မတ် ၂၃ ၊ ၂၀၂၆
CC (VOM)
စက်သုံးဆီ ဝယ်ယူရခက်တဲ့အခြေအနေတွေကြောင့် ကုန်ကားတွေ မထွက်နိုင်တော့ တဲ့အတွက် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်နဲ့ မြို့ကြီးတွေကို တင်ပို့နိုင်ဖို့ အခက်တွေ့နေရတယ်လို့ ကုန်သည်တွေဆီက စုံစမ်းသိရှိ ရပါတယ်။
လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ရန်ကုန် ၊ မန္တလေး အပါအဝင် ဒေသတချို့ကို တင်ပို့နိုင်မှု လျော့ကျလာတာကြောင့် နယ်တွေမှာ အရောင်းအဝယ်အေးပြီး ကုန်စည်တွေ စျေးအကျဘက်ကို ရောက်လာနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ မကွေး ၊စစ်ကိုင်း ၊ ရှမ်းပြည်နယ် အပါအဝင် စတဲ့ဒေသတွေကနေ ထွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ရန်ကုန် နဲ့ မန္တလေးကို အဓိကတင်ပို့ ရောင်းချရတာ ဖြစ်ပြီး မန္တလေးတိုင်းထဲက ထွက်ရှိတဲ့ ကုန်ပစ္စည်း ဆိုရင်လည်း ရန်ကုန်ကို အဓိကတင်ပို့ရတာ ဖြစ်ကြောင်း ၊ Export တင်ပို့တဲ့ ပစ္စည်းတွေဆိုရင်လည်း ရန်ကုန်ကမှတဆင့် တင်ပို့နေရတာဖြစ်ပါတယ်။
ဒါကြောင့် လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်ကို တင်ပို့နိုင်ခြင်းမရှိပါက ပြည်ပတင်ပို့မှုလည်းလျော့ကျသွားနိုင်သလို ပြည်တွင်း ကုန်စည်စီဆင်းမှု လည်း ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
” ဆီပြဿနာတက်နေတော့ ဟင်္သာတကနေ ရန်ကုန်ကို ပဲမတင်နိုင်ဘူးဖြစ်နေတယ်။ အဲဒီတော့နယ်ဘက်မှာ ပဲစျေးတွေကျနေတယ်။ ရန်ကုန်နဲ့ ၉၉၀၀၀ လောက်ကိုက်တဲ့ပဲကို ဟင်္သာတမှာ ၉၇၅၀၀ လောက်ပဲဖွင့်ထားတယ်။ ဘာလို့ဆိုရင် ဝယ်တင်တဲ့သူတွေအတွက်ကလည်း ကားမရကားဘူး ။ဆီဆိုင်တဆိုင်က ကုန်ကားတွေကို ၃၀၀၀၀ ဖိုးတို့ ၅၀၀၀၀ ဖိုးတို့ပဲပေးတာ ။ ကုန်ကားတွေက ပျမ်းမျှ ရန်ကုန်တကြောင်းထွက်မယ်ဆိုရင် ခုဆီစျေးနဲ့ ၄ သိန်းကျော်ဖိုးလောက်ထည့်ရတယ်။ဆီဆိုင်က ဒီမှာ ခုနှစ်ဆိုင် ၊ ရှစ်ဆိုင်လောက်ပဲရှိတာ။ တချို့ဆီဆိုင်တွေက မပေးတဲ့ဆိုင်မပေးဘူး ။ ကုန်ကားသမားက ဆီမရရင် မထွက်နိုင်ဘူး ။ ဥပမာဗျာ နဂို ကုန်ကား ၁၀ စီးထွက်နိုင်ရင် အခုက နှစ်စီးလောက်ပဲထွက်နိုင်တယ်။ အခုကပဲတွေ ပွဲရုံမှာအကုန်ပုံနေတာပေါ့။ အဓိကတော့ အောက်ခြေလူတန်းစား နဲ့ ပြည်သူတွေပဲ ခံရမှာပေါ့ ။ ကုန်သည်နဲ့ ပွဲစားက ပဲဝယ်ရင် တန်ဆာခတွေပါနူတ်ပြီး ကိုယ့်အတွက်ချန်ဝယ်မှာပဲလေ။ အခုကကြာရင် ကုန်စည်စီးဆင်းမှု ပြတ်သွားနိုင်တယ်” လို့ ဧရာဝတီတိုင်းက ပဲကုန်သည်တယောက်ကပြောပါတယ်။
ဒါကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ကားတွေကို ဆီခွဲတမ်းချရောင်းချပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
” ကျွန်တော်တို့ ဖြစ်စေချင်တာက ဆီတဂါလံကို ၃၀၀၀၀ဖြစ်ဖြစ် ၄၀၀၀၀ ဖြစ်ဖြစ် ဖြစ်ချင်တာဖြစ် ။.ကားတွေကို ဆီအပြည့်ဖြည့်ပေး။အဲဒါကိုမှ ကိုက်ညီတဲ့စျေးကို ကျွန်တော်တို့ ရန်ကုန်ကိုခေါ်မယ်။ အဲဒါဆို အရောင်းအဝယ်ကတော့ ရပ်မသွားဘူး ။ စျေးကတော့ ၅၀၀၀၀ တန်တဲ့ပစ္စည်းက ၄၅၀၀၀ ဖြစ်ရင်ဖြစ်မယ်၊ ၄၆၀၀၀ ဖြစ်ရင်ဖြစ်မယ်ပေါ့ ။ ” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ဒီဇယ်တလီတာကို စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထုတ်ပြန်တဲ့ လက်လီစျေးက ရန်ကုန်မှာ ပရီမီယံ ဒီဇယ် ၄၈၂၀ ၊ရိုးရိုးဒီဇယ်က ၄၃၉၀ ၊မန္တလေးမှာ ပရီမီယံ ဒီဇယ် ၄၉၃၅ ၊ရိုးရိုးဒီဇယ်က ၄၅၀၀ ကျပ်နဲ့ နေပြည်တော်မှာက ပရီမီယံ ဒီဇယ် ၄၉၀၀ ၊ရိုးရိုးဒီဇယ်က ၄၄၇၀ ကျပ်သာရှိပါတယ်။
ဒါပေမယ့် ပြင်ပပေါက်စျေးကတော့ ဒီဇယ်တလီတာကို ၈၀၀၀ ကျပ်ကနေ ၁၁၀၀၀ ကျပ်လောက်အထိ စျေးပေးဝယ်ယူနေရတာကြောင့် တွက်ချေမကိုက်တဲ့အပြင် လိုအပ်သလောက်ပမာကိုလည်း ဝယ်ယူလို့မရတဲ့အတွက် ကုန်တင်ကားတချို့က ပြေးဆွဲမှုကို ရပ်နားလာကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
” စက်သုံးဆီက လိုသလောက်ဝယ်မရဘူး ။ တဆိုင်မှ ၃၀၀၀၀ ဖိုး ၊ ၅၀၀၀၀ ဖိုးရတာ ။ ဆိုင်တွေပတ်ထည့်ပြီး ရန်ကုန်တက်တော့ အပြန်ကျ တခါဆီရှာရပြန်ရော ။ စျေးတက်တာကို မကြောက်ဘူး ။ ဆီဝယ်မရတာက ဒုက္ခရောက်နေတာ ။ ကုန်စိမ်းတွေ ဆိုတော့ တရက်ကနှစ်ရက်အထားမခံဘူး ။အခုကရာသီဥတုပြင်းတော့ ပိုဆိုးတယ်။ ဆီမရတော့ ကုန်ကားတွေက ရပ်ထားတယ် မလိုက်ကြဘူး ။ကားမရှိတော့ ထိုက်သလောက်မတင်ပို့နိုင်ဘူး ။နောက်ဆုံး ပြည်သူပဲထိမယ်။ သီးနှံတွေမတင်ပို့ရတော့ စျေးကျမယ်။တောင်သူတွေ ထိမယ်။ နောက်ဆီစျေးတက်တော့ သယ်ယူပို့ဆောင်ရေးစရိတ်တက်မယ်။ စားသုံးသူထိမယ်။ ကုန်သည်နဲ့ ပွဲစားက အရှုံးမခံဘူး ။ ” လို့ ရှမ်းတောင် ကုန်သည်တယောက်က ပြောပါတယ်။
စက်သုံးဆီ စျေးမြင့်တက်လာတဲ့ အခြေအနေတွေကြောင့်လည်း လက်ရှိမှာ မတ်ပဲ ပိဿာ ၃၀ တအိတ်ကို သယ်ယူပို့ဆောင်ရေးစရိတ်အနေနဲ့ အရင်က ၁၇၅၀ ကျပ်သာရှိရာကနေ လက်ရှိမှာ ၃၅၀၀ ကျပ်ရှိလာတယ်လို့ သိရပါတယ်။
အလားတူ ကုန်စိမ်းသီးနှံတွေ နဲ့ အခြားလယ်ယာထွက်ကုန်သီးနှံတချို့ရဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကလည်း တပိဿာကို ၆၀၀ မှ ၇၀၀ ကျပ်ဝန်းကျင် ရှိလာတယ်လို့သိရပါတယ်။
ဓာတ်ပုံ – SSTC
