သိန္နီမြို့နယ် အွမ်လီးရေအားလျှပ်စစ် အောက်မှာ တရုတ်နိုင်ငံသားတွေ နှစ်ချီပြီး သယံဇာတ ခိုးတူး​နေ​ပေမယ့် အ​ရေးမယူနိုင်​သေး

မတ် ၂၃၊ ၂၀၂၆
Shy V (VOM)
သိန္နီမြို့နယ် အွမ်လီးရေအားလျှပ်စစ် အောက်မှာ တရုတ်နိုင်ငံသားတွေ နှစ်ချီ သယံဇာတ ခိုးတူးယူတာ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်စလပ် ကနေ ကျော်လာရင် အွမ်လီး ဆိုတဲ့ နေရာမှာ ရေအား လျှပ်စစ် လုပ်နေတာတော့ ၅ နှစ်၊ ၆ နှစ် ရှိပြီ။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဘန်းပြပြီး အဲဒီဘက်က တခြားပေါ့။ သယံဇာတ တွေတူးယူနေကြတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီ သယံဇာတ တူးယူ နေတဲ့ နေရာက နမ့်စလပ်ကနေ မုံးစီးဘက်ခြမ်း၊ နားတီးကနေ လာရင် အေးရှားဝေါလ်ရဲ့ ဘယ်ဘက်ခြမ်းက လမ်းမကြီးကနေ သွားရတာလို့ သူက ပြောပါတယ်။
အဲဒီ အွမ်လီး နမ်ဆားချောင်းမှာ အစိုးရ အုပ်ချုပ်ကတည်းက လုပ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး တရုတ် သူဌေး ၄ ယောက်ထက်မနည်း ပါဝင်လုပ်နေတဲ့ တကယ့် အကြီးစား စီမံကိန်း ဟုတ်ဆတယ်လို့ ဆိုပါတယ်။
“အရင်က အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေပါ။ သူတို့ ရေအားလျှပ်စစ်လုပ်နေတဲ့ ထိတော့ သွားလို့ရတယ်။ အဲဒီနေရာရဲ့ အောက်ဘက်မှာ ဘာတွေ တူးယူနေလဲ မသိဘူး။ ဘယ်သူ့ကိုမှ ပေးမဝင်ဘူး။ လမ်းကြီးဖောက်ပြီး တူးယူနေတာ ကြာပြီ။ အရင်နှစ်ကတည်းက ရှိပြီ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
အွမ်လီးရွာမှာ လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းက အစိုးရ ထိန်းချုပ်တဲ့ကာလ ၂၀၂၁ ခန့်ကတည်းက ဖြစ်ပြီး ၅ နှစ်စီမံကိန်းလို့ သိရပြီး ၂၀၂၅ မှာ ရရမှာ ဖြစ်ပေမယ့် ဆက်လုပ်ခွင့်မရတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
စီမံကိန်းသက်တမ်းက ၂၀၂၅ မှာ ကုန်ဆုံးသွားပြီဖြစ်ပေမယ့် လုပ်ငန်း ဘာမှ မပြီးပဲ စီမံကိန်းဘန်းပြပြီး ရေအားလျှပ်စစ်လုပ်မယ့်နေရာရဲ့ အောက်ဘက် လမ်းဖောက်ဆင်းသွားတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ တွေတုန်းက မြေစာသယ်တဲ့ကားတွေနဲ့ အဲဒီ အွမ်လီးရေအားလျှက်စစ် အောက်ဘက်က မြေကြီးတွေကို သူများမမြင်အောင် မိုးကာနဲ့ အုပ်ပြီး ညည ဆိုရက် သယ်ပြီး တရုတ်ဘက် တက်တက်သွားတယ် လို့ သူက ရှင်းပြပါတယ်။
အွမ်လီးရေအားလျှပ်စစ် စီမံကိန်းနေရာအထိက ခွင့်တောင်းပြီး ဒေသခံတွေ လာလို့ရပေမယ့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေ လမ်းဖောက်ပြီး။သယံဇာတ ခိုးတူးယူနေတဲ့ နေရာဘက်တော့ သူတို့ရဲ့ လူတွေကလွဲပြီး မည်သူ တဦးတယောက်ကိုမှ ဝင်ရောက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။
အဲဒီ အွမ်လီး ရေအားလျှပ်စစ်စီမံကိန်းက ၂၀၂၁ ခန့် အစိုးရ အုပ်ချုပ် ကတည်းက ၅ နှစ်စီမံကိန်းနဲ့ သဘောတူထားတဲ့ နေရာဖြစ်ပြီး MNDAA ထိန်းချုပ်ပြီးနောက် စီမံကိန်း ဆက်လုပ်တာ မရှိတော့ပေမယ့် အဲဒီရေအားလျှပ်စစ်လုပ်မယ့် နေရာ အောက်ဘက် လမ်းဖောက်ကာ မြေကြီးက အစ တရုတ်ဘက် သယ်ယူသွားက သယံဇာတ တူးယူ​နေတာ နှစ်ချီရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့နယ် နမ့်စလပ်ရွာ နဲ့ အနီးဝန်းကျင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၅ ရက်နေ့က MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိအထိ MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
Photo From Google Map

Related posts

Leave a Comment

VOM News

FREE
VIEW