စစ်ကိုင်းတိုင်း မြောင်မြို့နဲ့ အရာတော်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု​ကြောင့် ၁၀ ယောက်ထက်မနည်း သေဆုံး

မတ် ၂၃ – ၂၀၂၆
SN (VOM)
စစ်ကိုင်းအတွင်းက မြောင်မြို့နဲ့ အရာတော်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ၁၀ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ် ၂၃ ရက်၊ နေ့လယ် ၁၂ ကျော်ဝန်းကျင်က မြောင်မြို့နယ် အနောက်ဘက်ခြမ်းရှိ သောင်ကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ငါးယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်တာပါ။ အိမ်တွေ မီးလောင်နေတာ ခုထိ မငြိမ်းသေးပါဘူး။ အဲဒီတော့ အိမ်ခြေဘယ်လောက် ပျက်စီးနိုင်တယ်ဆိုတာ ခုချိန်မှာ ပြောလို့မရသေးပါး။ သေဆုံးကတော့ လောလောဆယ် သိရသလောက်က ပွဲချင်းပြီး လေးယောက်၊ ဆေးရုံသွားရင်း လမ်းမှာ ဆုံးတာက တယောက်ပါ။ မီးကလည်း လောင်နေတုန်း၊ အခြေအနေကလည်း မငြိမ်သေးတော့ သေဆုံး၊ ဒဏ်ရာရ စာရင်းက လောလောဆယ် အတိအကျ မသိရသေးဘူး။ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနိုင်သေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
သောင်ကြီး‌ကျေးရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်တယ်လို့ သိရပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကျွဲ၊ နွား အပါအဝင် အိမ်မွေး တိရစ္ဆာန် သေဆုံးတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ စစ်ကိုင်းတိုင်းအတွင်းက အရာတော်မြို့နယ်၊ မင်းရွာမှာလည်း မနေ့ မတ် ၂၂ ရက်၊ ည ၉ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တာမှာ ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဉ်မှာတော့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာဟာ မန္တလေးတိုင်းအခြေစိုက် ပကဖစခန်းတခု ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကလည်း သောင်ကြီးရွာနဲ့ ကပ်လျက်ရှိတဲ့ နဘက်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW