ပဲခူးမြို့နယ်မှာ စက်သုံးဆီစာအုပ်နဲ့သာ ဆီဝယ်ယူနိုင်မယ့် အစီအစဥ်စတင်

မတ် ၂၃ ၊ ၂၀၂၆
ပဲခူးတိုင်း ၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီထုတ်ယူခွင့် စာအုပ်နဲ့သာ ဆီဝယ်ယူခွင့်ပြုမယ့်အစီအစဥ်ကို စတင် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ် ။
စက်သုံးဆီ ထုတ်ယူခွင့် စာအုပ်ပြုလုပ်ဖို့အတွက် ယာဉ်လိုင်စင်မိတ္တူ ၊ ယာဉ်အမျိုးအစား ၊ ယာဉ်ပိုင်ရှင်အမည် (မှတ်ပုံတင်မိတ္တူ) ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးရဲ့ ရပ်ကွက်မှာ နေထိုင်ကြောင်းနဲ့ ပိုင်ရှင်ဖြစ်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် ပြုလုပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းပေးသွင်းရတယ်လို့ သိရပါတယ်။
အဲဒီလို အုပ်ချုပ်ရေးရုံးမှာ စာရင်းပေးသွင်းတဲ့အခါ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ရရှိဖို့အတွက် စာရွက်စာတမ်းကြေးအဖြစ် ၁၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ အုပ်ချုပ်ရေးမှူးကို ပေးဆောင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ရပ်ကွက်တိုင်းတော့မတူဘူး ။ တချို့ရပ်ကွက် စာရွက်စာတမ်းဖို့ ၁၀၀၀ ပေးရတယ်။ တချို့နေရာကျတော့ ဆိုင်ကယ်ဆိုရင် ၅၀၀၀ ၊ ကားဆိုရင် ၁၀၀၀၀ ပေးရတယ်သိရတယ် ။ကျန်တဲ့နေရာတော​့ မသိဘူး ။ကျွန်တော်တို့ဘက်က ၁၀၀၀ ပေးရတယ်။ အဲဒီအတွက်သူတို့ကလည်း ရှင်းပြပါတယ်။ မနေ့ကတည်းက အပြီးလုပ်ရမယ်ဆိုပြီး လော်နဲ့ လိုက်အော်လို့ အမြန်သွားလုပ်လိုက်ရတယ်။ မှတ်ပုံတင်နဲ့ ပေးရတယ်။ မိတ္တူဆိုင်တွေလည်း လူအပြည့် ၊ ရပ်ကွက်ရုံးလည်း လူအပြည့်ပဲ လုပ်ရတယ်။စာအုပ်ကတော့ မရသေးဘူး ။ ဘယ်လောက်ကြာမယ် မသိသေးဘူး။ ” လို့ ဒေသခံက ပြောပါတယ်။
ပဲခူးမြို့ အပါအဝင် ဘုရားကြီးမြို့ ၊အင်းတကော်မြို့တွေမှာလည်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် ပြုလုပ်ကြရတာဖြစ်ပြီး မနေ့က မတ် ၂၂ ရက်နေ့မှာပဲ အပြီးသတ် အုပ်ချုပ်ရေးရုံးတွေကို စာရင်းပေးသွင်းခဲ့ရတာဖြစ် တယ်လို့ သိရပါတယ် ။
” မနေ့က မြို့ထဲမှာ မိတ္တူဆိုင်တွေမှာ လူတွေ တန်းစီကြလို့ အများကြီးပဲ။ စာရင်းပေးဖို့ မိတ္တူတွေဆွဲကြရတယ်။ ဆိုင်ကယ်လိုင်စင်တွေ ပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးရုံးကို တင်ရတယ်။ အဲဒီကမှ မြို့နယ်ကိုတင်မှာလို့ ပြောတယ် ။ အင်းတကော်နဲ့ ဘုရားကြီးကလည်း ပဲခူးမြို့နယ်ထဲပါတယ်ဆိုတော့ သူတို့တွေလည်း လုပ်ရတယ်။ ” လို့ ပဲခူးဒေသခံက ပြောပါတယ်။
ကျေးရွာဘက်တွေမှာတော့ ယာဥ်ပိုင်ရှင်ဖြစ်ကြောင်း Wheel Tex နဲ့ အိမ်ထောင်စုဇယား ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ စာရင်းသွင်းရတာ ဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် ပြုလုပ်ဖို့ အထောက်အထားတွေနဲ့တကွ စာရင်းပေးသွင်းရပေမယ့် စာအုပ်ရရှိမယ့် အချိန်ကိုတော့ အတိကျမသိရှိရသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – လမင်းမောင် – ပုံစာ ပဲခူးကမိတ္တူဆိုင်​တွေမှာစည်ကား​နေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW