လယ်ယာစိုက်ပျိုးရေးနဲ့ ဆန်စက်တွေ လည်ပတ်နိုင်ဖို့ ဒီဇယ်တပီပါကို ကျပ်သိန်း ၂၀ ကျော်အထိ စျေးပေးဝယ်ယူနေရ

မတ် ၂၂ ၊ ၂၀၂၆
စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ဆန်စက်လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ဒီဇယ်တပီပါကို ငွေကျပ် သိန်း ၂၀ ကျော်အထိ စျေးပေးဝယ်ယူနေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူတဲ့အခါ ကားတစီးကို ၃၀၀၀၀ ကျပ် ၊ ၅၀၀၀၀ ကျပ်ဖိုးအထိသာ ရောင်းချပေးပြီး စိုက်ပျိုးရေးကဏ္ဍ အတွက် တရားဝင်ဆီခွဲတမ်းမရရှိတာကြောင့် ပြင်ပမှောင်ခိုပေါက်စျေးကွက်ပေါ်လာပြီး နေရာဒေသအလိုက် တပီပါကို အနည်းဆုံး ၁၆ သိန်းကနေ ၂၁ သိန်းလောက်အထိ စျေးပေးဝယ်ယူနေကြရတာဖြစ်ပါတယ် ။
” ဒီဘက်မှာ သိန်း၂၀ ကျော်အထိပေါက်နေတယ်။ သူတို့က ပေါ်တင်ရောင်းတာတော့မဟုတ်ဘူး ။ကျွန်တော်တို့က ဆီရောင်းတဲ့သူကို ဆက်သွယ်ရတာပေါ့။ ဒါတောင်သိပ်အများကြီးမရဘူး ။ပီပါတလုံးစ နှစ်လုံးစပဲရတယ်။ လက်သိပ်ထိုးရောင်းကြတာ ။ ဒီဇယ်တွေ စျေးကြီးပေးဝယ်ရတော့ လယ်စက်မောင်းခတွေလည်း တက်မှာပဲ ။ စပါးရိတ်ခတွေလည်းတက်မှာပဲ ။ ” လို့ရန်ကုန်တိုင်းက ရိတ်ခြွေစက် နဲ့ထွန်စက်ပိုင်ရှင် တောင်သူက ပြောပါတယ်။
ဒီဇယ်ကို အဆမတန်စျေးနူန်းနဲ့ ဝယ်ယူနေရတဲ့အပြင် လိုသလောက်ပင်ဝယ်ယူလို့မရကြောင်း ၊ တချို့ဒေသတွေမှာဆိုရင် ဝယ်ယူဖို့ခက်တာကြောင့် စိုက်ပျိုးလုပ်ငန်းအတွက် ဒီဇယ်လိုအပ်ချက်ရှိနေပြီး အခက်အခဲ ဖြစ်နေကြရတယ်လို့ သိရပါတယ်။
” ကျွန်တော်ဆိုရင် အရင်နှစ်တွေဆို ဒီချိန်မှာ ပီပါ ၁၀ လုံးလောက်ဝယ်ထားပြီးပြီ။ ဒီနှစ်မဖြစ်လောက်ဘူးဆိုပြီးတလုံးမှမဝယ်ထားမိတော့ အခုထွန်စက်မောင်းစရာ ဆီမရှိဘူး ။ ဝယ်ရတာလည်း ခက်နေတယ် ။ ထွန်စက်သမားတွေ ခွဲတမ်းမရတော့ ဘာမှလုပ်မရဘူး ။ လိုချင်ရင် မှောင်ခိုပဲဝယ်ရတဲ့ အခြေအနေဖြစ်နေတယ် ။ ” လို့ ထွန်စက်ပိုင်ရှင်တောင်သူတယောက်က ပြောပါတယ်။
လက်ရှိကာလက နေရာဒေသအလိုက် နွေစပါးရိတ်သိမ်းချိန်ရောက်တဲ့နေရာ ရှိသလို မိုးကြိုစပါးအတွက် ထွန်စက်မောင်းဖို့ရာ ပြင်ဆင်နေကြသူတွေလည်း ရှိပြီး စိုက်ခင်းရေသွင်းခြင်း စတာတွေအတွက် စက်သုံးဆီလိုအပ်နေတာကြောင့် အစိုးရအနေနဲ့ တရားဝင်ဆီခွဲတမ်းချပေးဖို့ လိုအပ် နေတယ်လို့ သိရပါတယ်
ဒါအပြင် ဆန်စက်တွေအနေနဲ့လည်း လျှပ်စစ်မီးမမှန်တဲ့ အခြေအနေကြောင့် ဒီဇယ်ကို အဆမတန်စျေးနူန်းနဲ့ ဝယ်ယူပြီး လည်ပတ်နေရတယ်လို့ သိရပါတယ်။
ဒီဇယ်ဝယ်ယူပြီး ဆန်စက်လည်ပတ်ရတဲ့အတွက် ဆန်ကြိတ်ခွဲခ နူန်းထားတွေလည်း ပုံမှန်ထက်မြင့်တက်လာတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
” မီးက မမှန်တော့မှ စက်သုံးဆီ စျေးကတက်ပြီး ဝယ်ရခက်သွားတယ်။ ဒီဇယ်စျေးတက်တော့ ထုတ်လုပ်မှုကုန်ကျစရိတ်က မြင့်သွားတယ်လေ ။အဲဒီတော့ ကျွန်တော်တို့ကလည်း ဆန်ကြိတ်ခွဲတဲ့ အပေါ်မှာပဲ ထပ်ပေါင်းရတာပေါ့ ။နောက်ဆုံး စားသုံးသူ ပြည်သူပဲအထိနာမှာ ။ ဆိုလာတပ်ဆိုတာကလည်း ပြောတာလွယ်တယ်ဗျာ ။ အရင်းအနှီးကုန်ကျစရိတ်ကများတယ်။ တော်ရုံလုပ်နိုင်ဖို့ ခက်တယ်။ ” လို့ ဆန်စက်ပိုင်ရှင်တယောက်က ပြောပါတယ် ။
မတ် ၂၂ ရက်နေ့အတွက် ရောင်းချဖို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချသူများအသင်းက ကြေငြာထားတဲ့ ဒီဇယ်လက်လီစျေး က ရန်ကုန်မှာ ပရီမီယံ ဒီဇယ်က တလီတာကို ၄၈၂၀ နဲ့ ဒီဇယ်ရိုးရိုးက ၄၃၉၀ ကျပ် ၊ မန္တလေးမှာ ပရီမီယံ ဒီဇယ်က တလီတာကို ၄၉၃၅ နဲ့ ဒီဇယ်ရိုးရိုးက ၄၅၀၀ ကျပ် ၊ နေပြည်တော် ပရီမီယံ ဒီဇယ်က တလီတာကို ၄၉၀၀ နဲ့ ဒီဇယ်ရိုးရိုးက ၄၄၇၀ ကျပ် ၊ပဲခူးမှာ ပရီမီယံ ဒီဇယ်က တလီတာကို ၄၈၃၅ နဲ့ ဒီဇယ်ရိုးရိုးက ၄၄၀၅ ကျပ် ၊ ဟားခါး အပါအဝင် စစ်တွေ နဲ့ မော်လမြိုင်မှာတော့ ပရီမီယံ ဒီဇယ်၊ရိုးရိုးဒီဇယ်က တလီတာကို ၅၀၀၀ ကျပ်အထက်စျေးပေါက်နေပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်စက်တွေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် စက်သုံးဆီ လိုအပ်ချက်ရှိနေမှုနဲ့ပတ်သက်ပြီး မတ် ၂၁ ရက်မှာ စာထုတ်အသိပေးမှုတချို့ ပြုလုပ်ခဲ့ပါတယ်။
အဲဒါက စက်သုံးဆီအား ခြိုးခြံချွေတာသုံးစွဲရန်အတွက် ဆိုလာ တပ်ဆင်ထားတဲ့ ဆန်စက်တွေနဲ့ ပူးပေါင်းပြီး ကြိတ်ခွဲထုတ်လုပ်တဲ့ ပုံစံ၊ ဆန်စက်တွေမှာ ဆိုလာတပ်ဆင်ခြင်းကို ကြိုတင်စီစဉ် ဆောင်ရွက်ထားဖို့ ပြောဆိုထားပါတယ်။
နောက်ပြီး စိုက်ပျိုးရေးက ဏ္ဍအတွက် စက်သုံးဆီလိုအပ်မှုအနေနဲ့ တောင်သူရဲ့ လိုအပ်မှုကို ဦးစားပေး ကူညီဆောင်ရွက် ပေးရန်၊ စိုက်ပျိုးရေတင်မှုလုပ်ငန်းတွေနဲ့ ရေဖြန့်ဝေမှု၊ ထွန်စက် တွေနဲ့ ရိတ်သိမ်းခြွေလှေ့ စက်အတွက် လိုအပ်တဲ့ ဒီဇယ်ဆီ အချိန်မီရရှိရေးကို ဆန်စက်ပိုင် ၊ ကုန်သည် ၊ ကုမ္ပဏီတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးရန် ပြောဆိုထားပါတယ်။
အထူးသဖြင့် ဆိုလာအချပ် (Solar Panel)နဲ့ ရွှေ့ပြောင်းဆောင်ရွက်နိုင်တဲ့ ဆိုလာရေစုပ်/ ရေတင်စက်၊ Solar Pump စနစ်ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် နဲ့ တောင်သူကြီး တွေ ၊ ဆန်စက်ပိုင်/ ကုမ္ပဏီ/ လုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူစီစဉ်ဆောင်ရွက်ပြီး အသေးစား၊ အငယ်စား တောင်သူတွေ အတွက် အငှားလိုက်ဝန်ဆောင်မှုပေးတဲ့ စနစ်ကို စီမံဆောင်ရွက်ပေးဖို့ ပြောဆိုထားပါတယ်။
ရင့်မှည့်တဲ့ စပါးကို အချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်ရန် လိုအပ်တဲ့ စက်သုံးဆီ (ဒီဇယ်ဆီ)ကို ရိတ်သိမ်းခြွေလှေ့စက်အတွက် ဦးစားပေး ဖြန့်ဝေပေးနိုင်ရေးကို ရပ်ကွက်၊ မြို့နယ်၊ ဌာနဆိုင်ရာနဲ့ ကြိုတင်ညှိနှိုင်း စီစဉ်ဆောင်ရွက်ရန် နဲ့ လိုအပ်ချက်ရှိပါက အသင်းချုပ်ထံကို အချက်အလက် ပေးပို့ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ဖို့ ပြောဆိုထားပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လောင်စာဆီ အခက်အခဲကြုံတွေ့နေရတာ ဖြစ်လို့ စက်သုံးဆီကို ခြိုးခြံခြွေတာဖို့ အစိုးရက သတင်းထုတ်ပြန်ထားသလို ဆီကိုအကန့်အသတ်နဲ့သာရောင်းချပေးနေတာ ဖြစ်ပါတယ်။
စက်သုံးဆီဆိုင်တွေအနေနဲ့ ပုံး ၊ ပီပါလိုက် ရောင်းချခြင်းတွေမလုပ်ဖို့လည်း တားမြစ်ထားတာကြောင့် တရားဝင်ဝယ်ယူလို့မရတော့ဘဲ မှောင်ခိုစျေးကွက်ပေါ်လာပြီး ဆီဆိုင်တွေက စျေးအဆမတန်မြင့်တက်ရောင်းချလာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေကတော့ အခုလိုစက်သုံးဆီခြိုးခြံခြွေတာသုံးစွဲဖို့ ဆောင်ရွက်နေတဲ့ကာလအတွင်းမှာ စက်သုံးဆီကို စျေးနူန်းမြင့်တက်ရောင်းချတာ ၊ ပုံးနဲ့ ရောင်းချတာ ၊ ဝယ်ယူသိုလှောင်ပြီး စျေးတက်ရောင်းချခြင်းတွေပြုလုပ်ပါက သက်ဆိုင်ရာကို သတင်းပေးတိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW