပြီး နယ်စျေးကွက်မှာတော့ ကုန်စည်ဒိုင်တွေက မတ်ပိဿာ ၂၀ တတင်းကို ၉၈၀၀၀ ကျပ်ဖွင့်ထားပါတယ်။
ပဲစဥ်းငုံကတော့ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တတန်ကို သိန်း ၃၀၆၇၀၀၀ ကျပ်ရှိပြီး နယ်စျေးကွက်မှာ ပိဿာ ၂၀ တတင်းကို ၉၀၀၀၀ အထက်စျေးတန်းမှာ ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
